|
ဦးထုပ်အဖြူ ပျောက်ဆုံးခြင်း - ကိုကို(စက်မှုတက္ကသိုလ်)
တစ်ရက်က ပုံမှန်ရိုက်ကူးပေးနေရသော ဆန်းဒေးတော့ခ်အစီအစဉ်အတွက်
ဘာတွေ ပြောကြရင် ကောင်းမလဲဟု ဆွေးနွေးဖက် ဆရာမျိုးက ဖုန်းဖြင့်
လှမ်းမေးသည်။ ကျွန်တော်က အတွေးသစ်ဂျာနယ်ထဲတွင် ဖတ်ခဲ့ရသော
ဖြန့်ကြက်တွေးတောခြင်းဆိုင်ရာ ဆောင်းပါးတစ်ပုဒ်
ဖတ်ပြီးခါစဖြစ်နေရာ ယင်းနှင့်ပတ်သက်ပြီး ပြောကြရအောင်ဟုသာ
ပြန်ဖြေလိုက်ပါသည်။ ထို အချိန်အထိ ပြောချင်သည့်အကြောင်းအရာ
အတိအကျက ကျွန်တော့်ခေါင်းထဲရှိမနေခဲ့။ ကျွန် တော့်အတွေးတွေ
ဖြန့်ကြက်နေတာများနေပြီလားဟုပင် ကိုယ့်ကိုယ်ကို တွေးမိပြီး
ပြုံးရသည်။
အတွေးဆိုသည်ကိုက ထင်ရာတွေး၊ မြင်ရာတွေး၊ စိတ်လွှတ်လျှင်
လွှတ်သလို တွေး တတ်သည့်သဘာဝ ရှိသည်။ ကိုယ်လိုရာ
ဆွဲတွေးသည်ဟူသည့် စကားတောင်ရှိသည်။ သို့ သော်
သစ်လွင်ဆန်းသစ်သော စိတ်ကူးအကြံသစ်တွေရဖို့က ကိုယ်လိုရာ
တွေးနေလို့မရ။ သူ့ မှာ တွေးနည်းရှိသည်။ စနစ်ကျသော
အဆင့်ဆင့်ရှိသည်။ ယင်းကို စာရေးဆရာလည်းဖြစ်၊
ဖြန့်ကြက်တွေးတောခြင်းဆိုင်ရာ ဂုရုကြီးလည်းဖြစ်သော
အက်ဒ်ဝပ်ဒီဘိုနိုးက အတွေးဦးထုပ် ခြောက်လုံးအဖြစ် ရေးခဲ့ရာ
လှုပ်သွားသည်။ အဲဒီဦးထုပ်တွေအကြောင်း ပြောကြဖို့ ကျွန်တော်
အကြံရသွားသည်။
ဦးထုပ်ခြောက်လုံးက အရောင်ခြောက်လုံးရှိသည်။ တစ်လုံးစီက
တစ်ခုစီကို ကိုယ်စား ပြုသည်။ ဦးထုပ်အဖြူက အချက်အလက်၊ အနီက
ခံစားမှု၊ အနက်က အားနည်းချက်၊ ချို့ယွင်း ချက်များ၊ အ၀ါက
အားသာချက်များ၊ အစိမ်းက ဖန်တီးတီထွင်မှုနှင့်
နောက်ဆုံးအပြာရောင်က လုပ်ငန်းစဉ်ထိန်းချုပ်ခြင်း ဟူသည်။
မည်သည့်ကိစ္စမဆို ထိုအရောင်ခြောက်မျိုးဖြင့် အဆင့်ဆင့်
တွေးယူရခြင်းဖြစ်သည်။
ကျွန်တော်က ထိုဦးထုပ်တွေ အများကြီးထဲတွင်
ဦးထုပ်အဖြူနှင့်အနက်ကို စိတ်ဝင်စား သည်။ အဖြူက
အချက်အလက်များကို စုဆောင်းခြင်း၊ အနက်က
အားနည်းချက်များရှာခြင်း ဖြစ်သည်။ နှစ်ခုစလုံးက
အရေးအတော်ကြီးသည့်အချက်တွေဟု ကျွန်တော်မြင်နေသည်။ ထို့ ကြောင့်
ထိုဦးထုပ်နှစ်လုံးအကြောင်း အလေးပေးပြောဆိုဆွေးနွေးမိသည်။
ပြောဆိုဆွေးနွေးပြီးကာမှ ရုံးရောက်သည့်အခါ
ကိုယ့်ကိုယ်ကိုပြန်မေးမိသည်။ ကျွန် တော် ကိုယ်တိုင်ကရော
ဦးထုပ်အဖြူကို ဘယ်နှခါများ ပြည့်ပြည့်စုံစုံ သပ်သပ်ရပ်ရပ်
ဆောင်း ဖူးပါသလဲဟူသော မေးခွန်းဖြစ်ပါသည်။ ဟင့်အင်းဟု
အမှန်အတိုင်းမဖြေချင်တော့၊ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းကာ
တစ်ခါတစ်ခါတော့ မဆောင်းဖြစ်ဘူးဗျာဟုသာ ကိုယ့်ကိုယ်ကို ပြန်မေး
ပြန်ဖြေလုပ်မိလိုက်ပါသည်။
ငယ်ငယ်တုန်းက အဖေ့ဆီမှာ သတင်းစာပညာသင်သည့်အခါ သတင်းထောက်ကြီး
အဖေက ကျွန်တော့်ကို သတင်းတစ်ပုဒ်လိုက်ခိုင်းသည်။ ပြီးတော့
မှတ်သားခဲ့သမျှတွေကို ပြန် ပြောရသည်။
ကျွန်တော်ပြန်ပြောသမျှတွေမှာ ဟိုအချက်ကျန် သည်အချက်ကျန်နှင့်
အဖေ့ အဆူကို အတော်ခံလိုက်ရသည်။ ‘ဘ’ခြောက်လုံးကျေမှ
သတင်းထောက်ဖြစ်မှာကွ ဟူသော အဖေ့စကားကို ယခုတိုင်သတိရနေပါသည်။
မည်သူပင်ဖြစ်စေ၊ မည်သည့်အဖွဲ့အစည်းပင်ဖြစ်စေ
ဆုံးဖြတ်ချက်များကို ရှောင်လွှဲမရ ပါ။ ဆုံးဖြတ်ချက်မှန်လျှင်
တိုးတက်ပြီး ဆုံးဖြတ်ချက်မှားလျှင် ဆုတ်ယုတ်မည်မှာလည်း
ဓမ္မတာပင် ဖြစ်သည်။ မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရေးတွင်
အချက်အလက်ပြည့်စုံမှန်ကန်ရေးက အရေးပါလာပါသည်။ ဦးထုပ်အဖြူကို
ကျကျနန ဆောင်းတတ်ဖို့ လိုလာသည်ဟု ထင်သည်။
ဆုံးဖြတ်ချက် မှားကြသည့် အခြေအနေ တော်တော်များများမှာ အချက်အလက်များ
မှားယွင်းခြင်းနှင့် မပြည့်စုံခြင်းတို့ကြောင့် ဖြစ်နေတတ်သည်။
တချို့အခြေအနေများတွင် မှား ယွင်းစွာ ဆုံးဖြတ်စေရန်ကို
တမင်ရည်ရွယ်ကာ အချက်အလက်မှားများ ပေးတတ်ကြသည်ကို လည်း
သတိပြုမိကြဖို့လိုမည်ထင်လေသည်။ တစ်ဦးချင်းမှအစ၊
အဖွဲ့ကြီးကြီးငယ်ငယ် မည် သည့် နေရာတွင်မဆို
ပြည့်စုံတိကျမှန်ကန်သော အချက်အလက်များ ရရှိနိုင်မှသာ ပြဿနာ
များကို မှန်မှန်ကန်ကန် ကိုင်တွယ်ဖြေရှင်းနိုင်ကြမည်။
ပြီးခဲ့သည့် ဗဟိုချုပ်ကိုင် စီးပွားရေး စနစ်ကြီးတွင်
မပြည့်စုံသော၊ မမှန်ကန်သော ကိန်းဂဏန်းအချက်အလက်များကြောင့်
ပြဿနာ ပေါင်းစုံ ကြုံခဲ့ရသည်များကို ကျွန်တော်
မြင်ယောင်နေမိပါသေးသည်။ ကျွန်တော့်မိတ်ဆွေ တစ်ဦး
လူယုံသတ်သဖြင့် သေရသောကိန်းဆိုက်ရပုံကိုပါ ဆက်စပ်သတိရလာသည်။ သူ
အလွန်စိတ်ချရသည်ဟု ထင်ထားသူက သူ့ကို အချက်အလက်မှား၊
သတင်းမှားတွေပေးသဖြင့် သူ့စီးပွားရေးကြီးတစ်ခုလုံး
ကမောက်ကမဖြစ်ခဲ့ရသည့်အဖြစ်က ကျွန်တော့်အတွက် သင်ခန်း စာ ယူစရာ
ဖြစ်လာသည်။ သို့သော် ကျွန်တော်
သင်ခန်းစာကောင်းကောင်းယူတတ်နေပြီလား။
ခဏခဏ မေ့မေ့ပြီး ချွတ်ထားတတ်သော ဦးထုပ် အဖြူတစ်လုံးကို ပြန်ပြန်ဆောင်းလာ
တတ်အောင် ကျွန်တော် အတော်ကြီးကို ကျင့်ယူရပါဦးမည်။
|