ရန်ကုန် မီဒီယာဂရု(ပ်)လီမိတက်၏ (၇)နှစ်မြောက် နှစ်ပတ် လည်အခမ်း အနားကို ဇန်နဝါရီ ၃ရက်ညပိုင်းက ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်၌ ပြုလုပ်ခဲ့သည်။ ယင်း အခမ်းအနားတွင် ရန်ကုန် မီဒီယာဂရု(ပ်)လီမိတက် ဥက္ကဋ္ဌ ဆရာ ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်) က နှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့သည်။ ဆရာဦးကိုကို(ကိုကို-စက်မှုတက္ကသိုလ်) နှုတ်ခွန်း ဆက်စကား တင်ဆက် ပုံမှာ အောက်ပါ အတိုင်း ဖြစ်သည်။
ကြွရောက် လာကြတဲ့ ဧည့်သည်တော် များ အားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ ၊ ပျော် ရွှင်စရာ မင်္ဂလာ နှစ်သစ် ကို ရယူ ပိုင်ဆိုင်နိုင် ကြပါစေလို့ ဦးစွာနှုတ်ခွန်း ဆက်သလိုက် ပါတယ်။ ဒီကနေ့ဟာ ဇန်နဝါရီ ၃ရက် ညချမ်း ဖြစ် တာနဲ့ အညီ အင်မတန် မှ ကျက်သရေ ဝေဆာ ထွန်းတင့် နေတဲ့ အခါသမယ ဖြစ်ပါတယ်။ ဘာ ဖြစ်လို့လဲ ဆိုတော့ ကျွန်တော် တို့ မြန်မာနိုင်ငံသား တွေ အားလုံး အမွန် အမြတ်ထား ရှိတဲ့ လွတ်လပ်ရေး အကြိုည ဖြစ်နေလို့ပါ။ လွန်ခဲ့တဲ့ (၆၄)နှစ် တုန်းက ဒီလိုညမျိုး မှာ ကျွန်တော် တို့ရဲ့ဘိုးဘွား တွေအားလုံးဟာ နောက်တစ်နေ့ မိုးသောက် တာနဲ့ ရောက်လာတော့မယ့် မြန်မာ တစ်မျိုးသား လုံး ကိုလိုနီ ကျွန်ပြုခံဘဝက လွတ်မြောက်တော့မယ့်နေ့ အတွက် ပျော်ရွှင် နေခဲ့ကြမှာအမှန်ဖြစ်ပါတယ်။ လွတ် လပ်ရေး နေ့ခံစား မှုကို ကဗျာ စာဆိုကြီး ဆရာကြီးမင်း သုဝဏ်က 'သပြေညို' ဆိုတဲ့ ခေါင်းစဉ်နဲ့တင်ကြို စိတ်ကူးရေး ဖွဲ့သီခဲ့ပါတယ်။
“သူ့ခေါင်းမှာတဲ့ သပြေညို ငါ့ခေါင်းမှာတဲ့ သပြေညို တို့ပြေမှာ တို့မေကမ်းပါတဲ့ သပြေညို ရွှေဘိုပန်းဟာက လန်းလျက်ပါကို။ ဘာမလျှော့လေနဲ့ လာတော့မကွဲ့ ရွှေဗဟိုရ် လေချိုကအသွေး။ လင်းကြက်အဆော် ကွင်းထက်မှာ တူပျော်ပျော်နဲ့ စည်တော်ကို ရည်မျှော်မှန်းကာပ ရောင်နီမှာ အောင်စည်ရွှမ်းရအောင် သပြေညိုရွှေဘိုပန်းရယ်နဲ့ လှမ်းကြစို့လေး ” ရယ် လို့ လွတ်လပ်ရေးတော်ဝင်ပန်း ကို ဆရာကြီးက မျှော်မှန်းရေးဖွဲ့ခဲ့ပါတယ်။
ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံဟာ လွတ်လပ် ရေးရပြီးလို့ ယခု (၆၄) နှစ်တိုင် တစ်တိုင်းတစ်ပြည်လုံး ထာဝရငြိမ်းချမ်းရေးကို ယခုတိုင်တည်ဆောက်နိုင်ခြင်း မရှိသေးတာကိုတော့ အထူးစိတ်မကောင်း ဖြစ်မိပါတယ်။ ဒါပေမဲ့ အခုတော့ အရင်ထက်စာရင် ရောင်နီ သန်းလာပြီလို့တော့ ဆိုချင်ပါတယ်။ တစ်ပါတီစနစ်နဲ့ တပ်မတော်အုပ် ချုပ်သောစနစ်တို့ အောက်မှာ နှစ်ပေါင်း ၅ဝမျှ နေလာခဲ့ကြရာမှ ပြီးခဲ့တဲ့နှစ်အတွင်းမှာ ရွေးကောက်ပွဲဖြင့် တက်လာသော အစိုးရတစ်ရပ်ဟာ လွှတ်တော်များ နဲ့အတူ ပေါ်ထွန်းလာခဲ့ပါတယ်။ လွှတ်တော်များနဲ့ အစိုးရက ပြည်တွင်း ထာဝရ ငြိမ်းချမ်းရေး ကိုစတင်ဆောင်ရွက်ကြိုးပမ်း လာကြတာကို ကျွန်တော် တို့က ကြိုဆိုထောက်ခံပါတယ်။ စစ်မှန်သော ထာဝရ ငြိမ်းချမ်းရေးကို ရရှိနိုင်ပါစေလို့လဲ နှစ်သစ်မှာ ဆု တောင်းလိုက်ပါတယ်။
၂၀၁၁ခုနှစ်ဟာ အပြောင်းအလဲတွေများ ခဲ့တဲ့နှစ်ဖြစ်ပါတယ်။ လာမယ့် ၂၀၁၂မှာလဲ အပြောင်း အလဲတွေ ပိုမြင်ရလိမ့်ဦးမယ်လို့ မျှော်လင့်ပါတယ်။ အစိုးရသစ်ရဲ့ ခေါင်းဆောင် သမ္မတကြီး ဦးသိန်းစိန်ဟာ ၂၀၁၁ခုနှစ် မတ်လ ၃ဝရက်နေ့နဲ့ ၃၁ရက်နေ့တွေမှာ မူဝါဒဆိုင်ရာ မိန့်ခွန်းတွေ ပြောကြားခဲ့ပါတယ်။ သမ္မတ ကြီးရဲ့ မိန့်ခွန်းတွေထဲမှာ အရေးကြီးတဲ့အချက်အလက် အချို့ကို ပြန်ကောက်နုတ်တင်ပြရမယ်ဆိုရင် အမျိုး သားပြန် လည်သင့် မြတ်ရေး လုပ်ငန်းများ၊ စီးပွားရေး ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများ၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းများအပြင် အရေးအကြီးဆုံး လုပ်ငန်းတစ်ခုအဖြစ် ကောင်းမွန်သောအုပ်ချုပ်ရေးနှင့်သန့် ရှင်းသောအစိုးရ ပေါ်ပေါက်လာအောင် ကြိုးပမ်း ရေးဆိုတာကိုလည်း အထူးသတိထားမိပါသည်။ အဲဒီ အပြင် စတုတ္ထမဏ္ဍိုင် ဖြစ်သော သတင်းမီဒီယာများကို အလေးထားဖို့၊ ဖြောင့်မတ်မှန်ကန်သော တရားစီရင် ရေးမဏ္ဍိုင် ဖြစ်ပေါ်ရေး စတာတွေနဲ့ အတော်ထောင့် စုံ လှပါတယ်။
သမ္မတကြီး ဦးဆောင်တဲ့ အစိုးရ အဖွဲ့ဟာ လုပ်ငန်းတော်တော်များများကို အစပျိုးလုပ်ဆောင် လာတာတွေ့ရပြီး အချို့ဆိုရင် အတော်ကလေး မြန်ဆန်ခရီး ပေါက်လာတာ တွေ့ရပါတယ်။ ဥပမာတင်ပြ ရရင်ဆင်းရဲနွမ်းပါး မှုလျှော့ချရေး ကဲ့သို့သောကိစ္စရပ် မှာ အမျိုးသား အဆင့် အလုပ်ရုံ ဆွေးနွေးပွဲ တွေ ကျင်းပ ပေးခဲ့ပြီး အဲဒီက ထောက်ခံတင် ပြချက်တွေကို ဆက် လက်အကောင်အထည် ဖော်နေပါတယ်။
ရန်ကုန်မီဒီယာဂရု(ပ်)၏ ၇-နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားတွင် ရန်ကုန် မီဒီယာဂရု(ပ်)လီမိတက် ဥက္ကဋ္ဌ ဆရာ ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်)ကနှုတ်ခွန်းဆက် အမှာစကား ပြောကြားစဉ်
ကျွန်တော်တို့ ရန်ကုန်မီဒီယာဂရု(ပ်)ဟာ သတင်းမီဒီယာ၊ စတုတ္ထမဏ္ဍိုင်တစ်ခုဖြစ်တာနဲ့အညီ လက်ရှိဖြစ်ပေါ်တိုးတက်မှုတွေကို အနီးကပ်လေ့လာ စောင့်ကြည့်လျက်ရှိပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေ ဟာနိုင်ငံတော်ရဲ့ ထိပ်ပိုင်း မှာသာဖြစ် ပေါ်နေပြီး အလယ် အဆင့်နဲ့အောက်ပိုင်းအထိ ဆင်းသက်လာနိုင်ခြင်းမရှိ သေးတာကိုလဲ တွေ့ရှိရပါတယ်။ ပြောင်းလဲမှုတွေဟာ အောက်ခြေအထိ သက်ရောက်လာ မှသာ အများပြည် သူတွေဟာ ပြောင်းလဲမှုကို ထိတွေ့ခံစားနိုင်ကြမှာဖြစ် ပါတယ်။ အခုပြည်သူတွေ ကြားမှာ ရုံးတွေနဲ့ အမြဲဆက်ဆံ နေကြရသူတွေရဲ့ စကားတွေထဲမှာ ဘာမှမထူးလှပါ ဘူးဆိုတဲ့ အသံတွေရှိနေတုန်း ပဲဖြစ်ပါတယ်။ အဲဒါ ကြောင့် နိုင်ငံတော်သမ္မတ ကြီးမျှော်မှန်းထားတဲ့ သန့် ရှင်းသောအစိုးရနဲ့ ကောင်းမွန်သော အုပ်ချုပ်ရေး ဖြစ် ပေါ်ရေးဟာ လက်ငင်းလို အပ်ချက်တစ်ရပ်၊ အပူတ ပြင်းဆောင်ရွက် ရတော့ မယ့်လုပ်ငန်း တစ်ရပ်ဖြစ်နေ တယ်လို့ ကျွန်တော်တို့က ရိုးသားစွာ သုံးသပ်မိပါတယ်။ အကျင့်ပျက်ခြစား မှုတွေဟာလဲ ရှိနေတုန်းပဲဖြစ်ပါ တယ်။ ခေတ်ဟောင်းရဲ့ အတွေးအခေါ်ဟောင်း တွေ၊ အကျင့်ဆိုးတွေ၊ တာဝန်မဲ့မှုတွေ၊ ကြိုးနီစနစ်နဲ့ ထိန်း ချုပ်ချင်တာ တွေဟာ ရှိနေတုန်း ပဲဖြစ်ပါတယ်။ အဲဒါ ကြောင့် အမျိုးသား အဆင့်အလုပ် ရုံဆွေးနွေး ပွဲတွေလို မျိုးလုပ်ပြီး သန့်ရှင်းသော အစိုးရနှင့်ကောင်းမွန်သော အုပ်ချုပ်ရေး ပေါ်ထွန်းလာအောင် အစိုးရ၊ ပြည်သူ့ ကိုယ်စားလှယ်များ၊ တိုင်းချစ်ပြည် ချစ်စိတ်ရှိသူများ၊ ပညာရှင်များအားလုံး ဝိုင်းဝန်း ဆွေးနွေး အဖြေရှာပြီး ၂၀၁၂ကို သန့်ရှင်းသောအစိုးရနှစ်၊ ကောင်းမွန်သော အုပ်ချုပ်ရေး နှစ်အဖြစ် ရည်မှန်း ဆောင်ရွက်ပေးဖို့ ကျွန် တော်တို့ အလေးထား ပန်ကြားလိုပါတယ်။
ပြုပြင်ပြောင်းလဲမှုတွေ ဟာနိုင်ငံတော်ရဲ့ ထိပ်ပိုင်း မှာသာဖြစ် ပေါ်နေပြီး အလယ် အဆင့်နဲ့အောက်ပိုင်းအထိ ဆင်းသက်လာနိုင်ခြင်းမရှိ သေးတာကိုလဲ တွေ့ရှိရပါတယ်။ ပြောင်းလဲမှုတွေဟာ အောက်ခြေအထိ သက်ရောက်လာ မှသာ အများပြည် သူတွေဟာ ပြောင်းလဲမှုကို ထိတွေ့ခံစားနိုင်ကြမှာဖြစ် ပါတယ်။
နိုင်ငံတော်သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်း စုကြည်တို့ တွေ့ဆုံဆွေးနွေးအပြီးမှာ မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတွေ မြန်ဆန်လာ သလို ပြည်သူ အများ အနေဖြင့်လဲ မိမိတို့မြင် တွေ့လိုသော မြင်ကွင်းတွေ၊ ဖြစ်လိုသောဆန္ဒတွေ ရရှိလာပါတယ်။ ဧပြီ ၁ရက်မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ဟာ ဝင်ရောက် ယှဉ်ပြိုင်ပြီး လွှတ်တော် အတွင်း ဝင်ရောက်ကြမယ်လို့ သိရပါတယ်။ အဲဒီအတွက် အမြော်အမြင်ကြီးကြီး လက်တွဲ ဆောင်ရွက်ခဲ့ကြ တဲ့ သမ္မတကြီး ဦးသိန်းစိန်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ကြိုးပမ်းအား ထုတ်မှုများကို ရန်ကုန်မီဒီယာဂရု(ပ်)က လေးစားတန်ဖိုးထား ပါကြောင်း အလေးအနက် ပြော ကြားလိုပါတယ်။ အနာဂတ်မှာလဲ ခေတ်နောက်ကျ ကျန်ရစ်နေတဲ့ ကျွန်တော်တို့မြန်မာနိုင်ငံ အမြန်ဆုံး ပြန်လည်ရှင်သန် လာအောင် ပူးပေါင်း ဆောင်ရွက်မှု တွေရှိလာမယ်လို့လဲ ကျွန်တော်တို့က ယုံကြည်မျှော် လင့်ပါတယ်။ ဒီမိုကရေစီအလေ့အထများ ထွန်းကားစပြုလာနေတဲ့ လွှတ်တော် များကလဲ အများပြည်သူများ ရဲ့ ဆန္ဒနဲ့ အသံများကို ပိုမို ကိုယ်စား ပြုနိုင်ပါစေ လို့လဲထပ်မံမျှော်လင့်ပါတယ်။ ဒီမိုကရေစီနှင့် ထပ်တူ အံဝင် သော ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ရပ် အသွင်ပြောင်း လဲဖြစ်ပေါ်လာရေးကိုလဲ ဝိုင်းဝန်းကြိုးစားပေးကြပါလို့ လဲ ကျွန်တော်တို့က မေတ္တာရပ်ခံတိုက်တွန်းပါတယ်။ အဲဒီအပြင် ခေတ်စနစ် နှင့် အံဝင်ခြင်းမရှိတော့သော၊ ပြည်သူများကို ဖိနှိပ်ချုပ်ချယ်သောဥပဒေဟောင်း များ အမြန်ဆုံး ပယ်ဖျက်နိုင်ရေး လုပ်ငန်းစဉ်ကြီးကိုလဲ ပိုမိုသွက်လက်စွာ ဆောင်ရွက်ပေး နိုင်ကြဖို့လဲ တိုက် တွန်းလို ပါတယ်။
အခုဆို မဏ္ဍိုင်ကြီးလေးရပ်က ဥပဒေပြုရေး မဏ္ဍိုင်ဖြစ်တဲ့လွှတ်တော်တွေ၊ အုပ်ချုပ်ရေးမဏ္ဍိုင်ဖြစ် တဲ့အစိုးရ အဲဒီအပိုင်းတွေမှာ အတော်ကလေးပြုပြင် ပြောင်းလဲမှု တွေမြင်နေရပါတယ်။ အဲဒီမဏ္ဍိုင်ကြီးနှစ်ရပ် လိုပဲ တရားစီရင်ရေးမဏ္ဍိုင်ပိုင်း ပြုပြင်ပြောင်းလဲ လာမှု တွေကိုလဲ ပြည်သူ အများက မြင်တွေ့လိုနေကြပါတယ်။ နိုင်ငံတော် သမ္မတကြီးက တရားရေး မဏ္ဍိုင်ကလဲ ဖြောင့် မတ်မှန် ကန်မယ်၊ ဥပဒေစိုးမိုး ရေးဆိုင်ရာ အဖွဲ့အစည်း များကလဲ တရားဥပဒေနဲ့ အညီ ပြုမူကျင့်ကြံလုပ်ကိုင် ကြမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံမှာ တရားဥပဒေ စိုးမိုး ပြီး စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီစနစ် ကို ကျင့်သုံးနိုင် မှာ ဖြစ်တယ်လို့ လမ်းညွှန်ခဲ့ ပါတယ်။ အဲဒါကြောင့် တရားရေးမဏ္ဍိုင်ကို ဒီမိုကရေစီစနစ်နဲ့ အံဝင်ခွင်ကျ သော မဏ္ဍိုင်ကောင်း၊ ပြည်သူများ ယုံကြည်ကိုးစား သော မဏ္ဍိုင်ကောင်းကြီးအဖြစ် ဆောင်ရွက်ပေးနိုင်ဖို့ ကိုလဲ ရန်ကုန်မီဒီယာဂရု(ပ်)က တိုက်တွန်းပန်ကြား လို ပါတယ်။
နောက် အရေးကြီးတဲ့မဏ္ဍိုင်ကတော့ စတုတ္ထမဏ္ဍိုင်လို့သိကြတဲ့ သတင်းမီဒီယာမဏ္ဍိုင်ပဲ ဖြစ်ပါတယ်။ သတင်းမီဒီယာများဟာ အစိုးရနဲ့ပြည်သူ အကြား ပေါင်းကူးပေး ရတဲ့မဏ္ဍိုင်လို့လဲ ဆိုပါတယ်။ သမ္မတကြီး က စတုတ္ထမဏ္ဍိုင် ဖြစ်တဲ့ စာနယ်ဇင်းများရဲ့ အခန်းကဏ္ဍကို အလေးထား ဖို့လိုတဲ့အကြောင်း၊ စာနယ် ဇင်းများ ကတစ်ဆင့် ပြည်သူတွေသိသင့်တဲ့ အချက် များကို အသိပေးသွား ဖို့လိုသလို စာနယ်ဇင်းများက အပြုသဘော ဆောင် အကြံပြုချက်များကိုလဲ အလေး ထားဖို့ လိုအပ်မှာဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ် ။ အဲဒီလို လမ်းညွှန်ပြော ကြားအပြီးမှာ စာနယ်ဇင်းများ အပေါ် ကန့်သတ်မှု၊ ဆင်ဆာဖြတ် တောက်မှုတွေ လျှော့ပေါ့ ပေး လာခဲ့ပါတယ်။ အဲဒီအပြင် အချို့သော အုပ်စုများကို စာမူကြိုတင် စရာမလိုဘဲ တိုက်ရိုက် တည်းဖြတ် ထုတ်ဝေခွင့် ပြုခဲ့ပါတယ်။ အဲဒီလိုဖြစ်ပေါ် တိုးတက်မှုတွေ အတွက် ကျွန်တော်တို့ အထူးပဲဝမ်းသာ အားရ ကြိုဆိုပါတယ်။
သို့သော်လဲ တကယ့် ဒီမိုကရေစီနိုင်ငံမှာ ရှိသင့်ရှိ ထိုက်တဲ့ စတုတ္ထမဏ္ဍိုင်ရဲ့ အသွင်အပြင် ဖြစ်ပေါ် ရေးအတွက် ခရီးရှည် ဆက်ကြရဦးမှာပဲ ဖြစ်ပါတယ်။ ဆင်ဆာဖြတ်တောက်မှု လုံးဝမရှိတော့သော နေ့တစ် နေ့ကို ကျွန်တော်တို့ အားလုံး မျှော်လင့် နေပါတယ်။ မကြာမီလွှတ် တော်တင်ပြမယ့် မီဒီယာဆိုင်ရာဥပဒေ ပြဋ္ဌာန်းပြီးရင် ဘယ်စာမူမဆို ကြိုတင်စိစစ်၊ ဆင်ဆာ ဖြတ်တောက် ခြင်းမရှိစေရတော့ဘူး လို့လဲကြားသိနေရ ပါတယ်။ စာနယ်ဇင်း လွတ်လပ်ခွင့်ဟာ ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံ အတွက် အထူးပင် အရေးကြီးပါတယ်။ လွတ် လပ်မှုတွေကို အားလုံးလိုချင်ကြပါတယ်။ လွတ်လပ်မှု တွေရလာတဲ့အခါမှာလဲ အဲဒီလွတ်လပ် မှုတွေဟာ တန်ဖိုးရှိသော လွတ်လပ်မှုတွေဖြစ်ဖို့ ကျွန်တော်တို့ တစ်တွေဟာ သတင်း အတတ်ပညာများကို ပိုမိုဆည်း ပူးကြဖို့ လိုအပ်လာ မှာဖြစ်တဲ့ အပြင် မိမိကိုယ်ကို ထိန်း ကျောင်းပေးမယ့် စာနယ်ဇင်း ကျင့်ဝတ်များကို လေးစား လိုက်နာရေး ဟာလဲ အရေးကြီးလာ မှာဖြစ်ပါတယ်။ ပြဋ္ဌာန်း ပေးမယ့် မီဒီယာဆိုင်ရာ ဥပဒေများဟာလဲ နိုင်ငံ တကာ စံနှုန်း စံထားများနဲ့ ကိုက်ညီဖို့၊ ဒီမိုကရေစီစနစ် ကို အထောက် အကူပြုဖို့နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပိုင်ခွင့်များနဲ့ကိုက်ညီဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ထို့အပြင် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး ကြော်ငြာစာတမ်း article19 ပါ ပြဋ္ဌာန်းချက်များနဲ့ ကိုက်ညီဖို့လဲ သင့်ပါ တယ်။ အဲဒါမှသာ ကျွန်တော်တို့ဆီမှာ ရှိလာမယ့် မီဒီ ယာဆိုင်ရာ ဥပဒေများဟာ ပွဲလယ်တင့်သော ဥပဒေ များ ဖြစ်လာမှာဖြစ်တဲ့ အကြောင်း လေးစားစွာတင်ပြ လိုပါတယ်။
Article 19
Everyone has the right to freedom of opinion and expression; this right includes freedom to hold opinions without interference and to seek, receive and impart information and ideas through any media and regardless of frontiers.
ရန်ကုန်မီဒီယာဂရု(ပ်)ရဲ့ နှစ်လည်ညစာ စားပွဲမှာ ကြွရောက်ချီးမြှင့်ပေးကြတဲ့ ဧည့်သည်တော် များ ခင်ဗျား။ အခု တင်ပြချက် တွေဟာ ပြောင်းလဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့ လက်ငင်း တိုးတက်မှုတွေ အပေါ် ရန်ကုန်မီဒီယာဂရု(ပ်) ရဲ့ သုံး သပ်ချက်များနဲ့ အကြံပြုချက် များသာဖြစ်ပါတယ်။ စတုတ္ထမဏ္ဍိုင် တစ်ခုအနေနဲ့ ပြည်သူများရဲ့ လိုလား ချက်များကို အတတ်နိုင်ဆုံး ကိုယ်စားပြု ထင်ဟပ် တင်ပြခြင်းပဲ ဖြစ်ပါတယ်။
ရန်ကုန်မီဒီယာဂရု(ပ်)ဟာ ဖလားဝါးနယူးစ်၊ ရန်ကုန်တိုင်းမ်ဂျာနယ် များကို ထုတ်ဝေနေပြီး မိတ်ဖက် လုပ်ငန်းများအဖြစ် 8Days Media ၊ Yangon Publishing and Printing Group များနဲ့ လက်တွဲ ဆောင်ရွက် လျက်ရှိပါတယ်။ အခုဆိုရင် ကျွန်တော်တို့ ဂရု(ပ်)ရဲ့ သက်တမ်းဟာ ခုနစ်နှစ်သား ရှိခဲ့ပြီဖြစ်ပါ တယ်။ တစ်ချိန်ချိန်မှာ ကျွန်တော်တို့ဟာ နေ့စဉ်ထုတ် သတင်း စာတိုက်ကြီး အဖြစ် အသွင်ကူး ပြောင်းနိုင် အောင် ကြိုးစားလျက်ရှိပါတယ်။ အခွင့်သင့်ရင်တော့ ပုံနှိပ်မီဒီယာသာမက အခြားသော မီဒီယာများကို ပါ လုပ်ကိုင်နိုင် အောင်အထိ ရည်မှန်းကြိုးစားသွားမှာဖြစ် ပါတယ်။ ယခုနှစ်အတွင်းမှာပဲ CSR လို့ ခေါ်တဲ့ Coperate Social Responsibility လူမှုအရေးအရာ တာဝန် ယူမှု အစီအစဉ် အချို့ကို စတင် နိုင်ခဲ့ပါတယ်။ နေပြည်တော် နဲ့ ရန်ကုန်မှာ GEGG Green Economy နှင့် Green Growth ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဆိုင်ရာဖိုရမ်များကို ကျွန်တော်တို့ထက် ဝါရင့် အတွေ့ အကြုံများသော ပညာရှင်ကြီးများ၊ မိတ်ဆွေ များနဲ့အတူ ပါဝင်ဆောင် ရွက်နိုင်ခွင့်ရခဲ့ပါတယ်။ အဲဒီ အပြင် မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ မင်္ဂလာတောင် ညွန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက်မှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်ပေါက်ကွဲမှု ကြီးအတွက် အခက်အခဲ ဖြစ်နေကြ ရသူများထံ ဆန်အိတ်များ လှူဒါန်းခဲ့ပါတယ်။ လာမယ့် နှစ်တွေမှ လူမှုတာဝန်များ ဒီ့ထက်ပိုမို ထမ်းဆောင် သွားဖို့လဲ ရည်မှန်းကြိုးစား သွားမှာဖြစ်ပါတယ်။ အဲဒီ အပြင် အခုနှစ်ဆန်း ပိုင်းကစပြီး ရန်ကုန်မီဒီယာဂရု(ပ်) ဝက်ဘ်ဆိုက် တစ်ခုကို အသွင်ပြောင်းလဲပြီး အချိန်နဲ့ တစ်ပြေးညီ သတင်းများလွှင့် တင်ပေးနိုင်အောင် စီစဉ် ထားပါကြောင်းလဲ လေးစားစွာ အသိပေး လိုပါတယ်။
အခုလို ရန်ကုန်မီဒီယာဂရု(ပ်)ရပ်တည် ရှင် သန်နိုင်အောင် ဝိုင်းဝန်းကူညီပေး ခဲ့ကြသောသူများ အားလုံးကို ဒီနေရာကနေ ကျေးဇူးတင်စကား ပြော ကြားလိုပါတယ်။ ရှေးဦးစွာ စာဖတ်ပရိသတ်များ အား လုံးရဲ့ကျေးဇူးတရားကို ကျွန်တော်တို့ရင်ထဲမှာ ထာဝရ သိမ်းဆည်းထား မှာဖြစ်ပါတယ်။ ဆောင်းပါးစာမူများ ရေးသားပေး ပို့ပေးကြတဲ့ ပင်တိုင်ဆောင်းပါးရှင် ဆရာ ဆရာမ ကြီးများ၊ ကာတွန်း ဆရာကြီးများ၊ သတင်း ထောက်များ၊ ကြော်ငြာများ ထည့်သွင်း ပေးကြတဲ့ကြော် ငြာအေဂျင်စီများ၊ လုပ်ငန်းရှင်ကြီးများ၊ သတင်းအရင်း အမြစ်များ၊ ပုံနှိပ်၊ ထုတ်ဝေ ဖြန့်ချိရေးဆိုင်ရာ မိတ်ဆွေများ အားလုံးကိုလဲ အထူးကျေးဇူး တင်ရှိပါကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော် နှုတ်ဖြင့် ထုတ်ဖော် ပြောဆိုရင်း ကျန်ရစ်သွား နိုင်သူ ကျေးဇူးတင်ထိုက်သူ များအားလုံးကိုလဲ ကျေးဇူးတင်ပါတယ်။ ရန်ကုန်မီဒီ ယာဂရု(ပ်) ဆက်လက်ရှင်သန်ရပ်တည် နိုင်ရေးအတွက် ဆက်လက် ကူညီလက်တွဲ ပေးကြပါဦးလို့လဲ အထူး မေတ္တာရပ်ခံ လိုပါတယ်။
အခုလို နှစ်သစ် အခါသမယ လွတ်လပ်ရေး အကြိုညမှာ မြန်မာပြည်သူ ပြည်သားအား လုံးလွတ်လပ် ရေးနဲ့ ဒီမိုကရေစီရေး ဆိုင်ရာအခွင့် အရေးများ အပြည့် အဝရရှိကြ ပါစေကြောင်း ဆုတောင်းပါတယ်။ အဲဒီ အပြင် ဒီကနေ့ကစပြီး လွတ်မြောက် လာကြတဲ့ လွတ် ငြိမ်းချမ်းသာခွင့် ရသူများထဲမှာ ကျွန်တော်တို့ အားလုံး လွတ်စေချင်နေကြတဲ့ ယုံကြည်ချက် ကြောင့် အကျဉ်း ကျနေသူများ အားလုံး ပါဝင်နိုင် ကြပါစေလို့လဲ လေးလေး နက်နက် ဆုတောင်းပါတယ်။ ကျွန်တော့်ရဲ့ နှုတ်ခွန်း ဆက် စကားကို ကျွန်တော်ကိုယ်တိုင် ရေးခဲ့တဲ့ မြန်မာ ကျန်းမာချမ်းသာပါစေ ဆိုတဲ့ ကဗျာလေး ကို ရွတ်ပြရင်း နဲ့ နိဂုံးချုပ်ချင် ပါတယ်။
နှစ်ထောင့်ဆယ့်တစ် ချန်ထားရစ်၍ နှစ်သစ်ချိန်ခါ တို့မြန်မာသည် ကျန်းမာချမ်းသာရှိစေသော်။ ပြီးခဲ့သည့်နှစ် ပြန်တွက်စစ်လျှင် အသစ်များစွာ မင်္ဂလာနှင့် မြန်မာ... နာလန်ထခဲ့သည်။ ဒဏ်ရာဒဏ်ချက် အနာကျက်ဖို့ တွဲလက်ညီညာကြိုးစားမည်။ နာလန်ထမှ လဲမကျဖို့ ဖေးမဝိုင်းကူ ထူထောင်မည်။ အမုန်းစိတ်များ အတိတ်ထား၍ ရင်ကြားမလပ် ပေါင်းစည်းကပ်လျက် ချစ်တတ်ခြင်းတွေ စည်ပင်မည်။ နှစ်ထောင့်ဆယ့်နှစ် နှစ်ဆန်းသစ် တွင် စစ်ဘေးရန်အေး ငြိမ်းချမ်းတေး ကို သွေးချင်းအားလုံး ဆိုချင်သည်။ နှစ်ထောင့်ဆယ့်နှစ် နှစ်ဆန်းသစ်တွင် ထားရစ်ခေတ်ဟောင်း အတွေးပြောင်းမှ ခေတ်ပြောင်းပီပြင်နိုင်ပေမည်။ ပီပြင်ခေတ်ပြောင်းနိုင်လိမ့်မည်။ နှစ်ဆန်းချိန်ခါ တို့မြန်မာသည် မကြာကျန်းမာပါစေသော်။ မကြာချမ်းသာပါစေသော်။

