နိဒါန်း
ဒီမိုကရေစီအသွင် ကူးပြောင်းရေး မှန်သမျှတို့တွင် Power Center အဟောင်း နှင့်အသစ်၊ အတွင်းနှင့်အပြင်၊ အသစ်အချင်းချင်း၊ အဟောင်းအချင်းချင်း စသည်တို့အကြား ပွတ်တိုက်မှုများ မလွဲမသွေတွေ့ကြုံ ရလေ့ရှိသောကြောင့် Stakeholder တို့၏ တွေးခေါ်မြော်မြင်နိုင်စွမ်းက အဓိကကျနေသည်။ ပန်းတိုင် တူသော်လည်း နည်းလမ်းမတူမှုကို နည်းလမ်းမတူမှုဟူ၍ သဘောမထားနိုင်ဘဲ နည်းလမ်းမှသည် ပါဝါပြိုင်ဆိုင်မှုအသွင်အပြင်သို့ ကူးပြောင်းရောက်ရှိသွားတတ် သလို ယင်းတို့ကူးပြောင်းရောက်ရှိသွားပြီး အားပြိုင်မှုပြင်း ထန်လာလျှင် သမိုင်းကြောင်းကကြုံတွေ့ခဲ့ရသော နိုင်ငံ တည်ဆောက်ရေးသစ်ပင်သည် အညွန့်လည်းကျိုး၊ ပင်စည် လည်းကိုင်းသည့်အခြေအနေသို့ ဆိုက်ရောက် သွားတတ် သည်။ မြန်မာ့သမိုင်းသည် တစ်ပတ်ပြန်လည်တတ်သည်ဟူ သော သစ္စာတရား သဖွယ်မှန်ကန်နေသော ဆိုရိုးအဟောင်း တို့ အိပ်ပျော်ရာမှနိုးထလာခြင်းသည် သန်း၆ဝသော ပြည်သူ များ၏ အနာဂတ်၊ မနက်ဖြန်နှင့် တိုက်ရိုက် ပတ်သက်ဆက် နွှယ်လာနိုင်သည်။
ပါဝါအရွေ့၊ အလျင်နှင့် ပွတ်တိုက်မှု
ပါဝါတို့ဟူသည် မည်သို့သောအခြေအနေမျိုးတွင်မဆို အထိုင်ပြောင်းလဲ သွားသည့်အချိန်၌ ကနဦးဖြစ်ပေါ်တတ်သောဟန်ချက်ပျက်မှုကို ထိန်းသိမ်းနိုင်ရန် အရေးကြီးသည်။ မြန်မာ့နိုင်ငံရေး၏ဆုံချက်သည် ယင်းပါဝါတို့ အထိုင်ကျ မကျ၊ ဟန်ချက်ထိန်းနိုင် မထိန်းနိုင်ဟူသော Capacity အပေါ်တွင် မူတည်နေသဖြင့် The Art Of Capacity အမှန်ပင်ဖြစ်နေသည်။ ပါဝါခွဲဝေမှုများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အခြားဥပဒေတို့အပြင် လူမှုပဋိညာဉ် Social Contract အားဖြင့် လည်းပိုင်းခြား ထားလေ့ရှိသောကြောင့် ယင်းလူမှုပဋိညာဉ်ကို သတိလက်လွတ် ခြင်းကြောင့် လူမှုအဖွဲ့အစည်းကြီးတစ်ခုလုံးသို့ အန္တရာယ်ဆိုက်ရောက်စေနိုင် သည်အထိ စိုးရိမ်ပူပန်ဖွယ်ရာ ကောင်းနေသည်။ ပါဝါစင်တာများအပြောင်းအလဲ တွင်ဖြစ်ပေါ်တတ် သောပါဝါနယ်နိမိတ် မပြတ်သားမှုများ သည်လည်း ရံဖန်ရံခါ တွင် ပါဝါချင်းပွတ်တိုက်မှုကိုဖြစ်ပေါ်လာတတ်ပြီး ပွတ်တိုက်ဖန်များလာသည့် အခါတွင် မီးတောက်များကို ဖြစ်ပေါ်စေသည့်အခြေအနေကို ဖန်တီးလာပေသည်။
ပါဝါစင်တာတို့၏ ဗဟိုချက်သည် နံဘေးရှိ ပါဝါအထောက်အကူတို့၏ လှုံ့ဆော်မှုများသည်လည်း ပါဝါဗဟိုချက်အပေါ် သက်ရောက်မှုများရှိတတ်သဖြင့် တစ်ခါတစ်ရံတွင် ပါဝါဗဟိုချက်ကိုယ်တိုင်ပင်လျှင် သက်ရောက်မှုများကို သတိ မမူဘဲဖြစ်သွားသည်။ မိမိပါဝါ၏စည်းကို မိမိဘာသာထင်ရှားလာအောင်ရေးဆွဲ ပြီး မိမိနယ်ပယ်တွင် ခိုင်မာအားကောင်းအောင် တည်ဆောက်ရမည့်အစား အခြားပါဝါတို့၏ ပြစ်ချက်၊ အားနည်းချက်တို့ကို မျက်နှာမူလာသောအခါ အသွင် ကူးပြောင်းစ ပါဝါအချင်းချင်းဆက်ဆံရေးတွင် အန္တရာယ်အကြီးမားဆုံးသော Trust Deficit ကိုဦးတည်လာတော့သည်။ ပါဝါအချင်းချင်းဆက်ဆံရေးဟုဆို ရာတွင် ပါဝါဟောင်း သော်လည်း ဩဇာလွှမ်းမိုးနိုင်နေဆဲ အ နေအထားများကို လည်း ချင့်တွက်ရန်လိုအပ်သလို ပါဝါအသေးစားတို့၏စွမ်းရည်ကိုလည်း လျှော့ မတွက်ရန်လိုသည်။ အဓိကအချက်မှာ မိမိပါဝါကို မိမိဘာသာ စည်းပြတ်အောင် သုံးသပ်ပြီး မိမိပါဝါ၏လုပ်ပိုင်ခွင့်ဘောင်အတွင်းမှ လွတ်မထွက်သွား ရန်ဖြစ် သည်။
ထီးပြိုင်နန်းပြိုင် ပါဝါဂိမ်းတို့တွင် ပါဝါအချင်းချင်း ကိုယ်ကျိုးစီးပွားရှေ့တန်း တင်သည့်အစွဲဟောင်းများ မပြတ်သေးသည့်အခါ မိမိတို့၏လာရင်းကိစ္စများကို မေ့လျော့သွားတတ်သဖြင့် ပါဝါများ၏အသက်သွေးကြောမှာ အခြားပါဝါများ အပေါ် နားလည်မှု၊ ယုံကြည်မှု၊ လေးစားမှုရှိရေးဖြစ်နေသည်။ (ဤတွင် ပါဝါ အဟောင်းများအပေါ်တွင်လည်း ဤသဘောတရားထားရှိရန်လိုအပ်မည်)။
ပန်းတိုင်တူသော်လည်း နည်းလမ်းမတူမှုကို နည်းလမ်းမတူမှုဟူ၍ သဘောမထားနိုင်ဘဲ နည်းလမ်းမှသည် ပါဝါပြိုင်ဆိုင် မှုအသွင်အပြင်သို့ ကူးပြောင်းရောက်ရှိ သွားတတ်သလို ယင်းတို့ကူးပြောင်းရောက်ရှိသွားပြီး အားပြိုင်မှု ပြင်းထန်လာလျှင် သမိုင်းကြောင်း ကကြုံတွေ့ခဲ့သော နိုင်ငံတည်ဆောက်ရေး သစ်ပင်သည် အညွှန့်လည်းကျိုး ပင်စည်လည်း ကိုင်းသည့် အခြေအနေသို့ ဆိုက်ရောက် သွားတတ်သည်။
သန်း ၆ဝ၏ မနက်ဖြန်
အမှန်စင်စစ် ဖွဲ့စည်းပုံအခြေခံဥပဒေက အညီအမျှခွဲဝေထားသော ပါဝါ စည်းများကို မြင်အောင်ကြည့်၊ သိအောင်ဆင်ခြင်၊ သန်း၆ဝအတွက် အခက် ဖြစ်စေလျှင် မြန်မာ့နိုင်ငံရေးအသွင်ကူးပြောင်းမှုသည် နိုင်ငံတကာကအောချ လောက်သောအောင်မြင်မှုကြီးကို ရရှိလာမည်မဟုတ်ပါ။ ပါဝါသည် စားတတ် သည်၊ စားတတ်အောင်လည်း သွေးထိုးမြှောက်ပင့်ပေးမှုများ ရှိတတ်သည်။ ချီးကျူးဟန်ပြင်၍ ချောက်တွန်း တတ်သည်များလည်းရှိသည်။ ဤသည်မှာ ပါဝါ စင်တာတို့ တွေ့ကြုံရမြဲဖြစ်သော သဘာဝတရားသာဖြစ်သည်။ သို့သော် ပါဝါ ဗဟိုချက်တို့ကိုယ်နှိုက်က လက်ကုန်နှိုက်၍ စည်းကျော်မိသောအခါ ပါဝါအဟောင်း များအပါအဝင် အချင်းချင်းပွတ်တိုက်မှုများ ဖန်တီးမိသောအခါ ပွတ်တိုက်မှု ညင်သာစေရန်သာ ဆုတောင်းရသည့်အခြေအနေအထိ ဆိုက်ရောက်သွား တတ်သောကြောင့် သန်း(၆၀)သောနိုင်ငံသားများ၏ မနက်ဖြန်သည် ယင်းသို့ အကဲဆတ်လှသည့် ချိန်ခွင်လျှာကို စိုးရိမ်မှုကြီးမားစွာ စောင့်ကြည့်နေ ရသည့်အနေ အထားကို ရှောင်ရှားရန်လိုမည်။
လက်ရှိအနေအထားတွင် မြန်မာ့ဒီမိုကရေစီရေးနှင့်ဖွံ့ဖြိုးတိုး တက်ရေးသည် သင်းသတ်ခံရမည့်ခြိမ်းခြောက်မှုများ ရစ်ဝဲလာ နိုင်သည့် အလားအလာများ မြင်တွေ့လာနိုင်သော အကြောင်းများ ကြောင့် သန်း၆ဝသော နိုင်ငံသားများ၏ မနက်ဖြန်အတွက် မိမိတို့ လာရင်းကိစ္စကို မမေ့မလျော့ နှလုံးသွင်းမျက်နှာမူကြပါမည့်အ ကြောင်း မေတ္တာရပ်ခံရခြင်းဖြစ်သည်။ အကျိုးစီးပွားများတိုက်ဆိုင် လာသောအချိန်တွင် လာရင်း ကိစ္စကိုမေ့လျော့ သွားကြရာ သန်း ၆ဝသော နိုင်ငံသားများအတွက် မနက်ဖြန်ဟူသောလာရင်းကိစ္စ သည် မှေးမှိန်ပျောက်ကွယ် သွားနိုင်သည်။
နိဂုံး
မိမိတို့ဂိမ်းကို မိမိတို့အာရုံစိုက်ကြမှ မိမိတို့လာရင်းကိစ္စကို မိမိတို့အလေး ထားကြမှ သန်း၆ဝမှာ အသက်ရှူချောင်မည်ဟူ၍ သဘောရသော ကြောင့် လာရင်း ကိစ္စမမေ့ကြရန် သတိပေးနှိုးဆော်ရခြင်းဖြစ်သည်။ သန်း၆ဝသောပြည်သူများ မှာ နောက်ကြောင်းပြန်၍ အတိတ်ကို ပြန်လည် ပုံဖော်ခြင်းမပြုလိုသည်မှာ ခါးသီး ပြီး နာကြည်းဖွယ်ရာကောင်းသော အရိပ်ဆိုးများကြောင့်ဖြစ်သည်ကို သိရှိပါ လျှင် မိမိတို့လာရင်းကိစ္စကို မိမိတို့အာရုံပြုဆောင်ရွက်ခြင်းဖြင့် နိုင်ငံတည်ဆောက် ရေးတာဝန်ကျေပွန်လာပါလိမ့်မည်။ ပါဝါချင်း မပွတ်တိုက် မိအောင် ဆောင်ရွက် ရန်မှာ ခက်ခဲသည်မှန်သော်လည်း သန်း၆ဝအတွက် မနက်ဖြန်လှစေချင်လျှင် သတိဖြင့်ဆင်ခြင်နိုင်ပါလိမ့်မည်။ စလယ်ဝင် ဖင်မမည်းခင်က ကွဲတတ်သည်ဟူ သောဆိုရိုးစကားများသည် ရှေးလူကြီးများ အခြေအမြစ်မဲ့ထားရှိခဲ့ခြင်းမဟုတ် သလို သမိုင်း တစ်ကျော့ပြန်ခြင်း ၏ အန္တရာယ်သည် ယနေ့ ဒီမိုကရေစီ ဘယ် ခရီးရောက်မလဲဟူသောအဖြေကို အပြောင်းအလဲကြီးကြီးမားမားဖြစ်အောင် လုပ်နိုင်သည်။
ပေးထားချက်ဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေကိုအခြေပြု၍ ပုစ္ဆာများ တွက်ချက်ကြသောအခါ ရလဒ်အမျိုးမျိုးဖြစ်တတ်သည်မှာ ပေးထားချက်ကို ကုန်စင်အောင်မကြည့်ခြင်း၊ ပေးထားချက်ကိုကျော်လွန်၍ တွက်ချက်ခြင်းတို့ ကြောင့်ဖြစ်သည်။ အသွင်ကူးပြောင်းရေးဖြစ်စဉ်များ၏ သဘောသဘောဝအ တိုင်း ပေးထားချက်များကို ကုန်စင်အောင် အသုံးပြု၍ တွက်ချက်ကြည့်ဖို့ လိုသည်။ ပေးထားချက် ကုန်စင်အောင် ထည့်သွင်းတွက်ချက်ပြီးသောအခါ ရရှိလာသော ရလဒ်ကို ထုတ်ပြန်ကြေညာခြင်း မပြုမီ သန်း၆ဝ၏ မနက်ဖြန်နှင့် ပြန်လည်တိုက် ဆိုင်စစ်ဆေးကြည့်ရန်သာဖြစ်ကြောင်း အနူးအညွတ် မေတ္တာရပ်ခံတင်ပြလိုက် ရ ပါသည်။

