|
ဦးထုပ်အနက် ၀ှက်ထားခြင်း - ကိုကို(စက်မှုတက္ကသိုလ်)
ပြီးခဲ့သည့်အပတ်က ဦးထုပ်အဖြူပျောက်ဆုံးခြင်းခေါင်းစဉ်ဖြင့်
အချက်အလက် မှန်ကန် ပြည့်စုံရေးအရေးကြီးပုံကို
ကျွန်တော်ရေးခဲ့သည်။ သည်တစ်ပတ်အတွက် ကိုယ့်ကိုယ်ကိုဝေဖန် စရာ
စဉ်းစားတော့ မကြာခဏ ၀ှက်ထားမိတတ်သည့် ဦးထုပ်အနက်ကို
သွားသတိရသည်။ ဦးထုပ်ခြောက်လုံးစဉ်းစားတွေးခေါ်နည်းမှာ
ဦးထုပ်အဖြူသည် အချက်အလက်ကို ကိုယ်စားပြု ကာ ဦးထုပ်အနက်သည်
ငါဘာမှားနေသလဲ(Whats wrong with this)ဟူသည့် မိမိအမှား
မိမိရှာခြင်းကို ကိုယ်စားပြုသည်ဟု ကျွန်တော် လေ့လာဖတ်ရှုဖူးသည်။
ဦးထုပ်အဖြူဆောင်းဖို့ ခဏခဏမေ့တတ်သော
ကျွန်တော်ဦးထုပ်အနက်ကိုရော ဆောင်းတတ်ပါရဲ့လားဟု ကိုယ့်
ကိုယ်ကို မေးခွန်းထုတ်မိခြင်းဖြစ်သည်။
လူတိုင်းက ချီးမွမ်းခံချင်ကြသည်။ အဝေဖန်သိပ်မခံချင်။ ထိုအထဲမှာ
ကျွန်တော်လည်း ပါပေမည်။ ဂျာနယ်လေးက ကောင်းလိုက်တာဟုပြောလျှင်
ကျွန်တော်ကျေနပ်သည်။ ကြည့်ပါ ဦးဗျာ၊ ခင်ဗျားဂျာနယ်က
ဒီသတင်းကတော့ အတော်ဆိုးရွားလိုက်တာဟုပြောလျှင် အောင့်
တောင့်တောင့် ဖြစ်သွားသည်။ ယင်းနှင့်ဆက်စပ်ပြီး
ဖန်တစ်ရာတေနေပြီဖြစ်သော ဟာသပုံပြင် တစ်ပုဒ်ကို
ဆက်စပ်သတိရလာပါသည်။ ပုံပြင်က ဒီလိုပါ။ တစ်ရက်မှာ လူ့ပြည်က
အင်မတန် မြှောက်တတ်သည့်သူတစ်ဦး ကွယ်လွန်ပြီး ယမမင်းကြီးဆီ
ရောက်သွားသည်။ ယမမင်းကြီးကို တွေ့တွေ့ချင်းမှာပင် သူက
မြှောက်တော့သည်။ ကျွန်တော်မျိုးကြီးထင်တာက ယမမင်းကြီး ဆိုတာ
အင်မတန်အရုပ်ဆိုးပြီး ကြမ်းတမ်းစက်ဆုပ်စရာကောင်းမယ်ထင်တာ။
အခုတွေ့ရတော့ ယမမင်းကြီးက ခန့်ချောကြီးဖြစ်နေပြီး
သဘောအလွန်ကောင်းနေပါလားဟုဆိုလေရာ ယမ မင်းကြီး၏
ကိုယ်ရေးအတွင်းရေးမှူးက အရှင့်ကိုပြောထားတဲ့အတိုင်း
ဒီလူမြှောက်နေပြန်ပါပြီ ဘုရားဟု သတိပေးသည်။ ယမမင်းကြီးက
ဒါတော့ မှန်တာပြောတာ ပြောပါစေကွယ်ဟု မိန့်သည်။
ယမမင်းကြီးသည် မိမိ၏ တကယ့်ရုပ်သွင်စရိုက်ကို သိသိကြီးနှင့်ပင်
တစ်ဖက်က မြှောက်ပင့်သော စကားတွေကို သာယာသွားပုံမှာ
ရယ်စရာတစ်ခုမျှဟု ကျွန်တော်ကမမြင်။ ဆင်ခြင်စရာ၊
သင်ခန်းစာယူစရာဟု ဆန့်ထုတ်တွေးမိလိုက်သည်။ အောင်မြင်သော အဖွဲ့
အစည်းများကို တည်ထောင်ကြရာတွင် လိုအပ်သော
အချက်အလက်များစွာထဲမှာ မိမိအဖွဲ့ အစည်း၏ ပကတိအခြေအနေကို
အမှန်အတိုင်း နားလည်သဘောပေါက်ရေးသည် လွန်စွာမှ အရေးကြီးသည်ဟု
ကျွန်တော်က ဦးထုပ်အနက်ကို ပြေးမြင်စဉ်းစားနေမိပါသည်။
အမှားရှိမှ အမှန်သိ၊ အမှားကိုမြင် အမှန်ပြင် ဟူသောစကားများကို
ကျွန်တော်တို့ကြားဖူးသည်။ မိမိအဖွဲ့ အစည်းမှာ ဘာတွေမှားနေသလဲ၊
ဘာတွေ ဘေးချော်နေသလဲ၊ ဘာတွေ ဖရိုဖရဲဖြစ်နေသလဲ စသော
မေးခွန်းများ ပြန်မေးတတ်ဖို့လိုပါသည်။ အရာရာတိုင်းတွင်
အားသာချက် အားနည်း ချက် ရှိသည်ဟူသော လောက၏နိယာမကိုလက်ခံလျှင်
အားသာချက်များကို ပိုပြီးအားသာ အောင် လုပ်ဖို့လိုသလို
အားနည်းချက်များရှိနေနိုင်သည်ကိုလည်း လက်ခံတတ်ဖို့ အရေးကြီးပါ
သည်။ ထိုသို့ လက်ခံနိုင်ဖို့ရာကလည်း လွယ်မယောင်နှင့်
ခက်တတ်ပါသည်။ ခက်နေအောင် လုပ်နေသည်များက အတ္တနှင့်ငါဆိုသည့်
မာန်များဖြစ်ပါသည်။ ထို အဆိုးစိတ်တွေ ဖယ်လိုက် နိုင်လျှင်တော့
လွယ်လွယ်လေးဖြစ်သွားပါလိမ့်မည်။
အနက်ရောင်သည် မကောင်းသော၊ မင်္ဂလာမရှိသောသဘောကို
ကိုယ်စားပြုသည်ဟု ယေဘုယျအားဖြင့် ဆိုနိုင်သည်။ အဖြူက
သူနှင့်ဆန့်ကျင်ဘက်ဖြစ်သည်။ သို့သော် ကျွန်တော် တို့
မေ့ထားကြသည့်အချက်တစ်ချက်မှာ အနက်ရောင်ကြောင့် အဖြူမှာပိုပြီး
ဝင်းလက်ဖြူဖွေး လာစေသည်ဆိုသော အချက်ဖြစ်ပါသည်။ သို့ဆိုလျှင်
အားနည်းချက်များကို ပြုပြင်လိုက်လျှင် အားသာချက်များ ပိုပြီး
တောက်ပြောင်လာပေမည်။ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်စဉ်က ကျွန်
တော့် အထက်မန်နေဂျာတစ်ဦးမှာ အတော်သဘောထားဆိုးသည်။ သူ့ကို
နည်းနည်းကလေး မျှ ဝေဖန်လို့မရ။ ဝေဖန်လိုက်သူကို
အငြိုးအတေးထားသည်။ ထိုသူ အားနည်းချက်တစ်ခုခု ရှိလာသည်နှင့်
ဖိနင်းတတ်သည်။ ထိုမန်နေဂျာ၏ရုံးခန်းမှာ သူက စာတန်းတစ်ခုကိုပင်
ချိတ် ထားလိုက်သေးသည်။ Boss is always right တဲ့။ သူဌေးက
အမြဲမှန်သည်ဟူသည်။ ငါ့ကို မဝေဖန်နဲ့၊ ငါခိုင်းတာလုပ်ဟု
ထပ်ဆင့်တွေးလို့ပင်ရသည်။ ထိုမန်နေဂျာသည် ဦးထုပ်အနက်ကို
လွှင့်ပစ်လိုက်သူ ဖြစ်လေသည်။
ဝေဖန်မှတိုးတက်မယ်ဟူသော အတွေးအခေါ်ရှိသူအချို့ မြင်ဖူးသည်။
အချို့ဟုဆိုရ ခြင်းမှာ တကယ့်ကို လူနည်းနည်းပါးပါးမျှလောက်သာ
ရှိသောကြောင့်ဖြစ်ပါသည်။ ထိုစိတ်မျိုး ရှိသူတို့သည်
ဦးထုပ်အနက် အမြဲဆောင်းထားကြသူများ ဖြစ်လေသည်။
သူတို့အကြောင်း စဉ်းစားကြည့်ပြီးနောက်
ကျွန်တော့်ကိုယ်ကျွန်တော် ပြန်ငဲ့ကြည့်မိ သည်။ ကျွန်တော့်မှာ
ဦးထုပ်အနက်တစ်လုံးရှိသေးရဲ့လားဆိုသော မေးခွန်းကို
ပြန်မေးမိသည်။ ကျွန်တော်က ဦးထုပ်အနက်ကို
လွှင့်မပစ်သေးသည်မှာတော့ သေချာသည်။ သို့သော် အမြဲ တမ်း
ဆောင်းဖို့ကိုလည်း တွန့်ဆုတ်နေတုန်းဖြစ်သည်။ ထို့အပြင်
ကိုယ့်မှာရှိနေသော ဦးထုပ် အနက်ကို လူမမြင်အောင်
ဝှက်ထားတတ်နေတုန်းပဲဆိုသည်ကတော့ အသေချာဆုံး အချက် ဖြစ်လေသည်။
|