တင်ထုတ်စနစ်သုံး သတင်းဂျာနယ်များတွင်ပါဝင်သည့် နိုင်ငံတကာအင်တာတိန်းမန့် စီးပွားရေးနှင့် မှုခင်းသတင်းများ စာပေစိစစ်ရေးသို့ တင်ပြစရာမလိုဘဲ ထုတ်ဝေခွင့်ပြုရန် ပြန်ကြားရေးဝန်ကြီးဌာနမှ စဉ်းစားနေကြောင်း သိရသည်။
ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းတွင် စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနတွင် ပြုလုပ်သော လုပ်ငန်းညှိနှိုင်း အစည်း အဝေးတွင် စီးပွားရေး မှုခင်း နှင့် ဥပဒေဆိုင်ရာ ဘာသာရပ်များနှင့် အကျုံးဝင်သည့် ဂျာနယ် မဂ္ဂဇင်းများကို ထုတ်တင် စနစ်ခွင့်ပြုခဲ့ပြီး တက်ရောက်လာကြသော ဂျာနယ် မဂ္ဂဇင်း အယ်ဒီတာချုပ်များမှ မေးမြန်းသော တင်ထုတ် သတင်းဂျာနယ်များမှ နိုင်ငံတကာအင်တာတိန်းမန့် စီးပွားရေးနှင့် မှုခင်းသတင်းများ ကိုပါ ထုတ်တင် စနစ်ခွင့်ပြုပေးရန် တောင်းဆို မှုအား ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဒုတိယညွှန် ကြားရေးမှုးချုပ် ဦးတင့်ဆွေက စဉ်းစားပေးမည် ဖြစ်ကြောင်းနှင့် ယင်းကို တစ်ပတ်အတွင်း အကြောင်းပြန်ပေးမည် ဟုပြန်လည်ပြောကြားခဲ့သည်။
၂၀၁၁ ခုနှစ် ဇွန်လတွင် မြန်မာနိုင်ငံတွင် ထုတ်ဝေလျက်ရှိသော ဂျာနယ် မဂ္ဂဇင်းများမှ အနုပညာ သုတ ရသ ကျန်းမာရေး ကလေး နည်းပညာ နှင့် အားကစား တို့နှင့် ဆိုင်သော ဂျာနယ် မဂ္ဂဇင်းများကို တင်ထုတ်စနစ်မှ ထုတ်တင်စနစ်သို့ ခွင့်ပြုပေးခဲ့ပြီး ၆ လ အကြာတွင် စီးပွားရေး မှုခင်း နှင့် ဥပဒေဆိုင်ရာ ဘာသာရပ်များနှင့် အကျုံးဝင်သည့် ဂျာနယ်မဂ္ဂဇင်းများကိုပါ ထုတ်တင် စနစ်ခွင့်ပြုခဲ့ကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် ထုတ်ဝေလျက်ရှိသော ဂျာနယ် မဂ္ဂဇင်း ဘာသာရပ် ၁၁ မျိုးတွင် ၇-မျိုးကို ထုတ်တင် စနစ် ခွင့်ပြုခဲ့ပြီး ဖြစ်ရာ ဂျာနယ်ပေါင်း ၁၂၆ စောင် နှင့် မဂ္ဂဇင်း ၁၂၇-အုပ် တို့သည် ထုတ်တင်စနစ်ဖြင့် ထုတ်ဝေလျက်ရှိသည်။

