အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် မကြာမီ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အန်င်အယ်ဒီအနိုင်ရရေးအတွက် မဲဆွယ် စည်းရုံးမှုကို ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် စတင် လှုံဆော် ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လစ်လပ်မဲ ဆန္ဒနယ်များဖြစ်သည့် မရမ်းကုန်းမြို့နယ်နှင့်လှည်းကူးမြို့နယ်တို့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား ကိုယ်စားပြုကာဝင်ရောက် ယှဉ်ပြိုင်မည့် ဒေါ်မေဝင်းမြင့် နှင့်ဦးဖြိုးမင်းသိန်းတို့အား ထောက်ခံမဲ ပေးကြပါရန် ဒေါ်အောင်ဆန်းစုကြည်မှ ဒေသခံလူထုအား နေရာနှင့် အချိန်ခွဲခြား၍ ပြောကြားခဲ့သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်
အန်င်အယ်ဒီပါတီ ကိုယ်စားပြု ကိုယ်စားလှယ်လောင်းများကို တိုင်းရင်းသား ဖြစ်မှု၊အမျိုးသမီးကို ဦးစားပေးမှုစသည့် အချက်များဖြင့် စိစစ်ရွေးချယ်ခဲ့ကာ၊အဆိုပါ ကိုယ်စားလှယ်များ အနေဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ လုပ်ကိုင်ခြင်း ရှိ၊ မရှိကို ပါတီမှစောင့်ကြပ် ကြည့်ရှုသွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်လူထုအား ကတိပေးခဲ့သည်။
အန်င်အယ်ဒီပါတီ အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်မည့် အခြားပါတီမှ ကိုယ်စားလှယ်လောင်းများကို ရန်ဘက်အနေဖြင့် မမြင်ဘဲ ၊ ပြိုင်ဘက် အနေဖြင့်သာရှုမြင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က လှည်းကူးမြို့နယ်တွင် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် အလုပ်လက်မဲ့ပြဿနာ ဖြေရှင်းရေးကိစ္စရပ်သည် ဦးစားပေး လုပ်ဆောင်ရမည့် ကိစ္စဖြစ်ကာ၊ ပညာရေးနှင့် ကျန်းမာရေး ကိစ္စရပ်ကိုလည်း ရေရှည်စီမံကိန်း အနေဖြင့် ဆက်လက် လုပ်ဆောင် ရမည် ဖြစ်ကြောင်း ယင်းက ဆက်လက် ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးတွင် လစ်လပ်မဲဆန္ဒနယ် ခြောက်နေရာရှိကာ အန်င်အယ်ဒီပါတီကို သစ္စာစောင့်သိပြီး၊ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကိစ္စရပ်ကို လှုပ်ရှားခဲ့သူများကို ဦးစားပေးရွေးချယ်ခဲ့ကြောင်း သိရသည်။

