စာဖတ်သူများ ၏ ခံစားချက် အမြင်တူခြင်း မတူခြင်း အပေါ် သုံးသပ် ဆွေးနွေးနိုင်မည့် စကားစစ်ထိုးပွဲ Debate ကဏ္ဍ တွင် “ပို့ဆောင်ရေး ဝန်ကြီးဌာနက ဌာနကြီးအချို့ကို အများပိုင် ကုမ္ပဏီ အဖြစ် ပြောင်းလဲ ခွင့်ပေး လိုက်တာ ကောင်းတယ်/ မကောင်းဘူး” ဟူသော ခေါင်းစဉ်ဖြင့် ယခု တစ်ပတ်တွင် မြမြဌေး နှင့် ငြိမ်းသား တို့က ဆွေးနွေးတင် ပြထားပါသည်။
ပို့ဆောင်ရေးဝန်ကြီးဌာနက ဌာနကြီးအချို့ကို အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲခွင့်ပေးလိုက်တာကောင်းတယ်
မြမြဌေး
နိုင်ငံမှာ ဈေးကွက်စီးပွားရေး စနစ်ကျင့်သုံးတဲ့ အချိန်တော့ ရလာပါပြီ။ အရှိန်ရအောင် ဖွံ့ဖြိုးအောင်တော့ ကြိုးစားရဦးမှာပါ။ အများ ပိုင်ကုမ္ပဏီများ ရဲ့ အခန်းကဏ္ဍတွေကိုလည်း တချို့တလေမှာ မြင်တွေ့နေရပါတယ်။ ဖွံ့ဖြိုး တိုးတက်လာ မယ်လို့လည်း မျှော်လင့်မိပါတယ်။ နိုင်ငံတကာမှာ အရင်းအနှီးကြီးတဲ့၊ အရင်းအနှီးများတဲ့ လုပ်ငန်းတွေ သိသာထင်ရှား တဲ့ဥပမာဆိုရင် လေကြောင်းပို့ဆောင်ရေး လုပ်ငန်း တွေမှာ အများစုဟာ အများပိုင်ကုမ္ပဏီများ ဖြစ်တယ်ဆိုတာ လေ့လာဖူး ပါတယ်။ အများဆန္ဒတွေ၊ ဦးဆောင်အဖွဲ့ရဲ့ ဆွေးနွေး ဆုံးဖြတ် တာတွေဟာ အသုံးပြုသူ၊ စားသုံးသူများ ဘက်ကိုလည်း စဉ်းစားဆွေးနွေး ရှေးရှုကြပါတယ်။
ဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံတွေဟာ နိုင်ငံတော်ရဲ့ အခန်းကဏ္ဍကို လျှော့ချပြီး အများပိုင်ကုမ္ပဏီလုပ်ငန်း ပုဂ္ဂလိကပိုင်တွေရဲ့ အခန်း ကဏ္ဍမြှင့် တင်တာတွေ့ ကြရမှာပါ။ လွတ်လပ်မှုရှိတဲ့ ယှဉ်ပြိုင်မှု အစစ်အမှန်ရှိတဲ့ စီးပွားရေးတွေနဲ့ စီးပွားရေး ဖွံ့ဖြိုးမှု လူမှုဘဝတွေ ဖွံ့ဖြိုးအောင် ကြံဆောင် ကြပါတယ်။
အများပိုင်ကုမ္ပဏီများဟာ အများဆန္ဒ၊ အဖွဲ့ဆွေးနွေးဆုံးဖြတ်ချက်တွေနဲ့ ဆောင်ရွက်ကြတာပါ။ စားသုံးသူများအကျိုးဘက်ကိုလည်း စဉ်းစားပေးနိုင်ပါတယ်။ပို့ဆောင်ရေးကဏ္ဍမှာအချို့ကို အများပိုင်ကုမ္ပဏီ ပေးလိုက်ရင် ဒီအများပိုင်ကုမ္ပဏီတွေက စားသုံး သူအသုံးပြုသူများ အကျိုးဘက်ကိုလည်း စဉ်းစားပေးနိုင်မယ်ဆို ရင် ပြောင်းလဲပေးတာ ကောင်းပါတယ်။ နိုင်ငံရဲ့ဆင်းရဲမှု လျှော့ချရေး အစီအစဉ်တွေ ဝင်ငွေနည်း ပြည်သူများရဲ့ သက်သာ ချောင်ချိမှုတွေ သတင်း အကြောင်းအရာ တစ်ခုပေါ်လာရင် တက်လာတတ်တဲ့ ကုန်ဈေးနှုန်း မြင့်တက် လာမှုအစဉ်အလာ တွေနဲ့တော့ ဟန်ချက်ညီ Balance ဖြစ်အောင် ထိန်းကျောင်း ပေးဖို့ တော့ လိုအပ်ပါတယ်။
အများ ပိုင်ကုမ္ပဏီနဲ့ အဲဒီလုပ်ငန်းတွေဟာ ဈေးကွက်စီးပွားရေးစနစ်ရဲ့သဘော၊ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံရဲ့ အလေ့အကျင့် (Practice ) ကောင်းတွေ ဖြစ်တာမို့ ပို့ဆောင်ရေး ရဲ့ဌာနအချို့ကို အများပိုင် ကုမ္ပဏီ ပြောင်းလဲပေးကောင်းပါတယ်။ နိုင်ငံတော် အစီအစဉ်အများ ပိုင်ကုမ္ပဏီ အစီအစဉ် နှစ်ခုရှိလာရင် နှိုင်းယှဉ် သဘောတရား လည်း ရှိလာနိုင်တာမို့ ကောင်းတယ်လို့ ဆွေးနွေးချင်ပါတယ်။
ပို့ဆောင်ရေးဝန်ကြီးဌာနက ဌာနကြီးအချို့ကို အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲခွင့်ပေးလိုက်တာမကောင်းဘူး
ငြိမ်းသား
ပို့ဆောင်ရေးသည် ပြည်သူ့ဘဝသက်သာချောင်ချိရေး Welfare နှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါပါသည်။ ကုန်စည် စီးဆင်းမှု ကုန်ဈေးနှုန်း သင့်လျော်မျှတမှု၊ ကုန်သွယ်ရေး ဖွံ့ဖြိုးမှုတို့တွင် ပို့ဆောင်ရေး စနစ်သည် အကျိုးရလဒ်များ ဖြစ်ပေါ်စေ သည်။
ဈေးကွက်စီးပွားရေးစနစ် အရှိန်ရနေသောနိုင်ငံများ၊ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများမှာပင်လျှင် စီးပွားရေးလုပ်ငန်းများ၌ နိုင်ငံတော်(အစိုးရ) ၏အခန်းကဏ္ဍများ လျှော့ချ၍ အများပိုင်၊ ပုဂ္ဂလိကပိုင် အခန်းကဏ္ဍများ တိုးမြှင့်စေသော်လည်း အစိုးရအခန်းကဏ္ဍမှာ မပါမဖြစ်ရှိ နေကြ သည်။ လုံးဝကင်း စင်သည်ဟူ၍ မရှိနိုင်ပါ။ နိုင်ငံတွင် အများပိုင်ကုမ္ပဏီများ၏အခန်းကဏ္ဍများ အခြားဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးသော နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ဖွံ့ဖြိုး ရန်လိုအပ် နေပါသည်။ အများပိုင် ကုမ္ပဏီများသည် တစ်ဦးတစ်ယောက်တည်း ဆုံးဖြတ်သည်ထက် အများဆန္ဒ၊ ဦးဆောင် အမှုဆောင် အဖွဲ့ဆန္ဒများဖြင့် ဆွေးနွေးဆုံးဖြတ်ကြခြင်းဖြစ်သည်။
တစ်ဖက်တွင်လည်း နိုင်ငံ၌ အခြေခံအဆောက်အအုံ (infrastructure) များ ထိုက်သင့်စွာရှိသော် လည်း ဖွံ့ဖြိုး တိုးတက်သော နိုင်ငံတစ်ခုဖြစ်ရန် အတွက် လိုအပ်မှုများလည်း ရှိနေပါသည်။ ယင်းတွင် နိုင်ငံတော် ၏ အခန်းကဏ္ဍမှာ အရေးကြီးပါသည်။
အကြွေစေ့များ ပျောက်ကွယ်သွား သည့်အပြင် တစ်ကျပ်၊ ငါးကျပ်၊ တစ်ဆယ် တန်ငွေစက္ကူများနှင့် ယင်းငွေနှင့် လျော်ညီသော အသုံးပြုနိုင်မှုများ ရှိခဲ့ပါက ကုန်ဈေး နှုန်း၌ ဈေးမြင့်မှုများကို တစ်ဖက်တစ်လမ်းမှ ကာကွယ် နိုင်မည်ဖြစ်သည်။ သိပ်မကြာခင် အချိန်အထိရှိခဲ့သော မြို့ပတ်ရထားခ ၁ဝကျပ်၊ ကျပ် ၂၀၊ ရန်ကုန်-ဒလသင်္ဘောခ ၁ဝကျပ်များသည် နိုင်ငံတော်မှသာ စီစဉ် ဆောင်ရွက်ပေး နိုင်ပြီး ဝင်ငွေနည်း မိသားစုနှင့် တစ်ဦးချင်းများ အတွက် အကျိုးကျေးဇူး ကြီးမားသည်ဟု ထင်မြင်မိပါသည်။ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးတွင်လည်း ကျေးလက်နေ ဝင်ငွေနည်းပြည်သူ များ၏ဘဝသက်သာ ချောင်ချိမှုနှင့် ဖွံ့ဖြိုးရေး တို့အတွက် ပို့ဆောင်ရေး ကဏ္ဍ ပိုင်းကို နိုင်ငံတော်မှသာ စေတနာထား ဆောင်ရွက် ပေးနိုင်ပါသည်။
မြို့ပြနှင့်ကျေးလက်များရှိ ဝင်ငွေနည်း ပြည်သူများသက်သာချောင်ချိရေး ဆင်းရဲမှုလျှော့ချရေး အစီအစဉ်များ၊ ကုန်စည်စီးဆင်း မှုနှင့် ကုန်သွယ်မှုဖွံ့ဖြိုးရေးတို့တွင် သယ်ယူပို့ဆောင်ရေး စရိတ်များမြင့်တက် မလာရေး၊ လိုအပ်သော အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးရေး တို့အတွက် နိုင်ငံတော်၏အခန်းကဏ္ဍမှာ အရေးပါနေမည်ဖြစ်၍ အများပိုင်ကုမ္ပဏီများ ဖွံ့ဖြိုးရန်လိုအပ်နေချိန်တွင် ပြောင်း လဲခွင့်ပေး လိုက်တာ မကောင်းဟု ဆွေးနွေး ချင်ပါသည်။ နိုင်ငံတော်မှ သက်သာ ချောင်ချိအောင် ဆောင်ရွက်ပေးသလို တကယ်လက်တွေ့ ပြည်သူများ သက်သာချောင်ချိရန် လည်းစစ်ဆေးကြီးကြပ်မှု နှိုးဆော် ထိန်းသိမ်းမှု အစီအစဉ်များ လည်းရှိနေရန် လိုအပ်သည်ဟု ဖြည့်စွက်ဆွေးနွေး ချင်ပါသည်။

