ပြည်သူနှင့်ထိတွေ့မည့်နေရာ အခက်အခဲရှိ၍ဖေဖော်ဝါရီ၄ရက်တွင် စတင်မည့် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးခရီးစဉ် တစ်ခုဖြစ်သည့် မန္တလေး ခရီးစဉ်အား ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။
တစ်ညအိပ်၊ နှစ်ရက်ကြာမြင့်မည့် ယင်းခရီးစဉ်တွင်း မန္တလေး ဒေသခံပြည်သူများအား ဟောပြောမှုများ ပြု လုပ်ရန်စီစဉ်ထား သော်လည်း၊ ဟောပြောပွဲပြု လုပ်မည့် မြေနေရာများကို ငှားရမ်းရာတွင် အဆင်မပြေမှုများရှိသဖြင့် ယင်းခရီးစဉ်ကို ရွှေ့ဆိုင်းလိုက် ရခြင်း ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီ၏ အတွင်းရေးမှုးအဖွဲ့ဝင် ဦးအုန်းကြိုင်ကဆိုသည်။
''ဦးအုန်းကြိုင်ပြောတဲ့အတိုင်းပါပဲ။ နေရာအခက်အခဲကြောင့် အဆင်ပြေတဲ့နေရာတစ်ခုရမှ ပဲသွားမယ်ဆိုပြီး စီစဉ်ထားပါတယ်။ အချိန်ကြာကြာ ရတော့လဲ သေသေချာချာ စီစဉ်လို့ရတယ်လေ'' ဟု ယင်းပါတီ၏ ထိပ်တန်းတာဝန်ရှိသူ ဒေါ်အောင်ဆန်းစုကြည်က မန္တလေး ခရီးစဉ်နှင့် ပက်သက်၍ သတင်း မီဒီယာများ အားထုတ်ဖော်ပြောကြား သည်။
ပြည်သူများအား လွတ်လပ်စွာ တွေ့ဆုံနိုင် ရန်မန္တလေး မြို့တွင်းရှိ အားကစားကွင်း များဖြစ်သည့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ စီမံမှု အောက် တွင်ရှိသည့် ဗထူးကွင်း နှင့် မန္တလေး တောင်ခြေရှိ ရတနာပုံကွင်း အားဌားရမ်းရန် ကြိုးစားရာတွင် သက်ဆိုင်ရာ တာဝန်ရှိသူ တို့မှ ခွင့်ပြုခြင်း မရှိကြောင်း သိရသည်။
“ကျွန်တော် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဥက္ကဌကွပ်ကဲမှုအောက်မှာရှိတဲ့ ဗထူးဘောလုံးကွင်း အုပ်ချုပ်ရေးမှုးရုံးကို တိုက်ရိုက် သွားပြီး လျှောက်လွှာ တင်ထားပါတယ်။ခရီးစဉ်ကို ရွှေ့ဆိုင်းထားတယ်ဆိုတဲ့ အတွက် ကွင်းရရှိအောင် ဆက်လက် ကြိုးစား ဦးမှာပါ ဟု” အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှအတွင်းရေးမှုးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောသည်။ အားကစားကွင်းရရှိပါက ပြည်သူလူထုအား ဟောပြောစည်းရုံးခွင့်ပြုမည်ဟု မန္တလေးတိုင်း ဒေသကြီး ရွေးကောက်ပွဲကော်မရှင် က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည်ကြား ဖြတ်ရွေး ကောက်ပွဲမတိုင်မီ ကာလအတွင်းရန်ကုန်ပြင်ပ ခရီးစဉ်များဖြစ်သည့်တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့၊ မကွေးတိုင်း ဒေသကြီးမြိုင်မြို့သို့သွား ရောက်ခဲ့ပြီး၊ ဆက်လက်၍ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့နှင့်မြောင်း မြမြို့၊ သို့ ဖေဖော်ဝါရီ ၇ ရက်နေ့တွင် လည်းကောင်း သွားရောက်ရန်ရှိပြီး၊ ကချင်ပြည်နယ်နှင့်အခြားသောလစ် လပ်မဲဆန္ဒနယ်များ သို့လည်း သွားရောက် ရန်ရှိကြောင်းသိရသည်။
''လစ်လပ်မဲဆန္ဒနယ် အကုန်လုံးကို တော့မသွားနိုင်ပါဘူး။ ဒါပေမယ့်တိုင်း နဲ့ပြည်နယ်တွေကိုတော့ တစ်ခါလောက် သွားဖို့စီစဉ်ထား ပါတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ကြားဖြတ် ရွေးကောက်ပွဲ တွင်ရန်ကုန် တိုင်းဒေသကြီး၊ ကော့မှုးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိုင်မည့် ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှုးမြို့နယ်သို့ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် သွားရောက်မည်ဖြစ်ကာ၊ အခြား တိုင်းဒေသကြီး နှင့် ပြည်နယ်များ ရှိလစ်လပ် မဲဆန္ဒနယ်များ သို့သွားရောက်ရန် အစီအစဉ်မရှိပါက ကော့မှုးမြို့နယ်သို့ မကြာခဏသွား ရောက် ရန်ရှိကြောင်း သိရသည်။
- ရှမ်းလမ်းစျေး(ခ) ဂွစျေး မီးလောင် ကျပ်သိန်းပေါင်း သုံးရာကျော် ဆုံးရှုံး
- နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့
- ကျပ်နှစ်သိန်းတန်ဂျီအက်(စ်) အမ်ဖုန်းများကိုရန်ကုန်မြို့နယ် ၆ မြို့နယ်တွင် မေ ၁၈ စရောင်းမည်
- Dr Mrs Marilyn Waring က ကုန်သည်စက်မှုအသင်းချုပ်အတွက် မေ ၁၉ တွင်ဟောပြောပွဲကျင်းပမည်
- ရန်ကုန်မြို့တော် ရေးပေးဝေရေးစနစ် ဂျပန်မစ်ဆူဘီရှီ အကူညီဖြင့်ဆောင်ရွက်မည်

