|
လုပ်သင့်တာတွေ၊ လုပ်ချင်တာတွေ
တစ်ရက်မှာ ရုံးခန်းတွင် ကျွန်တော်ရှိနေတုန်း တပည့်ကျော်တစ်ဦး
အခန်းထဲဝင်လာသည်။ သူက ထွက်စာလာတင်ခြင်းဖြစ်သည်။
အကြောင်းကြီးကြီးကျယ်ကျယ်မရှိ။ သူက သတင်းထောက်မလုပ်ချင်တော့။
သူဝါသနာပါသည့် ၀က်ဘ်စာမျက်နှာများရေးသားသူ အိုင်တီ
သမားတစ်ဦးလုပ်မည်ဟုပြောသည်။ လွန်ခဲ့သည့်နှစ်လခန့်ကတည်းက
သူထွက်စာတင်ခဲ့သည်။ အဲဒီတုန်းက သူက စင်ကာပူကိုသွားမည်ဟု
ပြောသည်။ ကျွန်တော်က သေသေချာချာမေးတော့
ဟိုကမြန်မာကုမ္ပဏီတစ်ခုမှာ အင်တာနက်ဝက်ဘ်ဆိုက်စာမျက်နှာ
ရေးပေးသည့်အလုပ်ရမည်ဟုပြောခဲ့သည်။
ကျွန်တော်က သေသေချာချာထပ်မေးရသည်။ အလုပ်ထွက်မှာကိုစိုးရိမ်ပြီး
သူ့ကိုဆွဲထားလိုသောကြောင့် မေးခြင်းမဟုတ်။ ဒီလူငယ်ကလေးသည်
စစ်ကိုင်းတိုင်းက အစွန်ကျသည့်နယ်မြို့ကလေးတစ်မြို့ကတက်လာပြီး
ကျွန်တော့်ဆီ လွန်ခဲ့သည့်လေးနှစ်ကျော်ကတည်းကရောက်လာသူဖြစ်သည်။
ရိုးသားသည့်ကလေးဖြစ်သည်။ သူက သတင်းထောက်လုပ်ချင်သည်ပြော၍
ကျွန်တော်က သူ့ကိုပညာတွေ သင်ပေးခဲ့သည်။ သူကလည်း
ကြိုးစားသောကြောင့် နာမည်ရလာသည်။ အခုသူက သတင်းထောက်မလုပ်ချင်ဘဲ
စင်ကာပူသွားမည်ဆိုရာ ဟိုမှာဒုက္ခရောက်မည်စိုးသဖြင့်
မေးရခြင်းသာဖြစ်ပါသည်။
စင်ကာပူမှာ ထမင်းကျွေး၊ စရိတ်ပေးလောက်သာ အလုပ်ရှင်က
ပေးမည်ဟုဆိုသည်။ ကျွန်တော်ခေါင်းခါလိုက်သည်။
မဖြစ်နိုင်။ကျွန်တော်ကိုယ်တိုင် အဲဒီမှာနေလာခဲ့သူဖြစ်သဖြင့်
စင်ကာပူအကြောင်း ကျွန်တော်က သူ့ထက်ပိုသိနေသည်။
စဉ်းစားပါဦးကွာဟုသာ ကျွန်တော်ပြောခဲ့သည်။ဟော...အခု
သူကထိန်းမရတော့။ ထွက်စာလာတင်ပြန်ပြီ။ ကျွန်တော်က စင်ကာပူကိစ္စ
သတိရသဖြင့် ထပ်မေးလိုက်သည်။ “စင်ကာပူကိစ္စက ပျက်သွားပြီဆရာ”ဟု
သူကပြောသည်။ “ကျွန်တော့်သူငယ်ချင်းက အရင်ထွက်သွားတာ။ ဟိုမှာ
သူတို့ပြောတဲ့အတိုင်း နေစရာပေး၊ကျွေးမွေးရုံနဲ့
နေလို့အဆင်မပြေလို့ ပြန်လာပြီ” ဟု သူကဆက်ပြောသည်။
ကျွန်တော်အံ့သြခြင်း မဖြစ်မိပါ။
အခု သူက၀က်ဘ်သင်တန်းတွေ ဆက်တက်မည်။ တစ်နှစ်လောက်တက်ရမည်ဟု
ပြောသည်။ အလုပ်ထွက်မည်ဆိုလျှင် ဘယ်မလဲဝင်ငွေ။ သူက
အစ်မဆီကရမည်ဟု ပေါ့ပေါ့ပြောသည်။ သူကပေါ့ပါးနေသည်။ ကျွန်တော်က
သူ့အစားလေးလံနေသည်။ သူ့ထွက်စာကို ကျွန်တော်လက်မှတ်မထိုးသေး။
တပည့်တစ်ဦးအပေါ်ထားရှိသော ကျွန်တော်၏သံယောဇဉ်က
သူအခက်အခဲဖြစ်မှာကို စိုးပူနေသောကြောင့်ဖြစ်သည်။ကျွန်တော်က
သူ့ကို တစ်ခွန်းပဲပြောလိုက်သည်။ “မင်းတို့က
လုပ်သင့်တာအရင်မလုပ်ဘဲ၊ လုပ်ချင်တာ
အရင်လုပ်နေတာကိုး”။လုပ်ချင်တာ၊ လုပ်သင့်တာနှင့်
လုပ်နေတာများသည် လူအားလုံးအတွက် တစ်ထပ်တည်းမကျနိုင်သည်က
များနေသည်ဟု သူအခန်းထဲကထွက်သွားသည်နှင့်
ကျွန်တော်ကစဉ်းစားတွေးတောမိလိုက်သည်။ လုပ်ချင်တာ၊
လုပ်သင့်တာနှင့် လုပ်နေတာတွေ တစ်ထပ်တည်း ကျနေသူများကတော့
လောကကြီးမှာ ဖိုးကံကောင်းတွေဟု
ပြောလျှင်ပင်ရသည်။ကျွန်တော်တို့သည် ဥစ္စာရှာသည့်အရွယ်မှာ
လုပ်သင့်တာတွေအရင်လုပ်ကြဖို့ လိုမည်ထင်ပါသည်။ ကျွန်တော်က
လုပ်ချင်တာနှင့်လုပ်သင့်တာ
တစ်ထပ်တည်းမဖြစ်သူများကိုသာရည်ရွယ်ပြောခြင်းဖြစ်ပါသည်။
လောကကြီးတွင် လုပ်သင့်သော
အသက်မွေးဝမ်းကျောင်းတော်တော်များများသည် ဘ၀ရပ်တည်မှုအတွက်
အာမခံချက်အထိုက်အလျောက် ပေးနိုင်လေ့ရှိပါသည်။
ကျွန်တော့်မိတ်ဆွေတစ်ဦးသည် ဂီတ၀ါသနာပါသည်။ သို့သော်
သူသည်သူ့ကိုယ်သူဂီတသမားတစ်ဦးအဖြစ်
အသက်မွေးဝမ်းကျောင်းလောက်အောင် ပါရမီမရှိဟုလည်း
ကိုယ့်ကိုယ်ကိုသိထားသည်။ ထို့ကြောင့် သူသည်
အပျော်တမ်းသီချင်းကလေးဆိုရင်း ကုန်သည် ၀င်လုပ်သည်။
ထိုလုပ်ငန်းဖြင့် ၀င်ငွေတွေကောင်းလာသည်။ ယခုအခါ သူသည်
အောင်မြင်သောစီးပွားရေးသမားဘ၀ကို ပိုင်ဆိုင်ထားသူတစ်ဦး
ဖြစ်နေပေပြီ။“အခုမှပဲ ကျွန်တော်လုပ်ချင်တာ လုပ်လို့ရပြီဗျာ။
ကိုယ်ပိုင်တေးဂီတ၀ိုင်းတစ်ခုထောင်ထားတယ်။
သီချင်းဆိုဝါသနာပါတဲ့သူတွေကို မြေတောင်မြှောက်ပေးတယ်။
ကျွန်တော်ကိုယ်တိုင်လဲ ၀င်ဟဲရင်းပေါ့ဗျာ”ဟု သူက
ပျော်ပျော်ရွှင်ရွှင်ပြောသည်။ သူသည်လုပ်သင့်တာအရင်လုပ်ပြီးမှ
လုပ်ချင်တာလုပ်သူဖြစ်လေသည်။
ထိုမိတ်ဆွေလိုပင် ကျွန်တော်တို့ဝန်းကျင်မှာ
လုပ်သင့်တာတွေအရင်လုပ်မိသောကြောင့် လုပ်ချင်တာ တစ်နည်းဆိုရသော်
ဝါသနာပါရာကို နောက်ပိုင်းတွင်
ပျော်ပျော်ကြီးလုပ်နေနိုင်ကြသူတော်တော်များများကို
တွေ့ကြမြင်ကြရမည်ဖြစ်ပါသည်။ သည်နေရာမှာ ကျွန်တော်တို့ကတော့
လုပ်ချင်တာနဲ့ပဲအသက်မွေးချင်တယ်ဟု ကတ်သီးကတ်သတ်
ပြောချင်သူများရှိနိုင်ပါသည်။ ထိုသူများအတွက်ကလည်း
အဖြေရှင်းပါသည်။ အဲသည်လိုဆိုရင် ကိုယ်လုပ်ချင်သော
အသက်မွေးဝမ်းကျောင်းကို ထူးချွန်အောင်လုပ်၊
ပျမ်းမျှအထက်ဖြစ်အောင်လုပ်၊
အောင်မြင်အောင်လုပ်ဖို့ပဲဖြစ်ပါသည်။ ကျွန်တော်ကတော့
ထွက်စာလာတင်ထားသော ကျွန်တော့်တပည့်ကျော်ကြီး
ထွက်စာပြန်ရုပ်သိမ်းသောနေ့တစ်နေ့ကို မျှော်လင့်နေပါသေးသည်။
လေးစားစွာ
ကိုကို(စက်မှုတက္ကသိုလ်)
|