Beta


 

Home / Contact us / Site Map
Create my Yangonmedia Account or Login

 

Home » Most Popular Articles » လိုရာကိုဆွဲပြောရဲတဲ့လူ - ထက်ကျော်

 

Make Yangon Media Your Home page

Local news
လာမည့်နှစ်မိုးရာတွင် ရေလျှံမှုမရှိစေရန် အင်းလျားကန်ကြီး ပြန်ဆယ်မည်

World & Asia
ပါကစ္စတန်တွင်အရေးပေါ်အခြေအနေထုတ် ပြန်

Entertainment
အနက်ရှိုင်းဆုံး တစ်နေရာ

Life Style
ကိုရီးယားရုပ်ရှင်သရုပ်ဆောင် ဟာဂျီ ၀မ်အား

Health
ကင်ဆာရောဂါကုသရန် အလားအလာ ကောင်းသော ကုထုံးသစ်တွေ့ရ

Culture & Society

Politics & OP/View
ဒေါ် အောင်ဆန်းစုကြည်က တရားဝင်ပြော ကြား

Perspective

လိုရာကိုဆွဲပြောရဲတဲ့လူ - ထက်ကျော်

ရေကူးညာတင်၊ ကောက်ပင်ရိတ်လှီး၊ ရေစီးဘောင်ဆန်၊ အိုးတန်ဆန်ခတ်၊ ဆီပွတ် ကျည်ပွေ့၊ ဆင်ဝှေ့ရန်ရှောင်၊ တောင်သူယာခုတ်၊ ကြက်ဆုတ်ခွပ်ဖြစ်၊ ရေစစ်ကရား၊ ခက်တင် မောင်းနှင်းဆိုတဲ့ စကားကြီး ဆယ်ခွန်းဟာ မြန်မာတွေရဲ့ စကားပရိယာယ်ကြွယ်ဝမှုကို ဖော်ပြ နေတဲ့ သာဓကပဲဖြစ်ပါလိမ့်မယ်၊ ‘စကား’ဆိုတဲ့ အဓိပ္ပာယ်ဟာ ကျယ်ဝန်းနက်နဲများပြားလှပေ မယ့် “လူသားအားလုံး သို့မဟုတ် လူမျိုးတစ်မျိုး၏ အစိတ်အပိုင်းတစ်ရပ် ပြောဆိုသုံးစွဲသော အနက်ရှိ နှုတ်မြွက်သံအပေါင်း”ဆိုတဲ့ ဖွင့်ဆိုချက်ဟာ အနီးစပ်ဆုံးနဲ့အကျယ်ဝန်းဆုံး ဖြစ်ပါလိမ့် မယ်။ စကားကို ၀ိဝါဒချဲ့ထားတဲ့ ‘စကားကြော’၊ ‘စကားကျွံ’၊ ‘စကားထည့်’၊ ‘စကားချီး’ စသည် ဖြင့် အမျိုးပေါင်း ရှစ်ဆယ်ကျော်ကို မြန်မာစာအဖွဲ့ကပြုစုတဲ့ မြန်မာအဘိဓာန် အကျဉ်းချုပ်မှာ တွေ့နိုင်ရဲ့။ ဒီဆောင်းပါးမှာတော့ စကားပရိယာယ် ကြွယ်ဝလွန်းတဲ့သူတွေရဲ့အကြောင်းကို တင်ပြထားပါတယ်။ စကားကို လိုရာဆွဲပြောရဲတဲ့ အကြောင်းတွေကို တင်ပြချင်တာပါ။

အမတ်ကြီးဦးပေါ်ဦးဆိုတာ အများသိပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ စကားကတ်၊ စကားကော်၊ စကားထည့်၊ စကားထွက်တွေကို ကောင်းကောင်းကျွမ်းတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ အမရပူရ နန်းတည် ဘိုးတော်မင်းတရား လက်ထက်ကစပြီး မင်းသုံးဆက်တိုင်တိုင် အမှုတော်ထမ်းလာခဲ့တဲ့ အမတ်ကြီးတစ်ပါးပါ။ ဥာဏ်ပါရမီပြည့်စုံပြီး တင်္ခဏုပ္ပတ္တိဥာဏ်ထက်မြက်ရုံမက စကားပရိ ယာယ် ကြွယ်ဝသူလည်းဖြစ်ပါတယ်။ ဒါကြောင့် မင်းကို ရွှင်ပြုံးအောင် ဇ၀နဥာဏ်နဲ့ ပြောဆိုတတ်ရုံမက ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်အရှင်သခင်ရဲ့ အခက်အခဲတွေ ကြုံလာရင် မှန်ကန်ရဲရင့်စွာနဲ့ ပြောဆို လျှောက်ထားလုပ်ကိုင်တတ်ပါတယ်။ အမတ်ကြီးဦးပေါ်ဦးဟာ တချို့ကိစ္စတွေမှာ “ဆီပွတ်ကျည်ပွေ့” လိုစကားကို ကိုယ်လိုရာ ဆွဲပြောရဲခဲ့တာ တွေကိုလည်း တွေ့ရမှာ ဖြစ်ပါ တယ်။

တစ်ခါက ဘိုးတော်မင်းတရားကြီးဟာ လေနာထတဲ့ရောဂါ ရတော်မူပါတယ်။ ဆေး ကြောက်တဲ့ ဘုရင်ဟာ ပူ-ငန်-စပ်-ခါးအရသာရှိတဲ့ ဆေးမျိုးတွေကို မမှီဝဲပဲ ထောပတ်ကိုစားရုံနဲ့ ဝေဒနာပျောက်ချင်ပါတယ်။ ဒါကြောင့် ဦးပေါ်ဦးကိုခေါ်ပြီး “ပေါ်ဦးရေ-ငါကိုယ်တော်မြတ် လေနာ ဝေဒနာအတွက် ထောပတ်ကို ပွဲတော်တည်လျှင် သင့်ပါမလားကွယ်”လို့ မေးတဲ့အခါ “ထောပတ်လဲ သင့်ပါ၏။ ပျားရည်လဲ သင့်ပါ၏ ဘုရား”လို့ လျှောက်သတဲ့။ ဒါနဲ့ ဘုရင်က ထပ်ပြီး “တင်လဲကိုနွှေးပြီး နှမ်းဆီခပ်သောက်ရင်ကော သင့်ပါ့မလား.. ပေါ်ဦးရဲ့”လို့ မေးပြန်တဲ့ အခါ “ဆီဦး-တင်လဲသင့်ပါ၏။ ပျားရည်လဲ သင့်ပါ၏ ဘုရား”လို့ လျှောက်တင်ပြန်သတဲ့။ ဘုရင်ကို သူသောက်စေချင်တဲ့ ပျားရည် ပါသွားလေအောင် လိုရာကိုဆွဲလျှောက်ရဲတဲ့ ဦးပေါ်ဦးပဲဖြစ် ပါတယ်။ “ဟဲ့-ပေါ်ဦးရဲ့ နင်-လျှောက်တင်နေတဲ့ ပျားရည်နဲ့ ငါပြောတဲ့ ထောပတ်-တင်လဲ-ဆီဦး တို့မှာ ဘယ်ဟာက ပိုကောင်းမလဲကွဲ့”လို့ မေးမြန်းတဲ့အခါ ဦးပေါ်ဦးဟာ ရှင်ဘုရင်ကို သူစား စေချင်တဲ့ ပျားရည်လဲပါ၊ ဘုရင့်ဆန္ဒဖြစ်တဲ့ အခြားအရာတွေလဲ ပါသွားရလေအောင် “အရှင်မင်း ကြီးမိန့်တဲ့ ထောပတ်-တင်လဲ-ဆီဦးတို့နဲ့ ပျားရည်ကို စတုမဓူအညီအမျှကျိုချက်ပြီး ပွဲတော်တည်ရင် အသင့်မြတ်ဆုံးပါပဲဘုရား”လို့ လျှောက်တင်တဲ့ အတွက် ရှင်ဘုရင်ခမျာ သူပြောသလို စတုမဓူကိုပဲ ကျိုချက်မှီဝဲလိုက်ရတယ်လို့ ဖတ်ရှုလေ့လာဖူးပါတယ်။ ကိုယ့်စကားကိုယ် အောင်မြင်အောင် လိုရာဆွဲပြီး ပြောရဲတဲ့သူအဖြစ် အမတ်ကြီး ဦးပေါ်ဦးကို ပထမဆုံး တင်ပြပါရစေ။

နောက်တစ်ဦးကတော့ ‘ဟင်နရီကစ်ဆင်ဂျာ’ ပဲ ဖြစ်ပါတယ်။ စစ်အေးကာလ ၁၉၇၂-၇၃ လောက်ကပါ။ အမေရိကန်နဲ့ ဆိုဗီယက်တို့ဟာ အရှေ့အလယ်ပိုင်းကိစ္စအတွက် ထိပ်တိုက် ရင်ဆိုင်ရတော့မလို ဖြစ်နေစဉ်ကပဲ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ အထူးသံတမန် ဟင်နရီ ကစ်ဆင်ဂျာဟာ ၀ါရှင်တန်နဲ့ မော်စကို၊ ကိုင်ရိုနဲ့ ဒမတ်စကတ်၊ အစ္စရေးနဲ့ အာရပ်ကမ္ဘာကြား လွန်းပြန်ခရီးသွားပြီး ပဋိပက္ခတွေပြေလျော့ဖို့ ကြိုးစားနေရပါတယ်။ အင်မတန် နက်နဲရှုပ်ထွေးတဲ့ ပြဿနာတွေကို ပြေးလွှားဖြေရှင်းပြီး တစ်ဖက်နဲ့တစ်ဖက် ရင်ကြားစေ့ပေးနေသူ ဖြစ်လေတော့ သူ့ကို နိုင်ငံရေးလောကသာမက သတင်းလောကကပါ စိတ်ဝင်စားကြပါတယ်။

 တစ်ရက်မှာတော့ ‘ကစ်ဆင်ဂျာ’ တစ်ယောက် အီရန်နိုင်ငံ၊ တီဟီရန်မြို့က ညကလပ်တစ်ခုမှာ ရောက်နေတယ်ဆိုတဲ့သတင်းကို သတင်းထောက်တွေက အနံ့ရသွားပါတယ်။ ဒါနဲ့တစ်ပြုံကြီး လိုက်သွားကြတဲ့အခါ ‘ကစ်ဆင်ဂျာ’ကို တကယ်ပဲ အဲဒီညကလပ်မှာ တွေ့ရတာပါပဲ။ ဗိုက်လှုပ်ကချေသည်တစ်ဦးကို ပေါင်ပေါ်မှာတင်ထားတဲ့ အနေအထားနဲ့ပါ။ အကင်းပါးတဲ့ ကစ်ဆင်ဂျာဟာ သတင်းထောက်တွေ ဘာမှမမေးရခင်မှာ “ကျွန်တော်တို့တစ်တွေ ရုရှားကို သွား-သွားပြီး တင်းမာရေးတွေလျော့ပါးဖို့ ကြိုးစားနေရတာဟာ ဟော- ဒီလို ကလေးမလေး တွေအတွက် လုံခြုံဘေးကင်းတဲ့ ကမ္ဘာကြီးဖြစ်လာအောင် ထိန်းသိမ်းနေရတာပါ”လို့ ရှင်းပြ သတဲ့။ စကားကြီးဆယ်ခွန်းထဲက “ဆင်ဝှေ့ရန်ရှောင်” သဘောမျိုး ပြောသွားတာလို့ ထင်ပါ တယ်။ အင်မတန် စကားတတ်တဲ့ ကစ်ဆင်ဂျာပါ။ သူ့ကိုလည်း “လိုရာကို ဆွဲပြောရဲတဲ့ ပုဂ္ဂိုလ်” အဖြစ် စာမတင်ထိုက်ပေဘူးလား...။

 သူလိုလူမျိုး နောက်တစ်ဦးလည်း ရှိပါသေးတယ်။ တရုတ်ပြည်က မော်စီတုံးပဲဖြစ်ပါ တယ်။ အဲဒီအချိန်က အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ လုပ်ကြံသတ်ဖြတ်ခံရပြီးချိန် အမေရိကန်သမ္မတကတော် ဂျက်ကလင်းကလည်း “ဂျက်ကလင်းကနေဒီ” ဘ၀ကနေပြီး “ဂျက် ကလင်း အိုနာစစ်”ဖြစ်သွားချိန် တစ်ကမ္ဘာလုံးကလည်း အဲဒီကိစ္စကို စိတ်ဝင်စားနေကြတဲ့ အချိန်၊ နိုင်ငံအများစုဟာ အဲဒီသတင်းနဲ့အတူ အရှေ့နဲ့အနောက်ရဲ့ ပြောင်းသွားနိုင်တဲ့ စစ်ရေး ချိန်ခွင်လျှာ အခြေအနေကို စိုးရိမ်တကြီး အကဲခတ်နေကြတဲ့အချိန်ပဲ ဆိုပါတော့။

 တစ်ရက်တော့ ဥက္ကဋ္ဌကြီးမော်စီတုံးကို ‘ဗျူး’ခွင့်ရတဲ့ သတင်းစာဆရာ တစ်ဦးက မေး သတဲ့။ “ဥက္ကဋ္ဌကြီးခင်ဗျား- တကယ်လို့သာ အမေရိကန်သမ္မတ လုပ်ကြံမခံရဘဲ ဆိုဗီယက် ခေါင်းဆောင်ကြီး ကရူးရှော့သာ လုပ်ကြံခံခဲ့ရရင် အခြေအနေတွေဟာ ဘာတွေဖြစ်သွားနိုင်သလဲတဲ့..” တဲ့လေ။ ဒီတော့ မော်စီတုံးက သတင်းထောက်တွေဘက်လှည့်ပြီး ပြုံးပြုံးကြီး ဒီလိုပြောလိုက်သတဲ့.. “အသေချာဆုံးကတော့ အိုနာစစ်ဟာ ကရူးရှော့ရဲ့မိန်းမကို မယူတာပဲဗျ” တဲ့လေ။ သတင်းထောက်ရဲ့ စိုးရိမ်ထိတ်လန့်မှုနဲ့မေးတဲ့ အမေးရဲ့နောက်က ကမ္ဘာကြီးရဲ့ အရေးကြီးတဲ့ အခြေအနေတွေကို ပေါ့ပေါ့တန်တန် သဘောထားသလိုနဲ့ ဖြေသွားတာပါ။
 စကားကို သွယ်ဝိုက်တုံ့ပြန်ပြီး ရယ်စရာ လုပ်ပစ်လိုက်တဲ့ သဘောမျိုးပဲဖြစ်ပါတယ်။ တစ်ဖက်လူရဲ့ အလေးအနက်ထားမေးလိုက်တဲ့ မေးခွန်းကို အလေးမထားဟန်နဲ့ ကိုယ်လိုရာ ဆွဲဖြေလိုက်တဲ့သဘောပါ။ စကားကြီးဆယ်ခွန်းထဲက ဘယ်စကားဖြစ်မယ်ဆိုတာ ကိုယ်တိုင် သာ တွေးကြည့်ပါတော့။ ဒါကြောင့် သူဟာလည်း လိုရာကိုဆွဲပြောရဲတဲ့သူတွေထဲက တစ်ဦး အပါအ၀င် ဆိုရင် မှားမှာမဟုတ်ပါဘူး။
စကားကို ကိုယ်လိုရာဆွဲပြီး ပြောရဲတဲ့သူတွေဟာ စကားအရာမှာ အရည်အချင်းရှိတဲ့ သူတွေလို့ မြင်ပါတယ်။ စကားပရိယာယ် ကြွယ်သူတွေလို့ မြင်ပါတယ်။

 ဘုရားအလောင်းမဟုတ်ပေမယ့် ကျွဲကျောင်းသားမေးသမျှ ဖြေကြားနိုင်တဲ့သူတွေပါ။ ဥပမာပါ- “ဒီနှစ် ရွာက စီးပွားရေးဘယ်လိုလဲ”လို့ မေးသူက မေးလိုက်တယ်ဆိုပါတော့၊ “မုဆိုးမ ဒေါ်ချောတောင် ရဟန်းခံရှင်ပြုလုပ်နေတာသာကြည့်”လို့ ဖြေခဲ့ရင် အခြေအနေ ကောင်းနေပြီ ဆိုတာ ခန့်မှန်းနိုင်ပါပြီ၊ ဒါမှမဟုတ် “တမာပင်တွေတောင် ငုံးတိုတိုဖြစ်နေပြီ”လို့ ကြားကောင်း ကြားရနိုင်ပါတယ်။ ဒါဆိုရင် မိုးခေါင်- အလုပ်မဖြစ်၊ သီးနှံမရ၊ ကျွဲနွားကျွေးဖို့မရှိလို့ နွားစာကိုတောင် တမာပင်က တမာရွက်တွေ ခုတ်ကျွေးနေကြရတယ်။ ဒါကြောင့် “တမာပင်တွေတောင် ငုံးတိုတိုဖြစ်နေပြီ”လို့ ရွာမှာ စီးပွားရေး မကောင်းတဲ့အကြောင်း သွယ်ဝိုက်ပြောတတ်တာမျိုး တွေလည်း ရှိတတ်ရဲ့။ ဘာပဲဖြစ်ဖြစ် ဒါတွေဟာ စကားကြွယ်တဲ့သဘောမို့ နှစ်ခြိုက်စရာ ကောင်းလှပါတယ်။

 တချို့က စကားတောင်စားလို စကားကြွယ်တတ်သလို ချီပါသား၊ ပခန်းသားလို စကား တတ်သူလည်း ရှိရဲ့။ စကားကို ကပ်ပြောတတ်တဲ့ “လှတောသား”နဲ့ “နတ်ကန်ဦးသား”လို လူတွေကလည်း အများအပြားပါ။ ဘာပဲဖြစ်ဖြစ် အားလုံးဟာ စကားအရာမှာ အများတကာနဲ့ မတူတဲ့သူတွေဆိုတာကိုတော့ အသိအမှတ်ပြုရပါလိမ့်မယ်။ တိုင်းပြည်တစ်ပြည်မှာ စကားပရိ ယာယ် ကြွယ်သူတွေ ပေါများတာဟာ ကောင်းတယ်လို့မြင်ပါတယ်။ သူတို့ဟာ တိုင်းပြည်ရဲ့ ရတနာဆိုရင် မမှားပါဘူး။

 ရတနာဆိုတာ သွေးတတ်သူတွေရဲ့ လက်ထဲမှာ တန်ဖိုးမြင့်သွားတတ်တာဟာ ဓမ္မတာ ပါ။

 

 

Source: Flower News Journal
Category: Most Popular Articles
Action:  Printable Version  |  Mail This  |    Add favorite

 

 
     

About Yangon Media  • Contact Us  • Privacy  • Advertisement with us  • Help  • Site Map
Copyright © Yangon Media 2007.

yangonmedia.com

Total Hits:

Powered By: CREATIVE Web Studio