မန္တလေးတိုင်းဒေသကြီးရှိ အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် တရား ဟောမှုကြောင့် သီတင်းသုံးရာ သာဓု ပရိယတ္တိစာသင်တိုက်မှ ထွက်ခွာခဲ့ရ သည့် ရွှေညဝါဆရာတော် ဦးပညာ သီဟ သီတင်းသုံးနေထိုင်ရန်အတွက် ၈၈မျိုးဆက်ကျောင်းသားများမှ အလှူခံ ထွက်ခွာ မည်ဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့ ၈၈တွေအနေနဲ့ ဆရာတော် လက်ရှိသီတင်းသုံးတဲ့ မှော်ဘီမှာ ကျောင်းဆောက်ဖို့ ငွေ ဖလားကိုင်ပြီး အလှူခံထွက်မယ်။ လှူ ဒါန်းချင်တဲ့သူ တွေကို ဆရာတော်နဲ့ ဆက်သွယ်ပေးမယ်''ဟု ၈၈မျိုးဆက် ကျောင်းသား ဦးကိုကိုကြီး (စမ်းချောင်း) က ပြောသည်။ ဘုန်းကြီးကျောင်းဆောက်လုပ် ရန်အတွက် အလှူခံထွက်မည်ဟု ၈၈ မျိုးဆက်ကျောင်းသားများက ဆုံးဖြတ် ပြီးသော်လည်း မည်သို့သောနည်းမျိုးဖြင့် မည်သည့်နေ့တွင် စတင် အလှူခံ မည်ကို စဉ်းစားနေဆဲ ဖြစ်ကြောင်း ယင်းက ဆက်လက်ပြောသည်။
ရွှေညဝါဆရာတော်သည်ရန်ကုန် တိုင်းဒေသကြီး သံဃနာယကအဖွဲ့၏ ဇန်နဝါရီ ၁၉ရက် ဆုံးဖြတ်ချက်ကို ငြိမ်းချမ်းစွာ လက်ခံခဲ့ပြီး ဆုံးဖြတ်ချက် တွင်ပါရှိသည့်အတိုင်း ဆုံးဖြတ်ချက် ချမှတ်သည့်နေ့မှ တစ်လပြည့်မြောက် သည့်နေ့ဖြစ်သော ဖေဖော်ဝါရီ ၁၉ရက် တွင် သာဓုကျောင်း မှ ထွက်ခွာခဲ့သည်။
ရွှေညဝါဆရာတော် ဦးပညာသီဟ အားတွေ့ရစဉ်
''ဆရာတော် လက်ရှိ သီတင်းသုံး နေတာက ဒါယကာ တစ်ဦးလှူထားတဲ့ မှော်ဘီ သဲအင်းဂူနားကခြံမှာပါ။ ဒီနေ့ ပဲ ဆရာတော်သီတင်းသုံးဖို့ ဝါးတဲလေး တစ်တဲ အမြန်ထိုးလိုက်ရတယ်'' ဟု ရွှေညဝါဆရာတော်၏ ဒါယကာရင်း ဖြစ်သူ ၈၈မျိုးဆက်ကျောင်းသား ဦးကိုကိုကြီး (စမ်းချောင်း) က ဆိုသည်။
သာဓုကျောင်းမှမထွက်ခွာမီ ဆရာတော်ဦးပညာသီဟသည် ရန်ကုန် မြို့ရှိ မြို့နယ်အချို့သို့ သုံးရက်ဆက် တိုက် ခြေကျင်ဆွမ်းခံကြွရောက်ခဲ့ သည်။ ''ဆရာတော်က ကျွန်မတို့ကို နှုတ်ဆက်တဲ့အနေနဲ့ နောက်ဆုံး အကြိမ် ဆွမ်းခံကြွခဲ့တယ်။ ဒီလို အများကောင်း ကျိုး၊ သာသနာကောင်း ကျိုးကို ဆောင်ရွက်နေတဲ့ ဆရာတော် တစ်ပါးက ဒီလိုအဖြစ်မျိုးနဲ့ကြုံတယ် ဆိုတာ မယုံနိုင်ဘူး''ဟု ကမာရွတ်မြို့ နယ်မှ အသက်(၅၀) အရွယ်ရှိ အမျိုး သမီးတစ်ဦးက ဆိုသည်။
ရွှေညဝါဆရာတော် ဦးပညာ သီဟသည် ၁၉၈၈အရေးအခင်း တွင်နာမည်ကြီးခဲ့သည့် ကုန်သွယ်ရေးရုံး ဖြစ်စဉ်တွင် တာဝန်ကျ တပ်မတော် သားများကို အသက် အန္တရာယ်မကျ ရောက်စေရန် ကယ်တင်ခဲ့သည့်ရဟန်း ဖြစ်ကြောင်း ပြည်ပ အခြေစိုက် မဇ္ဈိမ သတင်းဌာနနှင့် အင်တာဗျူး တွင်ထုတ် ဖော်ပြောကြားထားသည်။
ရွှေညဝါဆရာတော် သာဓု ကျောင်းတိုက်မှ ထွက်ခွာရပါက ၈၈မျိုး ဆက်ကျောင်းသားများအနေဖြင့် တတ် ကျွမ်းသည့်အနုပညာနှင့် ဆရာတော် သီတင်းသုံးရန် အလှူခံပေးမည်ဖြစ် ကြောင်း ရွှေညဝါဆရာတော်နှင့် ကိုမင်း ကိုနိုင်တို့ ပထမဆုံး အကြိမ် တွေ့ ဆုံစဉ် ကိုမင်းကိုနိုင် က လျှောက်ထားခဲ့သည်။
ရွှေညဝါဆရာတော်အား ဖေ ဖော်ဝါရီ ၁၉ရက် ၂၀၁၁ခုနှစ်မှစတင် ကာ တရားဟောခွင့် တစ်နှစ်ပိတ်ပင် သည့်ဖြစ်ရပ်လည်း ဖြစ်ခဲ့ဖူးသည်။

