ငါးထောင်တန်ဖုန်း ပေါ်လာတာကောင်းတယ်
ငွေသွန်းအိမ်
မိုးဘိုင်းဖုန်းများ ကျပ် ၁၅ သိန်းမှ ငါးသိန်းသို့ လျော့သွားချိန်မှာ ဖုန်းအသုံးပြုနိုင်မှု (assess) ကို ပြည်သူတွေ ပိုမိုခဲကြပါတယ်။ အသုံးပြုနိုင်သူ အရေအတွက် ပိုများလာပါတယ်။ ဖုန်းဟာ အများစု အရေအတွက် လိုအပ်မှု(Need) တစ်ခုဖြစ်ပြီး ဒီလိုအပ်မှု အတွက် တန်ဖိုးသက်သာသွား တဲ့အခါ လက်လှမ်း မီတဲ့အခါ သုံးစွဲနိုင်သူကို များပြားလာတာ ဖြစ်ပါတယ်။
လိုအပ်မှုကို လက်လှမ်းမီမီ သုံးစွဲနိုင်တာဟာ အများပြည်သူ တစ်ဦးချင်းစီကို အကျိုးရှိစေနိုင်ပါတယ်။ လိုအပ်မှုကို လက်လှမ်းမီမှု၊ လွယ်ကူလျင်မြန်စွာ ဆက်သွယ်နိုင်မှု၊ သတင်းအချက်အလက် လျင်လျင်မြန်မြန်ပေးပို့ ရရှိနိုင်မှု စတဲ့ တစ်ဦးချင်း အကျိုးရှိစေမှု ဟာ ပြည်သူတို့ရဲ့ သက်သာချောင်ချိမှု (welfare) ကို ဦးတည်စေပါတယ်။ လူမှုဖွံ့ဖြိုးမှု အညွှန်းကိန်းများမှာ “ဖုန်းအသုံးပြုနိုင်မှု” ဟာလည်း တစ်ခု အပါအဝင်ဖြစ်ပါတယ်။
ချမ်းသာတဲ့ နည်းပညာမြင့်တဲ့ နိုင်ငံတွေမဆိုထားနဲ့ ၊ ဆင်းရဲ့တဲ့ နိုင်ငံများမှာပင် ဖုန်းအသုံးပြုနိုင်မှု လွယ်ကူတာ၊ အများစု လက်လှမ်းမီကြတာ လေ့လာတွေ့ရှိနိုင်ပါတယ်။ ၂၀၀၈ ခုနှစ် မြန်မာနိုင်ငံကို ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ နာဂစ်ဆိုင်က လုန်း မုန်တိုင်းနဲ့ ၂၀၀၇ ခုနှစ် ဘင်္ဂလားဒေ့ရ်ှ နိုင်ငံမှာ တိုက်ခတ်တဲ့ SIDR ဆိုင်ကလုန်း မုန်တိုင်းတို့ဟာ ပြင်းအားအဆင့် ၊ ပထဝီအနေအထား နီးစပ်စွာတူညီပေမယ့် အပျက်အစီးနှိုင်းယှဉ်ရင် ကွာဟမှု ရှိခဲ့ပါတယ်။ ဒီအပျက်အစီး ကွာဟ မှုမှာ သဘာ၀ ဘေးအန္တရာယ် လျှော့ချရေး အစီအစဉ်များ ဟာ အဓိက သက်ရောက်မှုဖြစ်ခဲ့ပြီး ဒီဘေးအန္တရာယ် ကြိုတင်ပြင်ဆင် ရှောင်ရှားရေး အစီအစဉ်များမှာ မိုဘိုင်း ဖုန်းများနဲ့ ဆက်သွယ် အကြောင်းကြား နိုင်မှုက အရေးပါခဲ့ တာကို လေ့လာ တွေ့ရှိနိုင်ပါတယ်။
ဘယ်နိုင်ငံ မှာမဆို ဆင်းရဲ ချမ်းသာလူဦးရေဟာ အများစုနဲ့ အနည်းစု ဖြစ်ကြပြီး ဆင်းရဲတဲ့ နိုင်ငံများမှာ ပိုသိသာ တတ်ပါတယ်။ ကျပ် ၅၀၀ တန်ဖုန်းပေါ်ရင် ကျပ် ငါးသိန်းဖုန်းကို လက်လှမ်း မမီတဲ့သူများ သုံးစွဲလာနိုင်ပါမယ်။ လူတွေရဲ့ လိုအပ်မှုကို ဖြည့်ဆည်းပေး နိုင်လေ။ လူတိုင်းလူတိုင်း ဒီလိုလိုအပ်မှုကို သက်သာလွယ်ကူစွာ နဲ့လက်လှမ်းမီမီ သုံးနိုင်လေလေ။ အကျိုးဆက်အနေနဲ့ တစ်ဦးချင်းစီအတွက် အကျိုးရှိလေ။ ဒီအကျိုးရှိမှုကနေ လူအဖွဲ့အစည်းများ ဖွံ့ဖြိုးတိုး တက်မှု ကို ဦးတည် လေလေ ဖြစ်တာမို့ ကောင်းတယ်လို့ ဆွေးနွေးချင်ပါတယ်။
ငါးထောင်တန်ဖုန်း ပေါ်လာတာမကောင်းဘူး
ကိုစောနိုင်(မြ၀တီ)
ငါးထောင်တန်ဖုန်းတွေ ပေါ်လာဖို့မလာဖို့ ဆိုတာကတော့ အခုလတ်တလော ဆက်သွယ်ရေးလောကမှာ အင်မတန် ခေတ်စားလာတဲ့ ကိစ္စရပ်တစ်ခုပါပဲ။ ကျွန်တော်ကိုယ်တိုင်လဲ အရမ်းပဲ စိတ်ဝင်စားမိပါတယ်။ နေရာတိုင်းမှာ အဆိုး အကောင်း ဒွန်တွဲနေပါတယ်။ ဒီဖုန်းတွေ ပေါ်လာရင် မြန်မာ့ ဆက်သွယ်ရေးကွန်ရက် ဒီ့ထက်ပိုကျယ်ပြန့်လာမယ်။ ပြီးတော့ ဒီဖုန်းတွေကို အောက် ခြေလူတန်းစား တွေကအစကိုင်ဆောင်နိုင်မယ်။ ဒါကကောင်းတဲ့ဘက်ပါ၊ မကောင်း တာကတော့ ဒီလိုဖုန်းလိုင်းတွေ ပေါလာတာနဲ့အမျှ ဒီလိုအခွင့်အရေး ကိုစောင့်ပြီး အဖျက်အမှောင့် လုပ်ရပ်တွေဖြစ်လာမှာ စိုးရိမ်တယ်။ ဒါကလည်း ပြည်သူတစ်ယောက် အနေနဲ့တွေးတာပါ။ အဖျက်လုပ်ရပ် အတွက် စောင့်နေသူ တော်တော် များများဟာ ဒါကို အခွင့်အရေး တစ်ခုလို အသုံးချသွားနိုင်တယ်။ အဲဒီတော့ ငါးထောင်တန်ဖုန်း ပေါ်လာ မှာကို ကြိုဆိုတယ်။ ဒါပေမဲ့ အားနည်း ချက်တစ်ခုလို အသုံးချမခံရဖို့ အတွက်တော့ ကြို တင်ကာကွယ်ထား သင့်တာတွေ ဆောင်ရွက်သင့် တယ်လို့ မြင်ပါတယ်။

