မြန်မာနိုင်ငံတွင် သတင်းမီဒီယာလောက တစ်ခေတ်ဆန်းစေဖို့အတွက် မီဒီယာဥပဒေဖြစ်လာ ရေး အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ပထမဆုံး အဖြစ် ကျင်းပခဲ့သည်။ ယင်းဆွေးနွေးပွဲသို့ ဘီဘီစီမြန်မာပိုင်း ဌာနမှူးဒေါ်တင်ထားဆွေလည်း တက်ရောက်ဆွေး နွေးခဲ့သည်။ မြန်မာ့သတင်း မီဒီယာလောက၏ လက်ရှိ အခြေအနေနှင့် အနာဂတ် ပွင့်လင်းလာမှု အခြေအနေ တို့ကို တွေ့ဆုံမေးမြန်းထား သည်ကို တင်ဆက် ထားပါ သည်။
မေး- အခုမြန်မာနိုင်ငံမှာမီဒီယာဥပဒေပေါ်ပေါက်လာ ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲ ပထမဆုံးအကြိမ် အဖြစ်လုပ်တဲ့အပေါ် အန်တီရဲ့အမြင်ကို အရင်ဆုံး ပြောပြပေးပါ။
ဖြေ- ဒီမိုကရေစီနိုင်ငံဖြစ်လာပြီး နောက်မှာ တဖြည်းဖြည်းနဲ့ပိုပြီးတော့ ပီပြင်တဲ့ ဒီမိုကရေစနစ်ဖြစ် အောင် လုပ်ယူမယ်လို့ အစိုးရက ပြောနေတယ်။အဲဒီလိုဖြစ်အောင် တစ်အချက်က ပထမအဆင့်အနေ နဲ့ မီဒီယာဥပဒေ ရှိသင့်မရှိသင့် ဆိုတာကို ပါလီမန်မှာ အဆိုပြုပြီး ဆွေးနွေး သင့်တယ်လို့ ထင်တယ်။ အဲဒီလို မဟုတ်ဘဲနဲ့ မီဒီယာဥပဒေဆိုပြီး ဥပဒေမူကြမ်းအနေနဲ့ အချက်အလက်တွေပါတဲ့ စာတမ်း ထွက်လာတယ်။ဘယ်သူမှလည်း အသေးစိတ်မဖတ်ရဘူး။ ဒီအလုပ်ရုံ ဆွေးနွေးပွဲမှာ လည်း ဒီစာတမ်း အကြောင်းကို ပြောပြ သွားတယ်။ ဒီစာတမ်းနဲ့ ပတ်သက်ပြီးတော့ ဆက်ပြီး ဆွေးနွေးတာမှာ တော်တော်လေးကို အဆင်မပြေဘူး ပေါ့။ ဒါပေမဲ့ ဒီအထဲက အကျိုးအမြတ် တစ်ခုက တော့ ဒီဆွေးနွေးပွဲကို တက်နေကြတဲ့ သတင်းထောက်တွေက အခုထုတ်ပြန်မယ့် ပုံနှိပ်ဥပဒေနဲ့ ပတ်သက်ပြီးတော့ သူတို့ရဲ့စိုးရိမ်စိတ်တွေ ဖော်ထုတ် ခွင့်တော့ရ သွားတာပေါ့။ နောက်ပြီးတော့ သတင်း လိုက်ရတဲ့ကိစ္စတွေ၊ သတင်းထုတ်ရတဲ့ ကိစ္စ တွေမှာ လက်ရှိ အခက်အခဲတွေ အများကြီး ရှိနေတာတွေက နေနောက် မီဒီယာဥပဒေပေါ်လာမယ်ဆိုရင် ဘယ်လို အကန့်အသတ် တွေရှိလာမလဲ ဆိုတာတွေကို စိုးရိမ် တယ်။ အဲဒီစိုးရိမ်တာတွေကို ဖော်ထုတ်တယ်။ ဒါတွေ ကို အထက်ကို တင်ပြမယ် ဆိုရင်တော့ လူကြီးတွေ နားတော့ ရောက်သွား မယ်လို့တော့ ထင်ပါတယ်။ဒီမိုကရေစီဖြစ်စဉ်မှာတော့ ဒါကလည်း တိုးတက်မှု ဖြစ်စဉ်တစ်ရပ်လို့ ထင်ပါတယ်။
မေး- လက်ရှိမြန်မာနိုင်ငံရဲ့ သတင်းမီဒီယာပိုင်းကလဲ ဘယ်လောက်လွတ်လပ်ခွင့်ရနေပါပြီလဲ။
ဖြေ- လွန်ခဲ့တဲ့ သုံး၊ လေးနှစ်ကထက် စာရင်တော့ တော်တော်လေးတော့ ရေးသားခွင့်ရနေပြီလို့တော့ ထင်ပါတယ်။ အင်တာဗျူးတွေဆို တော်တော်လေးကို ဖော်ပြနိုင်တယ်။ သုံးသပ်ချက်တွေလဲ တော်တော် လေးတွေ့ရတယ်။ ဝေဖန်တဲ့အမြင်တွေ၊ သုံးသပ်တဲ့ အမြင်တွေလဲ ရေးသားနိုင်တာကို တွေ့ရတယ်။ ဂျာနယ်တွေဆိုလဲ တော်တော်ကိုများလာပြီ။ ဒါတွေ က တိုးတက်မှု တစ်ရပ်ပေါ့။ ရုပ်သံလွှင့်မှာတော့ အစိုးရက လုံးဝကို ထိန်းချုပ်ထားဆဲပဲ။ အက်ဖ် အမ်ရေဒီယို တွေကလည်း များလာပြီဆိုပေမယ့် ဖျော် ဖြေရေးပိုင်းလောက်ပဲ အားသန်နေ သေးတယ်။သတင်းနဲ့ပတ်သက်လို့ အစိုးရဘက်က ပုဂ္ဂလိက အသံလွှင့်တွေ ဘက်ကို တော်တော်လေးကို ထိန်း ချုပ်ထားတာတွေ့ရတယ်။ ဒါတွေ လွှတ်ပေး ဖို့လို သေးတယ်။ အက်ဖ်အမ် ရေဒီယိုတွေအနေနဲ့ နိုင်ငံခြား သတင်းတွေပြန်ပြီးတော့ တင်ပြနေတာတွေလည်းပဲ ဥပမာဘီဘီစီ တို့ဗွီအိုအေတို့နဲ့ ပါတနာရှစ်အနေနဲ့ ပူးပေါင်းထုတ်လွှင့်တင်ဆက်မှုတွေ ခွင့်ပြုဖို့လို တာပေါ့။ တခြား နိုင်ငံတွေမှာတော့ ခွင့်ပြုနေပြီလေ။သတင်းစာတွေထက်စာရင် ရေဒီယိုဖွင့်ပြီး နားထောင် ရင် ဧရိယာ တော်တော်ကျယ်ကျယ်ဝန်းဝန်းကြားနိုင် တယ်လေ။ အဲဒီဘက်ပိုင်းမှာ လျှော့ပေး ဖို့လိုမယ်လို့ ထင်တယ်။ အွန်လိုင်းက နေတစ်ဆင့် သတင်း လွှင့် တာတို့ကတော့ ဖေ့စ်ဘုတ်တို့၊ မိုဘိုင်းဖုန်းကနေ အက်စ်အမ်အက်စ် ပို့တာတို့ကတော့ အနောက်တိုင်း နိုင်ငံတွေမှာတောင် ခုမှဥပဒေတွေရေး ဆွဲနေတာ ဖြစ်လို့ ဒီမှာလဲ တဖြည်းဖြည်း တော့ဖြစ်လာမှာပါ။
မေး- သတင်းထောက်တွေအနေနဲ့ ကျင့်ဝတ်စောင့် ထိန်းရမယ့်အပိုင်းနဲ့ လုပ်ပိုင်ခွင့်ရပိုင်ခွင့်အပိုင်းမှာဘယ် အပိုင်းကအဓိကပိုကျမလဲ။
ဖြေ-သတင်းထောက်တိုင်းမှာတော့ လိုက်နာသင့်တဲ့ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းပိုင်းကနေ ကျင့် ဝတ်တွေအနေနဲ့တော့ ရှိရမှာပေါ့။ ဒါတွေကိုရေးဆွဲ သင့်တယ်။ သတင်းထောက်ဆိုတာလဲ သူရတဲ့ သတင်းတွေကို လူထုသိအောင်ဖြန့်ပေးနေရတဲ့အတွက် သူ့မှာတာဝန် တွေအများကြီးရှိသလို လိုက်နာရမယ့် စည်း မျဉ်းစည်းကမ်းတွေလဲ အများကြီးရှိရမယ်။ဒီဆွေးနွေးပွဲမှာလဲ ကျင့်ဝတ်ပိုင်းနဲ့ ပတ်သက်ပြီး တော့ ထည့်သွင်းဆွေးနွေး ခဲ့တာတွေရှိပါတယ်။ သတင်း ထောက်တွေကို ကာကွယ်စောင့်ရှောက် သင့်တဲ့ဥပဒေ လဲရှိသင့်တယ်။ သတင်းထောက်တွေဟာ သူတို့ကို အကာအကွယ်ပေးမယ့် ဥပဒေတွေချ မှတ်မထားရင် သူတို့ ထုတ်လိုက်တဲ့ သတင်းတစ်ပုဒ်ကြောင့် အမျိုးမျိုး ဒုက္ခရောက် သွားနိုင်တယ်။ ဥပမာ အနေနဲ့ပြောရရင် အီရက်စစ်ပွဲမတိုင်မီက လူတွေအသက်ပေါင်းများစွာ ဆုံးရှုံးနိုင်တဲ့ ဓာတုလက်နက်တွေ အီရတ်မှာရှိတယ် ဆိုပြီး သတင်းထွက်လာတယ်။ ဒီသတင်းက ဘီဘီစီကပါပဲ ခိုင်မာ တယ်ဆိုပြီးတော့ ထုတ်လိုက် တယ်။ ထုတ်လိုက်တော့ စုံစမ်းစစ်ဆေးရေးအဖွဲ့မှာ ပါတဲ့ ကျွမ်းကျင်သူ တစ်ယောက်က သူ့ကိုယ်သူ အဆုံးစီရင်သွားတယ်။
ဘီဘီစီမြန်မာပိုင်း ဌာနမှူးဒေါ်တင်ထားဆွေ
ဘာဖြစ်လို့လဲဆိုတော့ သူကိုးကားတဲ့ သတင်းရင်းမြစ် ဘယ်ကရလဲဆိုပြီး တော့လိုက်တာမှာ တစ်ဖက်သတင်းရင်းမြစ်က ငြင်းလိုက် တယ်။ ရှုပ်ထွေးကုန် တာပေါ့။ ဒီသတင်းက အစိုးရဆီက ရတယ်လို့ ဆိုပေမယ့် နောက်စုံစမ်းကြည့် လိုက်တော့ မဟုတ်ဘူး ဆိုတာတွေ့ရတယ်။ ဒီသတင်း မှာ ခုနကစုံစမ်းရေးဌာနက ကျွမ်းကျင်တဲ့သူကလည်း သူလဲ ပါဝင်နေတယ်လို့ဆိုပြီး ဒီကိစ္စနဲ့ပတ်သက်ပြီး တော်တော်လေး စိတ်ဆင်းရဲသွား ပုံရတယ်။ ဒီသတင်း နဲ့ ပတ်သက်ပြီး နံပါတ်တစ်က မခိုင်လုံဘဲနဲ့ တင်ပြတာ က တစ်ချက်၊ နံပါတ်နှစ်က ဒီသတင်းကိုရတဲ့ အရင်း မြစ်ကို ဖော်ကိုပြရမယ် ဆိုတဲ့အချက်၊ အဲဒီအခါမှာ ဒီသတင်းထောက်နှစ်ယောက်ကလဲ ဒီသတင်းဘယ်က ရလဲဆိုတာကို မပြောနိုင်ဘူးတဲ့။ သူ့မှာဒီအခွင့်အရေးရှိ တယ်။ သူ့ကိုတရားစွဲတယ်။ တရားရုံးမှာတက် ဖြေရှင်း တော့ နိုင်သွားတယ်။
သတင်းထောက်ကလဲ သူ့ အလုပ် သူလုပ်တယ်။ တစ်ဖက်ကသူ့ကို သတင်း ပေးတဲ့ သူရဲ့သိက္ခာကိုထိန်းဖို့ သူမပြောနိုင်ဘူးလို့ ဆိုတာ ကိုအရေး ယူတယ်။ ဒါကို တရားရုံးမှာရင်ဆိုင် လိုက်တယ်။ တရားရုံးကလည်း မှန်မှန်ကန်ကန် ဆုံးဖြတ် ပေးလိုက်တယ်။ အဲလိုကာကွယ် စောင့် ရှောက်တာ တရားဥပဒေ စနစ်အနေနဲ့ ခိုင်တယ်။ ဒါကြောင့် သတင်းထောက်တွေ အတွက် အခွင့်အရေး ကိုတရားရုံးကနေတစ်ဆင့် တိုက်ယူလို့ရတယ်။ တောင်းဆိုလို့ ရတယ်။ သတင်းထောက်တွေက စွန့်စားပြီး လုပ်ရတဲ့အတွက် ဥပမာစစ်ပွဲတွေမှာသွားပြီး သတင်းယူရတဲ့ အတွက် အသက်ဆုံးရှုံးသွားရတာ၊ ပဋိပက္ခအရေး အခင်းတွေဖြစ်တဲ့နေရာမှာ ထိန်းသိမ်း ဖမ်းဆီးတာ ခံလိုက်ရတာတွေကြောင့် သူတို့အတွက် ခံစားပိုင်ခွင့်၊ ကာကွယ်စောင့်ရှောက်ပိုင်ခွင့် ဥပဒေတွေ လိုတယ်။ ဒါကြောင့်မို့ သတင်းထောက်တွေအနေနဲ့ ကျင့်ဝတ်နဲ့ ရပိုင်ခွင့်မှာ နှစ်ခုစလုံးက အရေးကြီးပါ တယ်။ မြန်မာနိုင်ငံမှာရှိတဲ့ သတင်းထောက်တွေ အနေနဲ့ ကျင့်ဝတ်ပိုင်းမှာလိုက်နာစောင့်ထိန်းရမယ် ဆိုတာ သိဖို့လိုတယ်။ သူတို့လုပ်နေတဲ့ အလုပ် အတွက်လဲ ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေတွေလဲ ပြဋ္ဌာန်းဖို့ လိုတယ်။ အဖွဲ့အစည်း တွေလဲလိုတယ်။ သမဂ္ဂလို မျိုးပေါ့။ ဒါတွေနောင်တော့ဖြစ်လာ မလားတော့မသိ ဘူးလေ။
မေး- အခုမြန်မာနိုင်ငံမှာ သတင်းထောက်တွေအတွက် ကျင့်ဝတ်ပိုင်းအရရော ရပိုင်ခွင့်အရရောဥပဒေတစ်ရပ် အနေနဲ့ မထွက်လာ သေးတဲ့အတွက် ဘယ်ဟာကို ဦးစားပေးဖို့ လိုမလဲ။
ဖြေ- နှစ်ခုစလုံးက အဓိကကျတဲ့ အတွက်အရေးကြီး ပါတယ်။ နှစ်ခုစလုံးတစ်ပြိုင်နက်တည်းပေါ်ပေါက် လာဖို့ လိုပါတယ်။ ကျင့်ဝတ်ကို အရင်ထုတ်ပြန်ပြီးမှ သတင်းထောက်တွေကို ကာကွယ်စောင့်ရှောက်ဖို့ ကိစ္စတွေဆွေးနွေး မယ်ဆိုတာတော့ မဖြစ်သင့်ဘူး။ တစ်ချိန်တည်းမှာပဲ နှစ်ခုစလုံးကို တစ်ပြိုင်တည်းဆွေးနွေးရမှာပါ။ တစ်ပြိုင်နက်တည်း ပြဋ္ဌာန်းပေးရမှာပါ။ ဥပမာအားဖြင့် သတင်းထောက်က သူရေးလိုက်တဲ့ သတင်းကမှားသွားတဲ့အတွက် အရေး ယူခံရတယ် ဆိုရင် ပထမဦးဆုံး အထက်အရာရှိဖြစ်တဲ့ အယ်ဒီတာ ကို ဒီသတင်းမခိုင်လုံဘဲနဲ့ ဒီသတင်းထောက် ရေးသားတာကို သိရဲ့လား။ သူ့ကိုလဲ ပြောထားရဲ့ လား။သင်တန်းတွေ ပေးထားဖူးလားဆိုပြီး မေးရမှာပေါ့။ တာဝန်ရှိတဲ့သူက သူ့အထက် အယ်ဒီတာ ပဲပေါ့။သတင်းထောက်ရဲ့ ခံစားပိုင်ခွင့်ဆိုတာ အဲလို အဆင့် လောက်ကနေပြီး စစဉ်းစား ရမှာပေါ့။
မေး-မြန်မာနိုင်ငံမှာလည်း ခုနကလိုမျိုးသတင်း မီဒီယာ လောက အခြေအနေမျိုးတွေဖြစ်လာနိုင်ဖို့ ဘယ် တော့လောက်များမှ ဖြစ်လာနိုင်မလဲ။ အဓိက ဘာလို အပ်ချက်တွေ ဖြည့်ဆည်းရဦးမလဲ။
ဖြေ- ပိုပြီးတော့ ပွင့်လင်းတဲ့စနစ် ရှိလာတဲ့အခါမှာ ဖြစ်လာပါလိမ့်မယ်။ သတင်းဂျာနယ်တွေ များများ ထုတ်တာလည်း ပြည်သူတွေက ဖတ်ကြခြင်း အားဖြင့် အသိပညာ ဗဟုသုတတွေတိုးပွားလာတယ်။ သတင်း ထောက်တွေရဲ့ ခံစားပိုင်ခွင့်တွေ၊ နစ်နာနေမှုတွေကို သူတို့နားလည်လာမယ်။ ဒါကြောင့် နိုင်ငံရေးစနစ် ပွင့်လင်းလာတဲ့အခါမှာ လူထုတွေကလည်း ဗဟုသုတ များလာတဲ့အခါ လူ့ဘောင်အဖွဲ့အစည်းကလည်း ချမှတ်ထားတဲ့ လွယ်လွယ်ကူကူ သုံးရရင် လူ့အခွင့် အရေးလိုမျိုးတွေပေါ့။
မေး-ပြည်ပသတင်း ဌာနတွေအနေနဲ့ ပြည်တွင်းက အစိုးရထိပ်ပိုင်း သတင်းတွေကို ရယူတဲ့နေရာမှာ ပြောင်းလဲမှုတွေ ရှိပါပြီလား။
ဖြေ- ရနေပါပြီ။ သတင်းတွေ တောင်းတဲ့အခါမှာလည်း ပြောတယ်။ အခုမအားသေးပါဘူး ဆိုရင်လည်း နောက် ဘယ်အချိန်မှာ ပြန်ခေါ်ပါဆိုပြီး ပြောတယ်။ လွှတ် တော်ထဲကို သတင်း ကိုယ်တိုင်သွားယူရတဲ့ အခါမှာလည်း လွတ်လွတ်လပ်လပ် ရှိနေပါပြီ။ တိုးတက်မှုတွေ ကတော့အများကြီးရှိနေပါပြီ။ အခုအန်တီ ကိုယ်တိုင် ဒီမှာလာပြီးတော့ ပြည်တွင်း သတင်းထောက်တွေနဲ့ စကားပြော ခွင့်ရတယ်။ အင်တာဗျူးရ တယ်ဆိုတာ တွေက တိုးတက်မှုတွေပဲ။ အန်တီတို့ သတင်းဌာန တွေလည်း ဒီမှာရုံးခွဲတွေထားချင်တယ်။ လွတ်လွတ် လပ်လပ် သတင်းလိုက်ချင်တယ်။ ဘီဘီစီရဲ့ ပရိသတ် က ကမ္ဘာမှာလူပေါင်းသန်း ၂၅၀ ရှိတယ်။ ဒါကြောင့် ပြည်တွင်းမှာ လွတ်လပ်စွာနဲ့ သတင်း ယူခွင့်ရမယ် ဆိုရင် ကောင်း တာပေါ့။ အန်တီတို့ ဘီဘီစီသတင်း ဌာန အပါအဝင်တခြားသော ပြည်ပသတင်းဌာန ကြီးတွေကလည်း လာကြဖို့စောင့် နေကြတယ်။ ခုလို သတင်းလွတ်လပ်ခွင့်ရလာပြီဆိုရင် အကုန်လုံးပေါ့။ပုံနှိပ်ရော၊ ရုပ်သံရောဌာနတွေများ လာကြရင် မြန်မာ သတင်းကို အသံလွှင့်ဌာန တွေကနေစောင့်ပြီး နားထောင်မလား၊ ဂျာနယ် စာစောင် ကိုပဲစောင့် ပြီးဖတ်မလား။ လူ့ရဲ့သဘာဝအရ သတင်းဖြစ်ပြီဆိုရင် အရင်ဆုံး သိချင်တာပဲ။ ဒါကြောင့် နိုင်ငံတကာသတင်း ဌာနတွေကလည်း ဒါတွေအားလုံး ကိုစဉ်းစားလာကြပြီ။
ခုလိုဖြေကြားပေးတဲ့အတွက် အန်တီ ဒေါ် တင်ထားဆွေကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။

