ဖေဖော်ဝါရီ ၂၁ ရက် ည ၇ နာရီဝန်းကျင်ခန့်က တက္ကသိုလ်ရိပ်သာလမ်းမပေါ်ရှိ BME Club ရှေ့တွင် အရှိန်ပြင်းစွာမောင်းနှင်လာသည့် ကိုယ်ပိုင်ယာဉ်တစ်စီးမှ အမှိုက်တွန်းလှည်း တွန်းလာသူတစ်ဦးကို တိုက်မိရာမှ ပွဲချင်းပြီးသေဆုံးသည့် ဖြစ်ရပ်ဖြစ်ပွားခဲ့သည်။ ယင်းသို့သေဆုံးသူမှာ BME Club မှ သန့်ရှင်းရေးဝန်ထမ်း အသက် သုံးဆယ်ကျော်ခန့်ရှိ ကိုကျားကြီးဆိုသူ ဖြစ်ပြီး အမှိုက်စွန့်ပစ်ပြီးအပြန်တွင် ယင်းသို့ကားတိုက်ခံရခြင်း ဖြစ်ကြောင်း သိရသည်။
တက္ကသိုလ်ရိပ်သာလမ်းမပေါ် BME Club ရှေ့တွင် ယာဉ်တိုက်မှု ဖြစ်ပွားရာမြင်ကွင်း
“သူတို့က လင်မယား နှစ်ယောက်လုံး အဲဒီကလပ်က သန့်ရှင်းရေး ဝန်ထမ်းတွေပါ သူတို့မှာ လူမမည် ကလေးနှစ်ယောက် ရှိတယ်။ သူကအဲဒီမှာ လုပ်နေရင်း အပိုဝင်ငွေရအောင် ပတ်ဝန်းကျင်က အိမ်တွေက အမှိုက် တွေကိုပါ လိုက်ပြီးတော့ ဝန်ဆောင်မှုပေးနေတဲ့သူပါ။တိုက်သွားတဲ့ကားကတော့ ပြိုင်ကားအနက်ရောင်လို့ပြောတယ်။ တိုက်ပြီးပြီးချင်း ဆင်းပြီးတော့ ကားပေါ်ကဆင်းပြီးတော့ ကြည့်သေးတယ်။ သေသွားပြီ ဆိုပြီးတော့ မောင်းပြေးသွား ကြတယ်။ သူတို့မှာ လူမမည် ကလေးနှစ်ယောက်လည်း ရှိတဲ့အတွက် တော်တော်ဒုက္ခရောက်ကြလိမ့်မယ် အဲဒီအတွက် ဒီအမှုပေါ်အောင် လျော်ကြေး ရအောင် ဆောင်ရွက် ပေးဖို့ လိုပါ တယ် လို့” ယင်းအနီးရှိ မိသားစုတစ်စုကပြောပြသည်။
ယာဉ်တိုက်မှု ဖြစ်ပွားရာမြင်ကွင်း
“ကျွန်တော်ရောက်တဲ့ အချိန်မှာတော့ အဲဒီနေရာကို ယာဉ်ထိန်း ရဲတွေရောက်နေပြီ။ အလောင်းကိုလည်း ကားပေါ်မှာတင်ပြီးသွားပြီ။ အဲဒီလမ်းပေါ်မှာ သေတဲ့သူရဲ့ သရေဖိနပ်လေးကျွတ်ပြီးတော့ ကျန်နေတာ တွေ့ရတယ် နောက်ပြီးဒီနေရာက လမ်းမီးတွေဘာတွေ လည်းမရှိတော့ ဒီလိုမျိုး ကိစ္စတွေ မဖြစ်အောင် လမ်းမီးတွေ ကောင်းကောင်းထွန်းထား ပေးဖို့လိုတယ် ” ဟု အနီးပတ်ဝန်းကျင်မှ လာရောက်ကြည့်ရှုသူ တစ်ဦးက သုံးသပ် ပြောကြားသည်။

