စာဖတ်သူများ၏ ခံစားချက် အမြင်တူခြင်း မတူခြင်း အပေါ် သုံးသပ် ဆွေးနွေးနိုင်မည့် စကား စစ်ထိုးပွဲDebate ကဏ္ဍတွင် ၈၈-မျိုးဆက်ကျောင်းသားများ ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်သင့်တယ်/မပါဝင်သင့်ဘူး ဟူသောခေါင်းစဉ်ဖြင့် ယခု တစ်ပတ်တွင် ကိုစိုင်း(ပြင်ဦးလွင်) နှင့် မနိုရာ(တာမွေ) တို့က ဆွေးနွေး တင်ပြထားပါသည်။
၈၈-မျိုးဆက်ကျောင်းသားများ ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်သင့်တယ်
ကိုစိုင်း (ပြင်ဦးလွင်)
ကျွန်တော့်အနေနဲ့ကတော့ လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ အခု ပြန်လည်လွတ်မြောက်လာတဲ့ ကျောင်းသား ခေါင်းဆောင်တွေကို လွှတ်တော်အတွင်း ဝင်ရောက်စေချင်တယ်။ အခု သူတို့က ပါတီတစ်ခုအနေနဲ့ မထောင်သေးဘူးဆိုရင် တောင် သူတို့ဝိုင်း ရံဆောင်ရွက်ပေးမယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီမှာ ဝင်ရောက်အရွေးခံစေချင်ပါတယ်။ ဘာလို့လဲဆိုတော့ အခုရွေး ကောက်ပွဲပြီးရင် နောက်ထပ် ဒီလိုအခွင့်အရေးမျိုး ရဖို့ဆိုတာ အချိန်တွေ အများကြီး စောင့်ရဦးမယ်။
ဒီကြားထဲမှာ သူတို့အနေနဲ့ လွှတ်တော် အတွေ့အကြုံတွေ ယူထားမှ ပြည်သူအတွက် တကယ်ဆောင်ရွက်တဲ့အခါမှာ သူတို့မှာ အခုထက်ပိုတဲ့ လုပ်ပိုင်ခွင့်တွေရထားနိုင်မယ်လို့ထင်ပါ တယ်။ အခုအချိန်မှာ ကျွန်တော်တို့နိုင်ငံက ဟိုစောင့်ဒီစောင့်လုပ်နေဖို့ အချိန်မရှိဘူးလို့ထင်တယ်။ ရရင်ရတဲ့နေ ရာက ဝိုင်းမှသာ အလျင် အမြန်တိုးတက်နိုင်မယ်။ ပြီးတော့ အခုချိန်မှာ သူတို့တွေက ပြည်သူတွေ စိတ်ဝင်စား နေကြတဲ့ စောင့်ကြည့်နေကြတဲ့သူတွေထဲမှာ ပါနေပြီလေ။
အခုလိုအချိန်မှာ လုပ်ရင်ပိုအောင်မြင်နိုင်မယ်လို့ ထင်ပါတယ်။ ပြီးတော့ သူတို့တွေဟာ တိုင်းပြည်အတွက် စွန့်လွှတ် အနစ်နာခံခဲ့ကြသူတွေပါ။ ဒီလိုလူတွေမှာ ပြည်သူအတွက် ဘာလုပ်ပေးရင်ပိုပြီး ကောင်းမယ်။ ဘာတော့ ဆောင်ရွက်ပေးရမယ်ဆိုတဲ့ အခြေခံကျတဲ့ အတွေး အမြင်တွေရှိနေတယ်။ ဒါကြောင့် ကျွန်တော်က သူတို့တွေကို လွှတ်တော်ထဲမှာ မြင်ချင်တယ်လို့ပြော တာပါ။ တစ်ခုတော့ရှိတာပေါ့။ ပါတီစွဲ၊ နေရာစွဲတွေနဲ့မဟုတ်ဘဲ ပြည်သူအတွက် အမှန်တကယ် ရပ်တည်ပေး နိုင်ဖို့တော့ လိုပါတယ်။
၈၈-မျိုးဆက်ကျောင်းသားများ ကြားဖြတ်ရွေးကောက်ပွဲမှာ မပါဝင်သင့်ဘူး
မနိုရာ (တာမွေ)
အခု လွတ်မြောက်လာတဲ့ (၈၈)မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ အနေနဲ့ အခုလာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ဖို့မသင့်သေး ဘူးလို့ထင်ပါ တယ်။ ဘာလို့လဲဆိုတော့ အခုချိန်က အင်မတန်မှ အပြောင်းအလဲတွေများတဲ့ လျင်မြန်တဲ့ ခေတ်ပါ။ သူတို့တွေအနေနဲ့ အထဲမှာ အဆက်အသွယ်ပြတ်ခဲ့တဲ့ အရာတွေကို အခုအပြင် ရောက်ချိန်မှာ လွှတ်တော်ပြင်ပမှာ ဝမ်းစာဖြည့်ထား ဖို့လိုတယ်လို့ ထင်ပါတယ်။ သူတို့ အနေနဲ့ နောက်လာမယ့် ရွေးကောက်ပွဲမှာ အင်နဲ့အားနဲ့ ဝင်နိုင်ဖို့အတွက် အခုကတည်း က ပြင်ဆင်သင့် တယ်လို့မြင်ပါတယ်။
အခုချိန်က မြန်မာနိုင်ငံဟာ ပါတီစုံ ဒီမိုကရေစီ စနစ်ကို သွားနေတဲ့အချိန်မို့ လွှတ်တော်ဟာ မြန်မာနိုင်ငံအတွက် အင်မတန် အရေးပါလာပြီ။ လွှတ်တော်က တော့ အခုချိန်မှာ မဝင်လို့ မဖြစ်သေးဘူးလို့ဆိုပေမယ့် လုံးဝမဝင်ပဲ နေလို့တော့မဖြစ်ဘူးလို့ ထင်ပါတယ်။
ဒါကြောင့် ကျွန်မအနေနဲ့ကတော့ သူတို့တွေကို အခုလာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ မဝင်စေချင်သေးပေ မယ့် သူတို့တွေ ကို လွှတ်တော်နဲ့ တော့ မဝေးကွာစေချင်ပါဘူး။ ပြီးတော့ သူတို့အနေနဲ့ ခေါင်းဆောင်ပါဝင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ ဝိုင်းကူဝန်းရံဆောင်ရွက် မယ်ကြားရလို့ ဝမ်းသာပါတယ်။ ဖြစ်နိုင်ရင် အခြားပြုပြင်ပြောင်းလဲစရာတွေကို အင်တိုက်အားတိုက် ဆောင်ရွက်သင့် နေတဲ့အချိန်လို့ မြင်မိပါတယ်။

