ကိုကို(စက်မှုတက္ကသိုလ်)- ကိုအောင်ဇော်ရေ။ ကျွန်တော်တို့အနေနဲ့ အခု ဝေးကွာ နေတဲ့သူတွေ ပြန်လည်ဆုံတွေ့ရတယ်။ နှစ်ပေါင်း ၂ဝကျော် အတွင်းမှာ မြန်မာ နိုင်ငံကို ပထမဆုံးပြန်လာပြီးတော့ ပြန်လည်ဆုံတွေ့ရတဲ့ ခရီးလည်းဖြစ်တယ်။ အခု လိုမျိုး ပြန်ရောက် လာတဲ့အတွက် ကိုအောင်ဇော် အနေနဲ့ ဘယ်လိုမျိုး ခံစားရသလဲ၊ ဘာတွေခံစား ရသလဲဆိုတာကို အရင်ဆုံးလေးပြောပြပေးပါ။
အောင်ဇော်- ကျွန်တော် အပြောင်းအလဲတွေကို လေယာဉ်ပေါ်မှာက တည်းကမြင်ရတယ်။ လေယာဉ်ပေါ်မှာ ဒူဘိုင်းမှာ အလုပ်လုပ်ကြတဲ့သူတွေ၊ အနယ် နယ်အရပ်ရပ်ကပြန်လာတဲ့သူတွေနဲ့ တွေ့ရတယ်။ သူတို့က ကျွန်တော့်ကိုသိတယ်။ ဧရာဝတီကိုသိတယ်။ အွန်လိုင်း ဧရာဝတီကိုသိတယ်။ TV-Programme ကို စိတ် ဝင်စားတဲ့သူတွေနဲ့တွေ့တယ်။ လေယာဉ်က ရန်ကုန်ကို ဆိုက်ကာနီးမှာ လာပြီး တော့နှုတ်ဆက်ကြတယ်။ တံဆိပ်ထုပေးတဲ့ လူဝင်မှုကြီးကြပ်ရေးက အရာရှိတစ် ယောက်တောင် လာပြီးတော့ မိတ်ဆက်တာတွေရှိတယ်။ နောက်က စောင့်နေတဲ့ သူတွေကတောင် ငြိုငြင်တာခံရတယ်။ အပြင်ကလာကြိုတဲ့သူတွေကတောင် စစ်ဆေးတာခံနေရပြီလို့တောင် ထင်နေတယ်။ အမှန်ကတော့ ကိုယ်ပရိသတ်နဲ့ကိုယ် ပြန်ပြီးတော့ စကားပြောတယ်။ အွန်လိုင်းကို ဘယ်လိုလုပ်သလဲလို့။ Story တွေ ကို ဘယ်လိုရေးလဲ။ TV-Programme တွေကို ဘယ်လိုတွေလုပ်လဲဆိုတာတွေ ကို မေးကြတယ်။ Very Hospital ဖြစ်တယ်လို့ ခံစားရတယ်။ ကိုယ့်ပရိသတ်နဲ့ကိုယ်။
ကိုကို(စက်မှုတက္ကသိုလ်)- ဟုတ်ပါတယ်။ အခုလိုမျိုး နှစ်ပေါင်း ၂ဝကျော် ကွဲသွားပြီး တော့ ပြန်တွေ့တော့ အပြောင်းအလဲတွေက ဘယ်လိုဖြစ်လဲ။ လူတွေကို ဆက်ဆံရ တာက ဘယ်လိုမျိုးဖြစ်လဲ။ နောက်တစ်ခုကတော့ ရန်ကုန်မြို့ရဲ့ မြင်ကွင်း ကရော ဘယ်လိုမျိုး ဖြစ်လဲ။
အောင်ဇော်- ရန်ကုန်ကတော့ အများကြီးပြောင်းလဲ သွားတယ်လို့ ကျွန်တော်ထင်တယ်။ အပြောင်းအလဲကိုလည်းတွေ့တယ်။ မပြောင်း လဲတာတွေလည်းတွေ့တယ်။ အကြောက်တရားကို နည်းသွားတယ်လို့ ကျွန်တော်ခံစားရတယ်။ လူတွေရဲ့ မျက်နှာ ပေါ်မှာ ပိုပြီးတော့ တက်ကြွရွှင်လန်းတာတွေ၊ ပိုပြီးတော့ မျှော်လင့်ချက်ရှိတယ်ဆိုတဲ့ အတွေးအခေါ်ရှိတယ်ဆိုတာ တွေကို ပိုပြီးတော့မြင်ရတယ်။ တစ်ချိန်တည်း မှာပဲ လူတွေရဲ့ Doubt(သံသယ)တွေ၊ ဖြစ်နေတာ တွေကို လည်း တွေ့ရတယ်။ အဲဒါကိုလည်း သာမန်လူတန်းစားကနေ ပညာတတ် အသိုင်းအဝိုင်း မှာကို တွေ့နေရသေးတယ်။ ထူးခြားတာက ဘာလဲဆိုတော့ စားသောက်ဆိုင်ပဲ ဖြစ်ဖြစ်၊ တစ်နေရာကိုပဲဖြစ်ဖြစ် သွားတဲ့အခါကျရင် လာပြီးတော့ မေးမြန်း တာတွေရှိ တယ်။ အဲဒီအခါကျရင်တော့ ကျွန်တော်က ပြန်ပြီးတော့မေးတယ်။ ဘာတွေဖြစ်နေ လဲ။ အခု ဘာတွေခံစားနေရသလဲ ဆိုတာမျိုးတွေကို ပြန်ပြီးတော့မေးတယ်။ တချို့ဆိုရင်တော့ အစိုးရအနေနဲ့ကတော့ Show Business ပေါ့ အစိုးရကို ပြောတယ်။ အပြောင်းအလဲမရှိဘူး။ သူတို့ကို စောင့်ကြည့်ပါဦး။ ခြောက်လ စောင့်ကြည့်ပါဦး။ တစ်နှစ်စောင့်ကြည့်ပါဦး။ သူတို့ကိုမယုံရဘူး။ တချို့ကျတော့လည်း ဒါကမျှော်လင့် ချက်ရှိတယ်။ လမ်းမှန်ကိုသွားနေပြီ စသည်ဖြင့် အမြင်အမျိုးမျိုး ရှိတယ်ဆိုတာကို တွေ့ရတယ်။ တစ်ခုသတိထား မိတာကတော့ လူတွေမှာ အကြောက်တရားတွေ နည်းလာတာကိုတော့ တွေ့ရတယ်။
ကိုကို(စက်မှုတက္ကသိုလ်)- အခုလောလောဆယ် မြန်မာနိုင်ငံကို ရန်ကုန်မြို့ကို တွေ့ ရတာက Mix Feeling ပေါ့။ အရောင်တွေရောထွေးနေတယ်လို့ ပြောလို့ရသ လား။ အဖြူတွေ၊ အမည်းတွေ ရောထွေးနေတယ်လို့ ပြောချင်သလား။
အောင်ဇော်- အဖြူတွေ၊ အမည်းတွေရော ကာလာစုံတယ်။ ဂရေးဖြစ် တာတွေလဲ အများကြီးတွေ့ရတယ်။ ကျွန်တော်တွေ့တာတွေကို ချုပ်ရရင်တော့ ဒိုင်းနမစ်ဖြစ်တယ်လို့ ပြောချင်တယ်။ အပေါင်းလား၊ အနုတ်လားဆိုရင်တော့ ကျွန်တော့် အနေနဲ့ အပေါင်းဘက် ကို ပြောင်းလာတယ်လို့ မြင်ရတယ်။
ကိုကို(စက်မှုတက္ကသိုလ်) - ကျွန်တော့်အနေနဲ့ပြောရရင်တော့ အပြောင်းအလဲဖြစ် မှုကို စိုးရိမ်တာကတော့ သဘာဝကျ တယ်လို့ ပြောချင်တယ်။ လူတွေက နှစ် ၂၀ ပေါ့ဗျာ။ လမ်းစဉ်ပါတီခေတ်ကို ထားလိုက်ပါဦး။ ဘာကြောင့်လဲဆိုတော့ နှစ် ၂ဝကျော် အုပ်ချုပ်ခဲ့တဲ့ အရင်အစိုးရလက်ထက်တုန်းက ကောင်းမလိုဖြစ်လိုက် နောက်ပြန်ရောက်လိုက်၊ တက်လိုက်၊ ကျလိုက်ဖြစ်နေတယ်။ လူတွေက မျှော်လင့် ချက်တွေ ဖြစ်လာလိုက်၊ ပြန်ကျသွားလိုက်နဲ့ပေါ့။ စာနယ်ဇင်း တွေကိုယ်တိုင် လည်း အဝေဖန်ခံရတာ တွေရှိတယ်။ ကျွန်တော်တို့ကတော့ အပြုသဘောနဲ့ ကောင်းလာ မယ်ဆိုပြီးတော့ ရေးကြတယ်။ တကယ်ဖြစ်မလာတော့ အဝေဖန်ခံရတယ်။ အဲဒီ သင်ခန်းစာတွေရှိခဲ့တယ်။ အဲဒါကြောင့် လူတွေက အခုကောင်း လာပေမယ့် လုံးဝ စိတ်ချပြီး မယုံရဲတဲ့ သဘောမျိုးဖြစ်နေတယ်။ ကိုအောင်ဇော်အမြင်လေးကိုလည်း ပြောပြပေးပါဦး။
ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် လက်ညိုးထိုး နေမယ့်အစား ဒီလောက်လှပပြီးတော့ Resources တွေပေါများတဲ့ မြန်မာနိုင်ငံ မှာ အားလုံးတွဲပြီးတော့ လက်ချင်းယှက်ကြရင် ကောင်းမယ်လို့ ကျွန်တော်မြင် တယ်။
အောင်ဇော်- မှန်ပါတယ်။ ကျွန်တော်ထင်တယ်။ လမ်းစဉ်ပါတီခေတ် မှာရော အာဏာရှင်အစိုးရခေတ်မှာရော နေခဲ့တဲ့ မြန်မာပြည်သူတွေ အနေနဲ့က တော့ ကျွန်တော် Confirm လုပ်ကြည့်တယ်။ မြန်မာပြည်အကြောင်းကို အမြဲတမ်း လေ့လာနေတဲ့သူတွေ၊ ပညာတတ်တွေ၊ ကျွန်တော်တွေ့ခဲ့တဲ့ တက္ကသိုလ်ပါမောက္ခတွေ၊ စောင့်ကြည့်နေသူတွေကို မေးကြည့်တဲ့အခါမှာတော့ မြန်မာလူမျိုးတွေက (Politically )မှာ အရမ်းစင်ဒီကယ် ဖြစ်တာကို တွေ့ရတယ်။ ဘာကြောင့် စင်ဒီကယ် ဖြစ် ရတာလဲလို့ မေးကြည့်တော့။ သူတို့ရဲ့အတွေ့အကြုံအရ စင်ဒီကယ် ဖြစ်အောင် သင်ကြား၊ ထုလုပ်ပေးလိုက်တယ်လို့ ကျွန်တော်နားလည်ရတယ်။
ကိုကို(စက်မှုတက္ကသိုလ်) - ကျွန်တော်တို့က အရင်တုန်းက လူချင်းမတွေ့ခဲ့ရဘူး။ အခုကဝေးနေတဲ့ညီအစ်ကိုတွေ ပြန်တွေ့ရတယ်။ Work Shop မတိုင်ခင်မှာ တွေ့ရ တယ်။ ကျွန်တော်တို့ကတော့ စာနယ်ဇင်းညီအစ်ကိုတွေပါပဲ။ တိုင်းပြည် ချစ်တဲ့ သူတွေ ပြန်တွေ့ကြတယ်။
အောင်ဇော်-ကျွန်တော် ထင်တာကတော့ စာနယ်ဇင်းညီအစ်ကိုတွေ ပြန်တွေ့ရတဲ့ သဘောပါပဲ။ ဒါပေမဲ့ တစ်သွေး တစ်သံတစ်မိန့်တည်း မှာတော့ အတူ ရှိခဲ့တာမဟုတ်ဘူး။ လွတ်လပ်စွာ သဘောထားကွဲလွဲနေတယ်။ အရောင်အသွေး မတူကြဘူး။ Diversity လိုမျိုးပေါ့။
ကိုကို(စက်မှုတက္ကသိုလ်) - ပန်းရောင်စုံပွင့်နေတဲ့ ဥယျာဉ်တစ်ခုလိုပေါ့။ Harmony ဖြစ်ဖို့တော့ လိုအပ်တယ်။
အောင်ဇော်- မီဒီယာအခင်းအကျင်းနဲ့ပတ်သက်ပြီး ဦးကိုကိုကမေးလာ ခဲ့ရင်တော့ အများကြီးတော့ မျှော်လင့်ချက်ရှိတယ်။ ကျွန်တော့် အထင်ဆိုရင်တော့ မီဒီယာလွတ်လပ်ခွင့်ကို ကာကွယ်စောင့်ရှောက်တဲ့အခါမှာဆိုရင်တော့ အားလုံးက တော့ စည်းလုံးမှုရှိရ မယ်လို့တော့ ထင်တယ်။ ဦးကိုကိုကရော ဘယ်လိုထင်သလဲ။
ကိုကို(စက်မှုတက္ကသိုလ်) - မှန်ပါတယ်။ Common Goalပေါ့။ မတူညီမှုအချက်တွေ လည်းရှိတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ မီဒီယာအချင်းချင်း မတူညီတွေ ကတော့ စနစ်တစ်ခုကြောင့်လို့ထင်တယ်။ စနစ်တစ်ခုရဲ့ သားကောင် ဖြစ်ခဲ့ရတယ် လို့ထင်တယ်။
အောင်ဇော်- မှန်တယ်။ စနစ်ကလည်း ကျွန်တော်တို့ကွဲရင် သူတို့ကြိုက် တယ်။ စည်းလုံးနေရင် မကြိုက်ဘူး။ စနစ်ရဲ့သားကောင်မဖြစ်ဖို့ အတွက်ကို လည်းထည့်သွင်းစဉ်းစားသင့်တယ်။
ကိုကို(စက်မှုတက္ကသိုလ်) - အခုကတော့ စနစ်ပြောင်းသွားပြီ။ ကိုအောင်ဇော်အနေ နဲ့လည်း ဒီကိုမြန်မြန် ဆန်ဆန် လာရမယ်လို့ စဉ်းစားမိမှာမဟုတ်ဘူး။
အောင်ဇော်- မှန်တယ်။ ကျွန်တော်ကတော့ ရွှေပြည်တော်မျှော်တိုင်း ဝေးပြီလို့တောင် ထင်ထားတာ။ ဒီနေ့ ဒီကိုရောက်နေတယ်။ အိပ်ရာကနိုးလာတိုင်း ရန်ကုန် ကိုရောက်နေပါလားဆိုတာကို ပြန်ပြီးသတိပေးနေရတယ်။ ဒီကမီဒီယာ တွေ အကုန်လုံး ကို Appreciate လုပ်တယ်။ စာနယ်ဇင်းက ပုဂ္ဂိုလ်တွေကို ကျေးဇူး တင်တယ်။ ထပ်ပြီးလာနိုင်အောင်လည်း ထပ်ပြီးတော့ကူညီစေချင်တယ်။
ကိုကို(စက်မှုတက္ကသိုလ်) - အခုကိုအောင်ဇော်အနေနဲ့ ဒီကိုလာတာက မြန်မာနိုင်ငံရဲ့ အခင်းအကျင်းကို လာပြီးစမ်းသပ်တာလား။
အောင်ဇော်- ကျွန်တော် အဲဒီလိုမထင်ဘူး။ Visit နဲ့ Return ကို ခွဲပြီး တော့ပြောရမယ်။ ကျွန်တော်တောင်းတာက ဂျာနယ်လစ်ဗီဇာ။ Social Visit မဟုတ်ဘူး။ ကွဲကွာနေတဲ့ ဆွေမျိုးမိသားစုနဲ့တောင် မတွေ့ရဘူး။ စာနယ်ဇင်းပိုင်းက လူတွေနဲ့ပဲတွေ့တယ်။ နှစ်ပေါင်းများစွာမတွေ့ရသေးတဲ့ အနီးဆုံးလူတွေနဲ့တောင် မတွေ့ရသေးဘူး။ Social Visit လာဖို့အတွက် စိတ်မဝင်စားဘူး။ အလုပ်လုပ်တဲ့ ဗီဇာနဲ့ပဲ လာချင်တယ်။
ကိုကို(စက်မှုတက္ကသိုလ်) - အဲဒီလိုမျိုးပြန်လာရင်း ပြန်လာရင်းနဲ့ နောက်ပိုင်းမှာ အတည်တကျပြန်နေဖို့ ရှိမလား။
အောင်ဇော်- ကျွန်တော်အနေနဲ့ကတော့ မြန်မာပြည်မှာတော့ Professional ဖြစ်တဲ့ ဂျာနယ်လစ်ဇင်တစ်ခုကို ကျွန်တော်နဲ့ အရောင်တူ အသွေး တူတဲ့ သူငယ်ချင်းတွေနဲ့အတူလုပ်ဖို့ စိတ်ဝင်စားတယ်။ တစ်မိုးအောက်မှာ အတူနေတဲ့သူတွေလို့ သတ်မှတ်တယ်။ ခွဲခြားသတ်မှတ်ခြင်းမရှိပါဘူး။ ကျွန်တော့်ကိုကျွန်တော် Exclusive ဖြစ်တဲ့ ကလပ် တစ်ခုအဖြစ် မသတ်မှတ်ပါဘူး။ မီဒီယာလွတ်လပ်ခွင့်ကိစ္စတွေမှာတော့ ဦးကိုကိုတို့အပါအဝင် အားလုံးနဲ့ပူးပေါင်း လုပ်ဖို့ ကျွန်တော်တို့က တစ်တပ်တစ်အား လုပ်ဖို့ ပါဝင်ချင်ပါတယ်။
ကိုကို(စက်မှုတက္ကသိုလ်) - ကျွန်တော်တို့ရဲ့ လက်ရှိစာနယ်ဇင်းတွေရဲ့အနေအထားကို ဘယ်လိုသုံးသပ်သလဲ။
အောင်ဇော် - တံခါးကတော့ တစ်ချပ်ပဲပွင့်သေးတယ်။ တံခါးတွေ အကုန်လုံးဖွင့်ဖို့ လိုအပ်ပါတယ်။ အစိုးရအတွက် ပြည်သူတွေအတွက် အားလုံးအတွက် အကျိုးရှိမယ့်ကိစ္စပါပဲ။ ကျွန်တော်တို့အရင်တုန်းက ရေးလို့မရတဲ့ စာတွေရှိ တယ်။ အွန်လိုင်း တွေကို ပိတ်ထားတယ်။ အခု ဒီလိုမျိုးမဟုတ်တော့ဘူး။ ကျွန်တော်ထင်တာကတော့ အဲဒါတွေကို ဆက်ပြီးတော့ ဒီ့ ထက်ပိုပြီးတော့ လုပ်သင့်တယ်။ ဦးကိုကိုကကော ဘယ်လိုထင်သလဲ။
ကိုကို(စက်မှုတက္ကသိုလ်) - ပွင့်လင်းမှုကိုတော့ ကျွန်တော်တို့ကြိုက်ပါတယ်။ ကျွန်တော်တစ်ခုပဲ စိတ်ပူမှုကတော့ အဲဒီပွင့်လင်းမှုနဲ့ အတူမီဒီယာလောကသား တွေအနေနဲ့ကတော့ Capacity နဲ့ပတ်သက်ပြီး အဆင်သင့် ဖြစ်လောက်ပြီလို့ ထင်လား။
အောင်ဇော်- ကျွန်တော့်အထင်ကတော့ (Still long way to go ) ခရီးရှည်သွားရဦးမယ်လို့ ထင်ပါတယ်။ အဲဒါက တော့ ပြဿနာမဟုတ်ပါဘူး။ Process တစ်ခုဖြစ်ပါတယ်။ အခုမှ အစပဲရှိပါသေးတယ်။ စာနယ်ဇင်းကိစ္စကို ပြောတာပါ။ Professional Ethic ကိစ္စတွေ၊ လိုက်နာဖို့ ကိစ္စတွေမှာ ကျွန်တော်တို့ထဲမှာ အများကြီး လုပ်ရဦးမယ်။ လက်ရှိဖြစ်နေတဲ့ လွတ်လပ်ခွင့်ကိုရော Use လုပ်မှာလား၊ Abuse လုပ်မှာလား။ Abuse လုပ်မယ်ဆိုရင်တော့ ပြဿနာရှိမယ်။ Use လုပ်မယ် ဆိုရင်တော့ ကျွန်တော်တို့ ရှေ့ဆက်သွားလို့ရမယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော်ကတော့ မီဒီယာလွတ်လပ်ခွင့်ကိုတော့ Use လုပ်ရမယ်လို့ထင်တယ်။ Cpacity Building တွေ Human Resources တွေ အများကြီး လုပ်ရမယ်။ အဲဒီကိစ္စတွေကို အစိုးရတွေ အနေနဲ့ ထပ်ပြီးတော့ တံခါးတွေဖွင့်ပေးရမယ်။ လုပ်ပေးရမယ်။ ကျွန်တော်တို့ရဲ့ ညီနောင်ဘွားမီဒီယာသမားတွေ ကလည်း ပိုပြီးတော့ အိုးပင်းမိုင်းဖြစ်ဖို့တော့ လိုအပ်တယ်။ ကျွန်တော်တို့ကတော့ ပရော်ဖက်ရှင် နယ် ဖြစ်တယ်ဆိုတာကို ပြဖို့ လိုအပ်တယ်။ အဲဒါမှ တိုင်းပြည်ရဲ့ နားနဲ့မျက်စိဖြစ်တဲ့ မီဒီယာက တိုင်းပြည်ရဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးတွေမှာ ပိုပြီး Advanced ဖြစ်ဖို့အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍက နေ ပါဝင် လှုပ်ရှား ဖို့လိုအပ်တယ်။
ကိုကို(စက်မှုတက္ကသိုလ်) - အဲဒီကိစ္စတွေမှာ ကိုအောင်ဇော်တို့အနေနဲ့ ကျွန်တော်တို့ကို အကူအညီတွေ ဘယ်လောက်ပေးနိုင်မလဲ။
အောင်ဇော်- ကျွန်တော် အများကြီးကူညီချင်တယ်။ ကျွန်တော်တို့ကို လုပ်ခွင့်ပေးပါ။ အားလုံးကို ကျွန်တော်တို့သိ ထားတာတွေကို Share လုပ်ပေးချင်တယ်။ Lecture ပေးဖို့မဟုတ်ဘူး။ အပေါ်ကနေလာဖို့ အစီအစဉ်မရှိဘူး။ အားလုံးကို Welcome လုပ်ချင်တယ်။ ကျွန်တော်တို့သိထားတာ တွေကို ပြန်ပြီး Share လုပ်ပေးချင်တယ်။ အဲဒီတော့ လုပ်ခွင့်တွေကို ဦးကိုကို တို့က ကျွန်တော့်ကိုပေးမလား။ အခြားသူတွေပေးမလား။ အထူးသဖြင့် အစိုးရက ကျွန်တော့်ကို ပေးမလား။ အားလုံးတန်းတူ လုပ်စေချင်တယ်။ ဒီတစ်ခေါက် ငါးရက်ဗီဇာရတယ်။ လုံလောက်တယ်။ တစ်ခါမှမသိတဲ့သူတွေ၊ ဖုန်းထဲမှာ ရင်းနှီးခဲ့တဲ့သူတွေ နဲ့တွေ့ခဲ့ရတယ်။ ကျွန်တော်တို့ကို လုပ်ခွင့်သာပေးပါ။ အားလုံးကို တန်းတူဖြစ်စေ ချင်တယ်။
ကိုကို(စက်မှုတက္ကသိုလ်) -အခု စောစောကပြောခဲ့သလို ကိုအောင်ဇော်တို့ Website တွေကို ဖွင့်ပေးတယ်။ ပြီးခဲ့တဲ့ရက်ပိုင်း လောက်တုန်းကလည်း မဇိ္ဈွမကလာတယ်။ လာမယ့်ရက်ပိုင်းမှာလည်း အာအက်ဖ်အေက ကိုကျော်ကျော်အောင် တို့လည်း လာမယ်ဆိုတဲ့ အသံတွေကြား နေရတယ်။ ကိုအောင်ဇော်တို့လည်း ရောက်လာတယ်။ နောက်ပြီး ထပ်လာမယ့်လူတွေရဲ့ အသံလည်း ကြားနေရတယ်။ အဲဒါတွေနဲ့ပတ်သက်ပြီးတော့ ဘာကြောင့် လုပ်တယ်လို့ ထင်လဲ။
အောင်ဇော်- အစိုးရအနေနဲ့ကတော့ ကျွန်တော်ထင်တယ်။ ဒီ reform> မှာ အသွင်ကူးပြောင်းကာလဖြစ်တဲ့ Transition ကာလမှာတော့ Packaging မှာကော၊ Approach မှာကော၊ Strategy မှာကော လုံးဝကိုပြောင်းသွားပြီလို့ထင်တယ်။ ဒါကြောင့်လည်း နိုင်ငံတကာကကော မြန်မာပြည်သူပြည်သားတွေကပါ စပြီးတော့ သူတို့ကိုအသိအမှတ်ပြုတာတွေကော၊ စောင့်ကြည့်လေ့လာတာတွေ၊ Welcome လုပ်တာတွေကော မျှော်လင့်ချက်တွေ စပြီးရှိလာတွေကို တွေ့ရတယ်။ ကျွန် တော့်အထင် ဒါကြီးကိုတော့ သူတို့အနေနဲ့ နောက်ကိုပြန်ပြီးတော့ ဆုတ်လို့မရတော့ဘူး။ အစိုးရထဲမှာရှိတဲ့ အဖွဲ့တချို့ကိုပြော တာ။ အားလုံးကိုတော့ ဆိုလိုတာမဟုတ်ဘူး။ သူတို့ထဲမှာလည်း အကွဲအပြဲတွေ အများကြီးရှိနိုင်တယ်။ နှစ်ဖွဲ့ကွဲတာတို့၊ သုံးဖွဲ့ ကွဲတာတို့တွေ ရှိနိုင်တယ်။ ကျွန်တော်တို့ အမြဲတမ်းကြားနေရတယ်။ ကျွန်တော်ထင်တာကတော့ အခုဖြစ်နေတဲ့ Dynamism ကို ၊ Diversity ကို ကြိုဆိုရမယ်။ ဒါပေမယ့်သတိနဲ့တော့သွားရမယ်လို့တော့ ကျွန်တော်ထင်တယ်။
ကိုကို(စက်မှုတက္ကသိုလ်) - ဒီနေရာမှာ မီဒီယာတွေကကော အပြောင်းအလဲတွေကြားမှာ ဘယ်လိုအခန်းကဏ္ဍတွေကနေ ပါဝင် ရမယ်လို့ထင်လဲ။
အောင်ဇော်- မီဒီယာအခန်းကဏ္ဍကတော့ အစိုးရတစ်ခုတည်း ကိုမဟုတ်ဘဲနဲ့ ကျွန်တော်မြင်တာကတော့ မီဒီယာ အခန်းကဏ္ဍကတော့ ကျွန်တော်ခံယူတာကို ပြောတာနော်။ မီဒီယာသမားကတော့ ပြည်သူကိုInform လုပ်ရမယ်။ ပြည် သူကို သတင်း ပေးရမယ်။ ပြည်သူကို အမှန်တရားကိုပြောရမယ်။ပြည်သူကို ဘယ်လောက်အထိ မှန်မှန်ကန်ကန်ပေးနိုင်မလဲ ဆိုတဲ့အပေါ်မှာ မူတည်တယ်။ မီဒီယာဆိုတာကတော့ ဘုန်းတော်ဘွဲ့ တွေကိုရေးတဲ့ မီဒီယာမဟုတ်ရဘူး။ ကျွန်တော်တို့ ဧရာဝတီလည်း မဟုတ်ဘူး။ ပြည်တွင်းသတင်းစာဆရာတွေလည်း မဟုတ်ဘူးလို့ ကျွန်တော်ယုံကြည် ပါတယ်။ မီဒီယာကနေ ဘယ်လောက်အထိ ကောင်းတာကိုကောင်းတယ်လို့ပြောမယ်။ ဆိုးတာကို ဆိုးတယ် လို့ပြောမယ်။ မီဒီယာထဲမှာ တော့ ကျွန်တော်စိုးရိမ်တာတစ်ခုရှိတယ်။ ဦးကိုကိုတော့ ဘယ်လိုမြင်လဲမသိဘူး။ မီဒီယာထဲမှာ Crony တွေကြီးစိုးတဲ့ကိစ္စတွေ၊ မီဒီယာ၊ ဂျာနယ်လစ်ဇင်ကို ဘာမှနည်းမလည်တဲ့သူတွေ ပါနေတဲ့ကိစ္စတွေကိုတော့ ကျွန်တော် တို့ကတော့ ဆက်ပြီး တော့ Remind လုပ်ရမယ်။ ပြည်သူတွေကို အဆိပ်တွေပေးမှာလား။ မှန်ကန်တဲ့ သတင်းတွေပေးမှာလား။ အဲဒါတွေကိုတော့ သိဖို့တော့လိုပါတယ်။
ရန်ကုန်မီဒီယာဂရုပ်မှ Chairman ဦးကိုကို (ကိုကိုစက်မှုတက္ကသိုလ်) နှင့် ဧရာ၀တီမဂ္ဂဇင်းမှ အယ်ဒီတာ ဦးအောင်ဇော်
ကိုကို(စက်မှုတက္ကသိုလ်) - ဟုတ်ပါတယ်။ ကိုအောင်ဇော်ရေ၊ ကျေးဇူးလည်းတင်ပါတယ်။ အခုလိုဆွေးနွေးရတာလေးလည်း ကောင်းတယ်။ ကျွန်တော့်အနေနဲ့ နောက်ဆုံး ဆွေးနွေးချင်တာကတော့ အခုလာတဲ့ခရီးရဲ့ အမှတ်တရပေါ့ဗျာ။ အရင်တုန်း ကတော့ ဧရာဝတီကနေပြီးတော့ Message ပေးတာပေါ့ဗျာ။ အခု ကျွန်တော့် ရန်ကုန်တိုင်းမ်ဂျာနယ်ကနေပြီးတော့ စာဖတ် ပရိသတ်တွေအတွက် ဘယ်လိုမျိုး Message လေးများ ပြောချင်လဲ။ မြန်မာနိုင်ငံရဲ့ အနာဂတ်အလားအလာနဲ့ နိုင်ငံရေးအမြင် လေးကို ပြောတာပါ။
အောင်ဇော်-ကျွန်တော်ထင်တယ်။ ကျွန်တော်တို့က အခုအကျဉ်းသားလွတ်တဲ့ကိစ္စတွေ။ အထူးသဖြင့် သမ္မတကြီးရဲ့ လုပ်ဆောင်မှုတွေကလည်း သူတို့အထဲမှာ ဘယ်လောက်ပဲကွဲနေကွဲနေ။ စစ်တပ်တစ်ပိုင်း။ အစိုးရတစ်ပိုင်း၊ ပါတီတစ်ပိုင်း ဘယ်လိုပဲကွဲနေကွဲနေ သမ္မတကြီးကတော့ တိုင်းပြည်အတွက် ကောင်းအောင်လုပ်ပေးစေချင်တဲ့ စေတနာရှိတယ်လို့တော့ ကျွန်တော်ထင်တယ်။ မြန်မာနိုင်ငံအကြောင်းကို နှစ်ပေါင်း ၂ဝလောက်ရေးသားခဲ့ဖူးတဲ့ ဂျာနယ်လစ်တစ်ယောက်အနေနဲ့ ယုံကြည်ချင်ပါတယ်။ ယုံကြည်ပါတယ်။ ကျွန်တော်ထင်တာကတော့ ကျွန်တော်တို့အနေနဲ့ ရှေ့ကိုပဲ ဆက်ပြီးတော့သွားသင့် တယ်လို့ထင်တယ်။ တိုင်းပြည်က ပမ်းနေပြီ။ ကျွန်တော်တို့တိုင်းပြည်လောက် လှပပြီးတော့ Natural Resources> တွေပို များတဲ့နိုင်ငံက အရှေ့တောင်အာရှမှာ ကျွန်တော်တို့နိုင်ငံပဲရှိတယ်။ မြန်မာပြည်ကို ပြန်ရောက်ပြီး မြန်မာပြည်သူပြည်သားတွေ ကို မြင်တွေ့ရတဲ့အခါမှာ ကျွန်တော်ဝမ်းနည်းတာတွေ အများကြီးဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့မြန်မာလူမျိုး တွေက ဒီထက်ပိုပြီးတော့ ထိုက်တန်တယ်လို့ ယူဆတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၂ဝလောက်တုန်းကလည်း ကျွန်တော်တို့က ဒေါသတွေ၊ ဝမ်းနည်းတာတွေနဲ့ လမ်းပေါ်ကိုထွက်ခဲ့ကြတယ်။ ကျောင်းသား Activist တွေအနေနဲ့ ထွက်ခဲ့ကြတယ်။ ကျွန်တော်တို့နှစ်ပေါင်းများစွာ အိပ်မက်တွေထဲမှာ မြန်မာပြည်ကို ဘယ်လောက် တမ်းတခဲ့ရသလဲ။ ဘယ်လောက်ပူဆွေးခဲ့ရသလဲ။ ဆုတောင်းပေးခဲ့ရတယ်။ နောက်ပြီးတော့ ကွဲကွာနေတဲ့ သူငယ်ချင်းမိတ်ဆွေတွေနဲ့ အိပ်မက်တွေ ထောင်ပေါင်းများစွာထဲမှာ တွေ့ခဲ့ရတယ်။ ဘာကြောင့်လည်းဆိုတော့ ကိုယ့်တိုင်းပြည်ကို အစိုးရကချစ်သလို၊ အာဏာရှင်တွေက ချစ်တယ်လို့ပြော သလိုမျိုးပေါ့ဗျာ။ ပြည်သူတွေကလည်း တိုင်းပြည်ကို ပိုပြီးတော့ချစ်ကြတယ်။ ကျွန်တော်တို့တိုင်းပြည်က အများကြီးအနောက် မှာကျန်ခဲ့ပြီ။ ကိုယ့်ကိုယ်ကို မလိမ်ကြပါနဲ့။ ကျွန်တော်တို့ အများကြီးနောက်မှာကျန်ခဲ့ပြီ။
ကိုကို(စက်မှုတက္ကသိုလ်)- မှန်ပါတယ်။ဒါက ကိုအောင်ဇော်မြန်မာပြည်ကိုပြန်လာလို့ခံစားရတာ။ကျွန်တော်က နိုင်ငံခြား တိုင်းပြည်တွေသွားတဲ့အခါမှာခံစားရတာ။ကျွန်တော်တို့ရန်ကုန်လေဆိပ်ကနေထွက်လို့သုဝဏ္ဍဘူမိလေ ဆိပ်ရောက်လို့၊ ချန်ဂီလေ ဆိပ်ရောက် လို့ခံစားရတာ တွေကတော့အများကြီးပဲ။အရမ်းဝမ်းနည်းသွားတယ်။နိုင်ငံခြားကပြန်ရောက်လာ တဲ့အခါမှာမြန်မာပြည်သူ တွေက အရမ်းကို ဆင်းရဲနေ တယ် လို့ခံစားရတယ်။အဝတ်အစားတွေက စပြီးတော့နွမ်းပါး နေတယ် လို့ခံစားရတယ်။
ကိုအောင်ဇော်- ဟုတ်တယ်။ လူတွေကပိန်ပြီးတော့အရောင်တွေက မွဲနေတယ်လို့ခံစားရတယ်။ကျွန်တော်မြန်မာပြည်ကို ပြန်မရောက်ပေမယ့်လည်း နယ်စပ်မြို့တွေကို အများကြီး သွားခဲ့ရတယ်။ အဲဒီမှာ မြန်မာလူမျိုး တွေက ပျော်နေ တယ်လို့ မခံစားရဘူး။ သူတို့ရဲ့လူမှုရေး၊ ကျန်းမာရေး ကိစ္စတွေမှာ ဒီမိုကရေစီ အရေးတို့ လူ့အခွင့်အရေးတို့ ကိစ္စတွေမှာ Elite တွေရဲ့ အသုံးတော် ခံပစ္စည်းလို့ခံစားရတယ်။ သူတို့ရဲ့ အခြေခံလို အပ်ချက်တွေတောင် မရဘူး ဖြစ်နေ တယ်။ အဲဒါတွေကို ဘယ်လိုမျိုး ဖြည့်ဆည်း ပေးမှာလဲ။
ကိုကို(စက်မှုတက္ကသိုလ်)-အမှန်ကတော့ကျွန်တော်တို့က Needs ရဲ့အောက်ဆုံးအဆင့် ကနေမတက်နိုင် သေးဘူးဖြစ်နေတယ်။ ဂုဏ်သိက္ခာပိုင်း ကိစ္စတွေမှာ အပေါ်ကို မတက်နိုင်သေးဘူး ဖြစ်နေတယ်။အဲဒါကြောင့် ဆိုရှယ် ကိစ္စတွေမှာမလုပ်နိုင် သေးဘူးဖြစ်နေတယ်။
ကိုအောင်ဇော် - ဂုဏ်သိက္ခာပိုင်းနဲ့ပတ်သတ်ပြီးကျွန်တော်ပြောချင် တာကတော့ It is no restoration of Democracy ။ကျွန်တော် မြင်တာက တော့ restoration of Dignity လို့မြင်တယ်။ ဒီမိုကရေစီ ကိုပြန်ပြီးတော့ဖော် ဆောင်ဖို့ထက် စာရင် ဂုဏ်သိက္ခာကို ပြန်လည်ပြီးတော့ ဖော်ဆောင်တဲ့ပွဲလို့ ကျွန်တော်မြင်တယ်။ အဲဒါကိုကျွန်တော်တို့သိမယ် ဆိုရင်အစိုးရတင်မက ကျွန်တော်တို့သမ္မတကြီး ဦးသိန်းစိန်တင်မက၊ တပ်မတော်တင်မက မြန်မာပြည်သူတွေကော အတိုက်အခံ တွေကော အစိုးရတစ် ခုထဲကိုပဲပြောမနေကြတော့ပဲအားလုံးမှာ တာဝန်ရှိတယ်လို့ ကျွန်တော်မြင်တယ်။ကျွန်တော်တို့မီဒီယာတွေမက အားလုံးမှာ တာဝန်ရှိတယ် လို့ကျွန်တော်မြင်တယ်။ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက် လက်ညိုးထိုး နေမယ့်အစား ဒီလောက်လှပပြီးတော့ Resources တွေပေါ်များတဲ့ မြန်မာနိုင်ငံ မှာအားလုံးတွဲပြီးတော့ လက်ချင်းယှက်ကြရင် ကောင်းမယ်လို့ ကျွန်တော်မြင် တယ်။
ကိုကို(စက်မှုတက္ကသိုလ်)- ကောင်းတယ်။ ကိုအောင်ဇော်ကျေးဇူး တင်တယ်ဗျာမကြာမီ အချိန်မှာရန်ကုန်ကို အမြန်ဆုံးပြန်လာနိုင်ပါစေ လို့ပြော ချင်တယ်။
အောင်ဇော်- အမြန်ဆုံးလည်း ပြန်လာချင်ပါတယ်။ နောက်ပိုင်းကျရင်တော့ ဧရာဝတီ သတင်းစာဆိုပြီးတော့ အများကြီး ဖြစ်လာနိုင်မယ် လို့တော့ ကျွန်တော်ထင်တယ်။ အစိုးရအနေနဲ့လည်း ဒီထက်ပိုပြီးတော့ Open mind ပိုဖြစ်လာ မယ်လို့ တော့ မျှော်လင့်ပါတယ်။

