» NLD ပါတီ ပြန်လည်ဖွဲ့စည်းရန် ညီလာခံ ခေါ်ယူကျင်းပမည်: NLD ပါတီအလုပ်အမှု ဆောင် အဖွဲ့ပြန်လည်  ရွေးကောက်တင်မြှောက် ... http://t.co/ijCm5YKF 2012-05-18 02:50 » အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှ မြန်မာနိုင်ငံတွင် အမေရိ ကန်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ... http://t.co/Jb4S4z3g 2012-05-18 02:19 » ရှမ်းလမ်းစျေး(ခ) ဂွစျေး မီးလောင် ကျပ်သိန်းပေါင်း သုံးရာကျော် ဆုံးရှုံး: စမ်းချောင်းမြို့နယ် ကျွန်းတော မြောက်ရပ... http://t.co/NGLsnpji 2012-05-18 11:13 » နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့: မန္တလေးမြို့ မဟာအောင်မ... http://t.co/okQSTdWY 2012-05-17 11:52 » လွှတ်တော်ကိုယ်စားလှယ်က စိုက် ပျိုးမြေကို ငါးကန်တူးသည့်ကိစ္စ မှန်ကန်ကြောင်း လွှတ်တော်သို့ တင်ပြပြီ: ဧရာဝတီတိုင်... http://t.co/tSAc7zWZ 2012-05-17 08:16



တပ်မတော် ထောက်လှမ်းရေး အကြီးအကဲလည်း ဖြစ်၊ ဝန်ကြီးချုပ်လည်းဖြစ်ခဲ့သော ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် နှင့် တွေ့ဆုံခြင်းအပိုင်း(၂)

U_Khin_Nyunt_part2.jpgမေး - အခုအချိန်မှာ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့  နိုင်ငံတိုင်း နိုင်ငံတိုင်းဟာ စီးပွားရေးကို Reform စလုပ်ကြတယ်။ အဘတို့ အုပ်ချုပ်စဉ်က လက်တွေ့ ကြုံခဲ့တဲ့ အတွေ့အကြုံတွေနဲ့ နှိုင်းယှဉ်ပြီး ဒီအချိန်မှာ ဘယ်လိုမျိုး လုပ်သင့်တယ်လို့ ဖြည့်စွက်ပြီး အကြံပြု လိုပါသလဲ။ အထူးသဖြင့် ကျွန်တော်တို့ ဒီမိုကရေစီ နိုင်ငံသစ်အတွက်ပေါ့။

ဖြေ - ကျွန်တော် တာဝန်ယူတဲ့အချိန်တုန်းက စီးပွားရေး ကဏ္ဍကို ကျွန်တော်မကိုင်ခဲ့ရဘူး။ ဒါဟာ ပွင့်ပွင့်လင်း လင်းပြောတာပါ။ စီးပွားရေး ကဏ္ဍကို ကျွန်တော်မကိုင်ခဲ့ရဘူး။ မကိုင်ခဲ့ရလို့  စီးပွားရေး ကဏ္ဍနဲ့ပတ်သက် လို့ ထိထိ ရောက်ရောက် ကျွန်တော်မလုပ်နိုင်ခဲ့ဘူး။ နောက်ပြီး အဲဒါတွေလဲ  ကျွန်တော် ဘယ်လောက် အတိမ်အနက်ပေါ့ဗျာ။ လေးလေး နက်နက် ကျွန်တော် မလေ့လာနိုင်ခဲ့ဘူး။ အခုမှ ကျွန်တော်ကတော့ ကိုယ့် နိုင်ငံစီးပွားရေး ဖွံ့ဖြိုးမှုက နောက်ကျ နေသေးတယ်။ လုပ်ဖို့လိုတယ်ဆိုတဲ့ အခါကျတော့ အခုမှ ကျွန်တော် လေ့လာနေတုန်း။ လေ့လာပြီးရင် ကျွန်တော်တော်တော်  များများသိလာရင်ပေါ့ဗျာ။ စီးပွားရေးနဲ့ပတ်သက် လို့ သိလာရင်ပေါ့ဗျာ။ ကျွန်တော်ပြန် အကြံဉာဏ်ပြု တာတို့ လုပ် ခွင့်ရမှာပေါ့ဗျာ။
 

မေး - အဘအနေနဲ့ နိုင်ငံရေးမှာတော့ မပါတော့ဘူး။  လူမှုရေးမှာတော့ ထဲထဲဝင်ဝင်လုပ်မယ်။ ကျွန်တော်က စီးပွားရေးကိုများ ထပ်ပြီးတော့ အဘအနေနဲ့ အကြံဉာဏ်တွေများ ပေးလာဖို့ရှိမယ်လို့ ထင်လို့ပါ။

ဖြေ - အကြံဉာဏ်လာတောင်းရင်တော့ ပေးမှာပေါ့ ဗျာ။ အတွေ့အကြုံပေါ်မှာ မူတည်ပြီးတော့ ပေးနိုင် တဲ့ အကြံဉာဏ်၊ ကောင်းတဲ့အကြံဉာဏ်ပေါ့ဗျာ။ ကောင်းတဲ့ အကြံဉာဏ်တော့ ပေးချင်တာပေါ့ဗျာ။

မေး - အခုအချိန်မှာ နိုင်ငံတော်သမ္မတက အကြံဉာဏ် တွေများ တောင်းလာခဲ့လို့ရှိရင် အဘအနေနဲ့ပေးဖို့ရှိ ပါသလား။

ဖြေ - ကောင်းတဲ့အကြံပဲ။ ပေးမှာပေါ့။ နိုင်ငံတော်ရဲ့ အကျိုးဖြစ်ထွန်းမယ့် ကိစ္စရပ်တွေ၊ ပြည်သူတွေရဲ့အကျိုး ဖြစ်ထွန်းမယ့်ကိစ္စရပ်တွေ မှန်သမျှ ကျွန်တော်ပေးမှာ ပဲ။ မပေးနိုင်တာ ကိုတော့ ဒါကျွန်တော်  မကျွမ်းဘူး။  ပေးလို့ မရဘူး။ ပေးနိုင်တာ၊ ကျွန်တော်ကျွမ်းကျင်တာ ဆိုရင် ပေးမယ်။

မေး - နောက်တစ်ခုက အဘရယ်။ ကျွန်တော် ပွင့်ပွင့် လင်းလင်းပဲ မေးပါရစေ။ ဒီလိုပါအဘ။ အဘပြောခဲ့ တာရှိပါတယ်။ အာဃာတတွေ မထားပါဘူး။ ဒါတွေ ဟာ အမျိုးသား  ရင်ကြားစေ့ရေးမှာ အင်မတန်မှ အရေး ကြီးပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေး တဲ့အခါမှာ ငြိမ်းချမ်းရေး ခေါင်းဆောင်တွေက အမြဲတမ်းပြောတယ်။ အဘလွတ်လာတဲ့ အချိန်မှာ ဝမ်းသာတဲ့လူတွေလဲ ရှိ တယ်။ ဝေဖန်တဲ့သူတွေလဲရှိတယ်။

ဖြေ- ကျွန်တော်က ပွင့်ပွင့်လင်းလင်း  ပြောရရင်ပေါ့ဗျာ။ ကျွန်တော် တာဝန်ယူခဲ့တဲ့ကာလ ဆောင်ရွက်ခဲ့သမျှ လုပ်ငန်းတွေနဲ့  ပတ်သက်လို့လဲ ကျွန်တော်အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ဝေဖန်တယ်။ ကိုယ့်ကိုယ် ကိုယ် ပြန်ဆန်းစစ်တယ်။ ငါလုပ်တာ မှားသလား။ မှန် သလားဆိုတာ ပြန်ဆန်းစစ်တယ်။ အဲဒီလိုပြန်ဆန်း စစ်တဲ့အခါမှာ မှားတာတွေ ရှိတဲ့အခါ ကျွန်တော် ဒါ မှားသွားပြီ။ နောက်ထပ် ဒါမျိုးမဖြစ်စေရဘူး။ ဒီလို ကိုယ့်ကိုယ်ကိုယ် ဝေဖန်တဲ့ဓလေ့ ကျွန်တော့်မှာရှိတယ်။

မေး-အဘဟာ မြန်မာနိုင်ငံမှာ ရွှေတိဂုံထီးတော်ကိုတောင် တင်နိုင်ခဲ့တဲ့ ခေါင်းဆောင်ကြီး တစ်ဦးပေါ့လေ။တကယ့် ဩဇာအာဏာကြီးမားတဲ့ ခေါင်းဆောင်ကြီး တစ်ယောက်ဟာ အများမမျှော်လင့်တဲ့ အချိန်မှာ ဘာဖြစ် လို့ဒီလိုဖြစ် သွားရတယ်ဆိုတဲ့ မေးခွန်းကိုများ ဖြေပေး လို့ရပါမလား။

ဖြေ - ဒီလိုဖြစ်တယ်ဆိုတာ လူပေါ်မူတည်တာပေါ့ဗျာ။ အဓိကတော့ လူပေါ်မူတည်တာပဲ။ ကျွန်တော်လဲ ဘာဖြစ်တယ် ဆိုတာကို ပထမဆုံးတော့ ဘာမှမသိ ဘူးဗျ။ ဘာမှမသိဘူး။ ထင်လဲ မထင်ခဲ့ဘူး။ ကိုယ့် ကိုယ်ကိုယ်လဲ မထင်ဘူး။ ဒီလိုဖြင့် အလုပ်ခံရလိမ့် မယ်လို့လဲ ဘယ်တော့ မှမထင်ခဲ့ဘူး။

မေး-ဟုတ်ကဲ့ပါ။ ဆိုတော့ အဘဟာ အခုလိုဖြစ်ရ တာကိုလဲ အဘရဲ့ တပည့်တချို့ လုပ်ရပ်တွေကြောင့် လို့လဲ အပြင်မှာ ပြောသံကြားခဲ့ရတာနဲ့ ပတ်သက်ပြီး တော့ ဒီအပေါ်မှာအဘ ဘာများပြောချင်ပါသလဲ။

ဖြေ-ကျွန်တော်ခံယူတာ ကတော့ပေါ့ဗျာ။ ကျွန်တော့် တပည့်တွေခံရတာ ကျွန်တော့်ကြောင့်လို့ပဲ ကျွန်တော် ဒီလိုပဲ ခံယူတယ်။ ကျွန်တော်အရေး ယူခံရတဲ့အတွက် တပည့်တွေကိုပါ အားလုံး အရေးယူလိုက်တယ် ဆိုတာ ဒီလိုပဲ ကျွန်တော်ခံယူတယ်။ တပည့်တွေကြောင့် ကျွန်တော်ခံရတယ်လို့ ကျွန်တော်မခံယူဘူး။ ဘာကြောင့်လဲဆိုတဲ့ အခါကျတော့ ကျွန်တော်က လူကြီးလေ။ တပည့်တွေကို ဘာလို့ အပြစ်ဖို့မလဲ။  ကျွန်တော်က တာဝန်ခံလေ။ ကျွန်တော် တပည့်တွေအပေါ်  အပြစ် မဖို့ဘူး။ အဲဒီတော့ ကျွန်တော့်တပည့် တွေထဲမှာ မှား တဲ့တပည့်တွေလဲ ရှိမှာပဲ။

မေး-အဘတို့ တာဝန်ထမ်းဆောင်စဉ် အချိန်တုန်းက ပြည်သူတွေဟာ နိုင်ငံရေးဆိုတဲ့အရာကို မပြောဝံ့လောက် အောင်၊ နိုင်ငံရေးဆိုတဲ့ ဝေါဟာရကို မသုံးရဲလောက် အောင်၊ အကြောက်တရားတွေ ဖုံးလွှမ်းအောင် လုပ်ခဲ့ကြတဲ့ အထဲမှာ အဘလဲတစ်ဦးပါ တယ်ဆိုပြီး ပြည်သူ တွေပြောခဲ့ကြတာကို အဘဘယ်လိုများ ပြောချင်ပါ သလဲ။

ဖြေ- နိုင်ငံရေးဆိုတာ စောစောက ပြောသလိုပေါ့လေ။ အမျိုးသား နိုင်ငံရေးနဲ့ ပါတီနိုင်ငံရေး အဲဒီတော့ အမျိုး သားနိုင်ငံရေးနဲ့ ပါတီနိုင်ငံရေး ဆိုတဲ့ဟာမှာ နိုင်ငံရေး လုပ်တဲ့လူတွေကို အပြစ်ပြောလို့မရဘူး။ အဲဒီတော့ မဟုတ်တာ လုပ်တဲ့လူတွေကိုပဲ အပြစ်ပြောရမယ်။ နိုင်ငံရေးထဲမှာ မဟုတ်တာ လုပ်တဲ့လူ ပါချင်ပါမယ်လေ။ ကောင်းတာလုပ်နေတဲ့ လူလဲအများကြီးပါတယ်။ အများ ကြီးရှိတယ်။ ကောင်းတာ လုပ်နေတဲ့ နိုင်ငံရေးသမား ကို မပြောဘူး။ ပြောလို့မရဘူး။ အပြစ်ပြော လို့မရ ဘူး။ သူက တိုင်းပြည်ကောင်းစားဖို့ကို သူလုပ်တာကိုး။ အဲဒီတော့ နိုင်ငံရေးလုပ်တိုင်း မကောင်းဘူးလို့ ပြော လို့မရဘူးဗျာ။ ပါတီနိုင်ငံရေးလုပ်တိုင်း အဲဒီလူတွေ မကောင်းဘူးဆိုပြီး ပြောလို့မရဘူး၊ အဲဒီတော့ သူ့ရဲ့ ရည်ရွယ်ချက် အပေါ်မှာပဲ မူတည်တယ်။ ကောင်းသော ရည်ရွယ်ချက်နဲ့ လုပ်မယ်ဆိုရင် ကောင်းသော နိုင်ငံရေး လုပ်တာပဲနော်။

မေး-အဘတို့လွတ်လာပြီး နောက်နေ့မှာ နေပြည် တော်မှာ အစည်းအဝေးတစ်ခုလုပ်ပါတယ်။ ပြည်ထဲ ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ပြောပါ တယ်။ အဘအပြင်ပေါ့နော်။ အဘရဲ့တပည့်တွေ ၁၀၀ နောက်ပြီး သူနဲ့ဆက်စပ်တဲ့ အဖွဲ့အစည်း ၁၀ဝလွှတ် လိုက်တယ်လို့ ပြောပါတယ်။ အဲဒီအရေအတွက် မှန် ပါသလားခင်ဗျား။

ဖြေ- ခန့်မှန်းတော့ ဟုတ်ပါတယ်။ သူက ကာစတန် တွေ နောက်တခြား အဖွဲ့တွေ သူတို့လဲ တပည့်ဟောင်း တွေပေါ့ကွယ်။ ကာစတန်မှာ ရောက်နေ တာရှိတယ်။ထောက်လှမ်းရေးဟောင်း တွေပေါ့လေ။ စောစောက တည်းက ရောက်နေတာပေါ့လေ။ နောက်နစက ပေါ့ လေ။ တာချီလိတ် တို့မှာ ရောက်နေတဲ့ နစကနော် အဲဒါတွေရှိမယ်။ နောက်ပြီးတော့မှ တခြားဝန်ကြီး ဌာနရောက်နေတဲ့ တပည့်ဟောင်း တွေလဲရှိမယ်။ ရှိနိုင် တာပေါ့။ သူကလဲရှိတဲ့  အချက် အလက် နဲ့ ပြောတာပေါ့လေ။ ဟုတ်ကဲ့ ဖြစ်နိုင်ခြေရှိပါတယ်။

မေး-နောက်တစ်ခုက အဘရယ်၊ ယနေ့အချိန်အခါကို တချို့က Turning Point  လို့သုံးတယ်။ အဘ လွတ် လာတယ်။ ကျောင်းသားတွေ လွတ်လာတယ်။ အင်န်အယ်လ်ဒီလဲ ရွေးကောက်ပွဲဝင်မယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေလဲ တော်တော် လုပ်လာနိုင်တယ်။ မြန်မာ့ နိုင်ငံရေးမျက်နှာစာ လှပ တယ်လို့ ဒီအချိန်မှာ သုံးလို့ရ တယ်။ ဒီလိုသာ ဆက်သွားမယ်ဆိုရင် ခုနက လာအို တို့၊ ကမ္ဘောဒီးယား တို့လိုနိုင်ငံတွေကို ဘယ်အချိန် လောက်မှာများ ကျော်တက်သွားနိုင်မလဲ။

ဖြေ- ကျွန်တော်တို့ နောက်မကျသေးပါဘူး။ မြေပေါ် မြေအောက် သယံဇာတတွေ အများကြီးရှိပါသေး တယ်။ စနစ်တကျ အသုံးပြုရမယ်ဗျ။ ဗုံးပေါလအော မသုံးရဘူးဗျ။ မျက်နှာလွှဲခဲပစ် မလုပ်ရဘူး။ အဲလိုလုပ် နိုင်တဲ့ အနေအထား၊ အခြေအနေမျိုးလဲရှိသေးတယ်။ နောက်တစ်ခုက ကျွန်တော်တို့လူမျိုးတွေဟာ ဦးနှောက် ကောင်းပါတယ်။ တက်တက်ကြွကြွ ထက်ထက်မြက် မြက် လူငယ်တွေလဲ အများကြီးရှိပါတယ်။ အားလုံးက တက်ညီလက်ညီနဲ့ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် နဲ့ပေါ့ဗျာ။ သူတစ်ဗိုလ်၊ ကိုယ်တစ်မင်း သဘောမထား ဘဲနဲ့ တပေါင်းတစည်းတည်း စည်းစည်း လုံးလုံးညီညီ ညွတ်ညွတ်နဲ့လုပ်ရင် ကမ္ဘောဒီးယား၊ လာအိုတင်မက ဘူး။ ထိပ်ပိုင်းကို ရောက်မယ်။ အာဆီယံမှာ ထိပ်ကို ရောက်မယ်။ မလေးရှားနဲ့ထိုင်းတို့ကို ရင်ပေါင်တန်းနိုင် မယ့်အနေအထားမျိုးဖြစ်မယ်။ ကျွန်တော်တို့လူတွေ Talent   ရှိပါတယ်။ လုပ်နိုင်ပါတယ်။ သယံဇာတလဲ ရှိတယ်။ မဖြစ်နိုင်စရာအကြောင်းမရှိဘူး။ ဖြစ်ကိုဖြစ် မယ်။ လူတွေနဲ့လုပ်တဲ့လူတွေအပေါ်မှာ မူတည်တယ်။ လူပဲဗျ။ လူသာလျှင် အဓိက။ လူသာလျှင် ပဓာန။ ဟုတ်ပြီလား။ တက်ညီလက်ညီလုပ်၊ စည်းစည်းလုံးလုံး လုပ်။ တစ်ယောက်က သူလုပ်ချင်တာလုပ်၊ တစ်ယောက်ကလဲ သူလုပ်ချင်တာလုပ်၊ ဒီလိုဟာမျိုး မလုပ်ဘဲနဲ့ အားလုံးက စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် နဲ့ ကဏ္ဍအလိုက် ခွဲဝေပြီးတော့ တကယ်တက်တက်ကြွ ကြွနဲ့ တိုင်းပြည်ကောင်းရာကောင်းကျိုးအတွက် ပြည် သူတွေရဲ့ ကောင်းရာကောင်းကျိုး အတွက် စိတ်စေတနာ အပြည့်နဲ့ ဆောင်ရွက်မယ် ဆိုရင် ကျွန်တော်ထင် တယ်။ မြန်မြန်ဆန်ဆန် ဖြစ်လာလိမ့်မယ်။

မေး-နောက်တစ်ခုက အဘ နိုင်ငံတကာဆက်ဆံရေး နဲ့ပတ်သက်ပြီး နည်းနည်းမေးပါရစေ။ အဘလဲသိပြီး ဖြစ်မှာပါ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာ ရီကလင်တန် မြန်မာနိုင်ငံကို လာခဲ့တယ်။ အခုအချိန် မှာလဲ အထက်လွှတ်တော်အမတ်ဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ Sanction  ကိစ္စပြောခဲ့တဲ့ မစ်မက်ကော နားရောက် နေတယ်။ ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးလာတယ်။ ဗြိတိန်လဲလာတယ်။ ဆိုတာက ကျွန်တော်တို့ရဲ့ နိုင်ငံတကာ  ဆက်ဆံရေးဟာတချို့က ပြောပါတယ်။  အမေရိ ကန်ဘက် ယူရုပ်ဘက် ယိမ်းသွားတယ်ပေါ့။ အဲဒီ အပေါ် အဘ ဘယ်လိုမြင်လဲ။

ဖြေ- ကျွန်တော် ဒီလိုမထင်ပါဘူး။ မမြင်ပါဘူး။ အရင် ဆုံး ကျွန်တော်တို့ စဉ်းစားရမှာက ကျွန်တော်တို့က အိမ်နီးနားချင်းနိုင်ငံတွေ ပထမဆုံး အိမ်နီးနားချင်း နိုင်ငံ တွေ၊ ကျွန်တော်တို့မိတ်ဆွေအရင်း အချာတွေ အရှေ့ ဘက်မှာ တရုတ်ရှိတယ်။ ထိုင်းရှိတယ်။ လာအိုရှိတယ်။ အနောက်ဘက်မှာ အိန္ဒိယ ရှိတယ်၊ ဘင်္ဂလားဒေ့ရှ်ရှိ တယ်။ အိမ်နီးနားချင်းနိုင်ငံတွေရဲ့ ချစ်ကြည်ရင်းနှီး မှုဟာ ပထမ၊ အာဆီယံနိုင်ငံ နဲ့ အာရှတိုက် နိုင်ငံတွေနဲ့ ချစ်ကြည်ရင်းနှီးမှုက ဒုတိယ၊ ကျန်တဲ့အနောက်နိုင်ငံ တွေနဲ့ ချစ်ကြည်ရင်းနှီးမှုက တတိယ၊ ကျွန်တော့်ရဲ့ အယူအဆပေါ့ဗျာ။ ဘယ်လိုမှ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးပျက်ပြားသွားဖို့ မရှိဘူး။ အမေရိကန်က လာတယ်၊ အင်္ဂလိပ်က လာတယ်။ ပြင်သစ်က လာတယ်။ ဂျာမနီက လာမယ်ပေါ့ဗျာ။ နဂိုကတည်းက ဂျာမနီက နည်းနည်းနည်းနည်း လာနေတာပါ။ အဲလိုနိုင်ငံတွေက လာတဲ့ဟာသည် ကျွန်တော်တို့ အခုမှ ဒီမိုကရေစီနိုင်ငံ ကျင့်သုံးပြီး ဒီမိုကရေစီလမ်းစဉ်အတိုင်း လျှောက် လှမ်းပြီး Road Map ကိုလဲ သူတို့လုပ်လိုက်ပြီ။ လွှတ် တော်လဲ ပေါ်လာပြီ။ လွှတ်ချိန်တန်သူတွေကိုလဲ တဖြည်း ဖြည်းနဲ့ လွှတ်နေပြီ။ အခုနောက်ဆုံး လွှတ်လိုက်တာ ကိုသူတို့က ပိုပြီးသဘောကျတယ်။ ဒီအတိုင်းဆို နောင်လဲ ဆက်ပြီး လွှတ်ဦးမှာပဲဆိုပြီး ဒီလိုအယူ အဆ သဘောထားနဲ့ အနောက်နိုင်ငံ တွေက ဝင်လာတာပဲ။

မေး-အဘမေးခွန်းများတယ်လို့တော့ မထင်ပါနဲ့ အဘခင်ဗျာ။ အဘလက်ထက်မှာ မှတ်မိပါတယ်။  MICT PARK တို့လို တကယ့်ကို မြန်မာနိုင်ငံမှာ IT ခေတ်တစ်ခေတ်ကို ဖွံ့ဖြိုးအောင် စတင်တည်ထောင် လိုက်တဲ့သဘောမှာရှိပါတယ်။ ဒီIT နယ်ပယ်မှာ အကြံပေး တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ဝင်ရောက်ပြီးတော့ ကူညီပေးတာပဲဖြစ်ဖြစ် မြန်မာနိုင်ငံအနေနဲ့ ဒေသတွင်း နိုင်ငံတွေနဲ့ ရင်ပေါင်တန်းနိုင်အောင် အဲဒါလေးလဲ အကြံပြုပြောပေးပါခင်ဗျား။ ဒါဘာလို့ မေးရသလဲဆို ရင် အိန္ဒိယဆိုရင် IT နဲ့ စီးပွားရေးတိုးတက်အောင် လုပ်ပြသွား တာလေး တွေရှိလို့ပါ။


ဖြေ- ကျွန်တော်ကတော့ အိုင်တီနဲ့ပတ်သက်လို့ပေါ့ဗျာ။အဲဒီဟာနဲ့ပတ်သက်လို့ နည်းနည်းကြောက်သွားပြီ။ ကြောက်တယ်ဆိုတာ အကြောင်းကြောင်း တွေကြောင့် ပေါ့ဗျာ။ နောက်တစ်ခုက ကျွန်တော်က အဲဒီမှာ ထိုင်း နိုင်ငံမှာ ဝန်ကြီးချုပ်သက်ဆင်ပေါ့။ သက်ဆင်နဲ့ ကျွန် တော်က ပုဂ္ဂိုလ်ရေးအရ ရင်းနှီးတယ်ဗျာ။ ခင်ဗျားတို့ကို ပြောပြဦးမယ်။ ပုဂ္ဂိုလ်ရေး အရရင်းနှီးတော့ သက်ဆင်က နေပြီးတော့ ကျွန်တော်တို့ အစည်းအဝေးတစ်ခုမှာ ကျွန် တော့်ကို ပြောတယ်။ ကိုခင်ညွန့် ခင်ဗျားကို ကျွန်တော် ကူညီချင်တယ်ဗျာ။ ခင်ဗျားနိုင်ငံက တချို့နေရာတွေမှာ တော်တော် ခေတ်နောက်ကျနေတယ်။ အဲဒီတော့ ဖွံ့ဖြိုး မှုပေါ့လေ။ နောက်ကျနေတယ်။ ကျွန်တော်က အဲဒီမှာ လာအိုတို့ ကမ္ဘောဒီးယားတို့က ထိုင်းနိုင်ငံက ပိုက်ဆံချေး ကြတယ်။ ချေးငွေတွေလဲပေးလိုက်တယ်။ အဲဒီအချိန် မှာ သူတို့စီးပွားရေး သိပ်ကောင်းနေတဲ့အချိန်ပေါ့။ ဒါကို သက်ဆင်က ခင်ဗျားချေးငွေမတောင်းဘူးဗျာ။ သို့သော် ငြားလဲဘဲ ခင်ဗျားကို ကျွန်တော်က သိပ်ရင်းနှီး တယ်ဗျ။ခင်ဗျားကို ကျွန်တော်ပေးချင်တယ်။ခင်ဗျားနိုင်ငံဖွံ့ဖြိုးမှု ကို လုပ်စေချင်တယ်လို့ပြောတော့။ ဟာ ခင်ဗျားချေးငွေ ပေးမယ်ဆိုလို့ကတော့ သိပ်ကောင်းတာပေါ့။ တကယ် ဆန္ဒရှိရင် ကျွန်တော်ယူမှာပေါ့။ ဒါပေမဲ့ ကျွန်တော် အတိုးအများ ကြီးတော့မပေးနိုင်ဘူး။ နောက်ပြီးတော့ ပြန်ဆပ်ရမယ့်အချိန်၊ ဒါကိုလဲ မြန်မြန်ဆန်ဆန် ပြန်မဆပ်နိုင်ဘူး။ ပြန်ဆပ်ရမယ့် အချိန်ကိုလဲ ဝေးဝေးပေး၊ အတိုး ကလဲ နည်းနည်းပဲယူ၊ ဒါဆိုရင်တော့ ကျွန်တော်ယူမှာ ပေါ့ဗျာ။ ဒါပေမဲ့ ကျွန်တော့်အကြီးအကဲကို ကျွန်တော် တင်ပြဦးမယ်။

အမျိုးသား နိုင်ငံရေးနဲ့ ပါတီနိုင်ငံရေး အဲဒီတော့ အမျိုး သားနိုင်ငံရေးနဲ့ ပါတီနိုင်ငံရေး ဆိုတဲ့ဟာမှာ နိုင်ငံရေး လုပ်တဲ့လူတွေကို အပြစ်ပြောလို့မရဘူး။ အဲဒီတော့ မဟုတ်တာ လုပ်တဲ့လူတွေကိုပဲ အပြစ်ပြောရမယ်။

သူက အဲဒီတုန်းက ကျွန်တော့်ကို ဗန်ကောက်မှာပြောတာ၊ ဗန်ကောက်ကို ကျွန်တော်အစည်း အဝေးတစ်ခု သွားတုန်းကပေါ့ဗျာ။ အဲဒီလိုပြောတော့ ကျွန်တော် ရန်ကုန်ကိုရောက်တဲ့အခါ ကျွန်တော့်အကြီး အကဲကို ပြန်တင်ပြတယ်။ ဒီလိုတော့ သက်ဆင်က ချေး ငွေချေးမယ်လို့ပြောတယ်။ နောက်ပြီးတော့ အတိုးနှုန်းလဲ လျှော့ယူမယ်လို့ပြောတယ်။ ပြန်ဆပ်ရမယ့်ကာလလဲ ခပ်ဝေးဝေး၊ ကျွန်တော်တို့ဆန္ဒရှိသလို လုပ်ပေးမယ်လို့ ပြောတယ်။ ကျွန်တော်တို့ယူလိုက်ရမလားလို့ပြောတော့ ဟာ ယူလိုက်ပေါ့ဗျာ။ ခင်ဗျားကို သူက ဒီလိုအခြေအနေ ပေးနေတော့လဲ ယူလိုက်ပေါ့ဗျာဆိုတာနဲ့ ကျွန်တော်လဲ ကျွမ်းကျင်ပညာရှင်တွေ၊ ဘဏ်ဘက်က သက်ဆိုင်သူ တွေနဲ့ ဆွေးနွေး ညှိနှိုင်းပြီးတော့မှ အဲဒီတော့ ဘဏ် ဘဏ်ချင်း လုပ်ကြ၊ ပထမဆုံးပဏာမဆွေးနွေးမှုက တော့ နိုင်ငံခြားရေး  ဝန်ကြီးနှစ်ဦး ဆွေးနွေးကြတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရယ်၊ မြန်မာနိုင်ငံခြားရေးဝန် ကြီးရယ်၊ အဲဒီအချိန်က မြန်မာနိုင်ငံခြားရေး ဝန်ကြီးက ဦးဝင်းအောင်၊ သူတို့နိုင်ငံခြားရေးဝန်ကြီးနှစ်ယောက် ဆွေးနွေးပြီးတော့မှ ရတဲ့အချက်အလက်တွေကို ကျွန်တော့်ပေးပြီးတော့မှ ဘဏ္ဍာရေးဝန်ကြီးရယ်။ အဲဒါန်သက်ဆိုင်တဲ့ဝန်ကြီးတွေနဲ့ဆုံပြီး ကျွန်တော်အစည်း အဝေး ထိုင်တယ်။ ဝန်ကြီးဌာနအားလုံးရဲ့ဝန်ကြီးတွေပါတယ်။ အဲဒီတော့ ကျုပ်တို့ချေးငွေတစ်ခုရမယ်။ ဒေါ်လာသန်း တစ်ရာလောက်ရမယ်။ ဒေါ်လာသန်းတစ်ရာဆိုတာ အဲဒီအချိန်မှာ သိပ်တန်ဖိုးကြီးတာ၊ နည်းနည်းနောနော မဟုတ်ဘူးပေါ့ဗျာ။ ဒါဟာ သက်ဆင်ကနေချေးမှာ မြနမာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက်ကိုချေးမယ်။ ပုဂ္ဂိုလ် ရေးမဟုတ်ဘူးနော်။

ပုဂ္ဂိုလ်ရေး ရင်းနှီးတာ တစ်ပိုင်းပေါ့ ဗျာ။ ဒါပေမဲ့ နိုင်ငံတော်အတွက် ခင်ဗျားနိုင်ငံတော် ဖွံ့ဖြိုးရေး အတွက်၊ ခင်ဗျားနိုင်ငံဟာ တချို့နေရာတွေမှာ ဖွံ့ဖြိုးမှုနောက်ကျနေတယ်။ အဲဒီအတွက်ကို ကျွန်တော် ချေးမယ်ဆိုတဲ့အခါ အဲဒီဟာကို ကျွန်တော်တို့ နိုင်ငံခြား ရေးရာဝန်ကြီးနှစ်ယောက် ဆွေးနွေးပြီးတော့မှ သက်ဆိုင် ရာဝန်ကြီး တွေနဲ့ အစည်းအဝေးထိုင်တယ်။ ငါတို့အခွင့် အရေးရပြီ။ အဲဒီတော့ ဝန်ကြီးဌာနတွေက ဘာပစ္စည်း လိုသလဲ။ အထူးသဖြင့် အလိုအပ်ဆုံးကတော့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းတွေအတွက်ကို ယန္တရားတွေ၊ ပစ္စည်းတွေ၊ ဒါတွေ အဓိကထား ခင်ဗျားတို့ တင်ပြ၊ ဘယ်ဝန်ကြီးဌာနက ဘာလိုတယ်။ ဘယ်ဝန်ကြီး ဌာနက ဘာလိုတယ်ဆိုပြီး အဲဒီတုန်းက ဝန်ကြီးဌာနတွေ တော်တော်များများက အဲဒီအချိန်မှာ လိုနေတာတွေ ချည်းပေါ့ဗျာ။ အဲဒါတွေပေါ်မှာ မူတည်ပြီး တော့မှ ကျွန် တော်တို့ဆွေးနွေးပြီးတော့ ဘယ်သူ့ကို ဘာပေးမယ်။ ဘယ်သူ့ကို ဘာဆိုပြီးတော့ အထူးသဖြင့် ကျွန်တော်က မြို့ရွာဖွံ့ဖြိုးတိုးတက်မှုအတွက်ကို ဘာလို့လဲဆိုတော့ အဲဒီအချိန်တုန်းက ကျွန်တော်တို့မှာ ကတ္တရာမရှိဘူး။

ကတ္တရာတွေကို ဦးစားပေးပြီးတော့မှ ဒါတွေကိုဝယ်ဖို့ ဒါ ပထမဦးစားပေး၊ ဒုတိယက ရန်ကုန်နဲ့မန္တလေးမြို့ တော်ကို တည်ဆောက်နိုင်ရေးအတွက် အဲဒီမှာ ကတ္တရာ၊ ကတ္တရာအခင်းဆက်တို့ နောက်မြို့တော်ရဲ့လမ်းကတ္တရာ ခင်းတဲ့လုပ်ငန်း တွေမှာ အသုံးပြုတဲ့ ယန္တရားတွေနော်၊ နောက်ပြီးတော့မှ ဘာလဲဆိုတော့ ကျွန်တော် လမ်းပန်း ဆက်သွယ်ရေးအတွက် ကျွန်တော်တို့ ဟိုဆောက်လုပ် ရေးဝန်ကြီးဌာနပေါ့ဗျာ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အတွက် လိုအပ်တဲ့စက်ယန္တရားတွေ၊ ကျန်တဲ့ ဝန်ကြီး ဌာနတွေလဲ ယန္တရားတွေတောင်းတာရှိတယ်ဗျာ။ ဆိုင် ရာဆိုင်ရာပေါ့ဗျာ၊ ယန္တရားပစ္စည်း အထူးသဖြင့် ယန္တရား ပစ္စည်းကိုဦးစားပေးမှာ၊ နောက်ပြီးတော့မှ မီးသတ်ဖို့ အတွက် အထပ်မြင့် အိမ်ရာတွေကို၊ အကယ်၍သာ မီးလောင်ရင် အထပ်မြင့်အိမ်ရာတွေကို မီးသတ်ဖို့အတွက် မီးသတ်တာဝါ ကရိမ်းတွေ မီးသတ်ပစ္စည်းကိရိယာတွေ၊ အဲဒါတွေကို ကျွန်တော် ဝယ်ကိုဝယ်ရမယ်ဆိုပြီးတော့ ဝန်ကြီးဌာနတွေကို စာရင်းတွေတောင်းတော့ ပထမ အကြိမ်အစည်းအဝေးထိုင်ပြီးတော့ စဉ်းစားဆွေးနွေး ပြီးတော့ စာရင်းတွေပေးဆိုပြီးတော့ စာရင်းတွေတောင်း တယ်။ နောက်ပြီးတော့ ဒုတိယအကြိမ်တွေ့ပြီးတော့ သူတို့တင်တဲ့စာရင်းတွေပေါ် မူတည်ပြီးတော့မှ ငွေကြေး ဘယ်လောက် တန်ဖိုးရှိတယ်။ ပစ္စည်းဘယ်လောက် ဝယ်ရင် ဘယ်လောက်ကုန်မယ်ဆိုပြီး တွက်ပြီးတော့မှ ချေးမယ့်ငွေကြေးသန်းတစ်ရာနဲ့ကို ပြန်ပြီးချိန်ထိုးရတာ ပေါ့။ ချိန်ထိုးတဲ့အခါကျတော့ ပိုနေတဲ့ဝန်ကြီးဌာနကို ဟာ ခင်ဗျားတော့ ဒါကြီးကပိုနေပြီ။ ခင်ဗျားဘက် က ဒါလေးတော့ နည်းနည်းလျှော့လိုက်၊ ဟိုဘက်ကလဲ နည်းနည်းလျှော့လိုက်၊ ဟိုဘက်က နည်းနည်းလိုသေး တယ်။ နည်းနည်းပိုပေးလိုက်၊ ဒီလိုဟာမျိုး လုပ်ပေးခဲ့ရ တယ်။ အားလုံးမျှမျှတတပေါ့။

interview-u-khin-nyunt.jpg

ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် နှင့် တွေ့ဆုံမေးမြန်းစဉ်

ဝန်ကြီးဌာနအားလုံးထိုင် တဲ့ အစည်းအဝေးနော်။ အဲဒီလိုပေးပြီးတော့မှ သန်း တစ်ရာအတွင်းမှာ အားလုံးပါဝင်တဲ့အခါကျတော့ အဲဒါ ကို ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ ဟိုဘက်က ဘဏ္ဍာရေး ဝန်ကြီးဌာနနဲ့ နှစ်ဖက်ညှိပြီးတော့မှ ဘဏ်ဘဏ်ချင်း လုပ်ရမယ်။ ချေးငွေကို ဘဏ်ဘဏ်ချင်း လုပ်ရမယ်။ အတိုး နှုန်းဆပ်ပုံ၊ အတိုးနှုန်းဆပ်ရမယ့်ဟာ ပြန်ဆပ်ရမယ့်အချိန် ကာလ ကျွန်တော်တောင်းတာ ၁၅နှစ်၊ ၁၅နှစ်နေမှ ပြန်ဆပ်မယ်နော်၊ နောက်ပြီးတော့မှ အဲဒီအချိန်တုန်းက အတိုးနှုန်းပေးတာကို နိုင်ငံတကာမှာ ကျင့်သုံးနေတာက ငါးရာခိုင်နှုန်းလောက်ရှိတယ်။ ကျွန်တော်က ဒီမယ် ဘယ်လောက်တောင်းတယ်ထင်လဲ နှစ်ရာခိုင်နှုန်းပဲ တောင်းတယ်။ ဒါ နှစ်ရာခိုင်နှုန်းလို့ ကျွန်တော်ထင်တယ်။ နည်းနည်းလွဲချင်လဲလွဲမယ်။ အဲဒါနဲ့ ဘဏ်ဘဏ်ချင်း ဆွေးနွေးပြီး ဘဏ်ဘဏ် ချင်းလက်မှတ်ထိုးတာတို့ဘာ တို့လုပ်ကြတာပေါ့။ ကျွန်တော်က ပါးစပ်နဲ့လုပ်မယ်ပဲ ပြောတာ၊ ဝန်ကြီးဌာနတွေက သူ့ဘာသာဆက်ပြီးလုပ် ကြတာပေါ့ဗျာ။ အစည်းအဝေးထိုင်ပြီးတော့ ဆက်လုပ် တာပေါ့။ ငွေရေးကြေးရေးနဲ့ပတ်သက်လို့ကတော့ ဘဏ်ဘဏ်ချင်း ဆက်လုပ်ကြတာပေါ့။ ငွေရေးကြေးရေးနဲ့ ပတ်သက်လို့တော့ ဘဏ္ဍာရေးဝန်ကြီးဌာနက အဓိက ပေါ့။ ဒီလိုကိုင်တွယ်ပြီးတော့လုပ်တာ။ ဒီချေးငွေတွေနဲ့ ပတ်သက်ပြီးတော့လည်း တိုင်းပြည်အတွက် လုပ်တာကို ကောလဟလတွေထွက်လိုက်သေးတယ်။
 

မေး-ဟုတ်ကဲ့ပါအဘ။ အဘလက်ထက်တုန်းကဆို ရင်လဲ ကျောင်းသားအားကစားပွဲတော်တွေလုပ်ခဲ့တာ တွေလဲ ရှိတာဆိုတော့လေ။

ဖြေ- အဲ့ဒီလိုအားကစားပွဲတော်တွေ၊ မြင်းပွဲတော်တွေ၊ လှေသဘင်ပွဲတော်တွေလုပ်ခဲ့တာ မျိုးချစ်စိတ်ဓာတ်နဲ့ လုပ်ခဲ့တာ၊ မျိုးချစ်စိတ်ဓာတ်ကိုဖော်ညွှန်းတာ၊ အမျိုး သားအားကစားပွဲတော်ကြီးလုပ်တယ်။ အားကစားကို တိုးတက်လာအောင်လို့လုပ်တာ။ ကျောင်းသားအား ကစားပွဲတော်တွေ လုပ်တယ်။ ကျောင်းသားတွေ တက် တက်ကြွကြွနဲ့ အားကစားမှာ ထက်မြက်လာအောင် လုပ်ပေးခဲ့တာဖြစ်တယ်။ နောက်ပြီးတော့ အမျိုးသား စိတ်ပေါ့လေ။ မျိုးချစ်စိတ်တွေပေါ်လာအောင် မြင်းခင်း သဘင်တွေ အောင်ဆန်း ကွင်းထဲမှာလုပ်ခဲ့တယ်။ အဲဒီလိုဗျာ။ ကျွန်တော်ကတော့ အဲဒီလိုပေါ့ဗျ။ လူမျိုးရဲ့ဂုဏ်၊ လူမျိုးရဲ့ယဉ်ကျေးမူ၊ လူမျိုးရဲ့သိက္ခာတက် အောင်လို့ ဒီပွဲတော်မျိုး ကျွန်တော်လုပ် ပေးခဲ့တာ။ ဆိုကရေးတီး လဲ ကျွန်တော်လုပ်ခဲ့တာပဲလေ။

မေး-ဟုတ်ကဲ့ပါအဘ။ ဆိုကရေးတီးကတော့ အခု ချိန်ထိ ရှိပါသေးတယ်။ ဒါပေမဲ့ ကျောင်းသားအား ကစားပွဲတော်  အမျိုးသားအားကစား တွေ မရှိတော့တဲ့ အတွက် အဲဒီအပေါ်မှာလဲ အကြံပြုပြောကြားပေး စေချင်ပါတယ်။    

ဖြေ- အဲဒါကတော့ကွယ်။ လက်ရှိအစိုးရကတော့ ကွယ်၊ လိုအပ်တယ်ထင်ရင်တော့ သူတို့လုပ်မှာပေါ့လေ။ သူတို့စိတ်ထဲမှာ မလိုအပ်သေးဘူး လို့ဆိုရင်တော့လဲ လုပ်မှာမဟုတ်သေးဘူးလေ။

မေး-လက်ရှိလူငယ်တွေကိုရော အဘဘယ်လို Message  ပေးချင်ပါသလဲ။

ဖြေ- လူငယ်တွေက ထက်မြက်ပါတယ်ဗျာ။ လူငယ် တွေကို သိပ်ပြီးအားကျတယ်။ ကျွန်တော်တို့ မတတ်ခဲ့တာတွေ အခုလူငယ်တွေတတ်တယ်။ ကျွန်တော်တို့ မသင်ခဲ့ရတာတွေကို အခုလူငယ်တွေ  သင်နေရတယ်။ကျွန်တော်တို့ မရခဲ့တဲ့  ဗဟုသုတတွေကို အခုလူငယ် တွေရနေတယ်။ ဆိုတော့ဒီလူငယ်တွေ သိပ်ထက်မြက် တာဗျာ။ အဲဒီလူငယ်တွေက တိုင်းပြည်ရဲ့ တိုးတက်ရာ တိုးတက် ကြောင်းအတွက် လုပ်နိုင်တဲ့ အရည်အသွေး တွေ သူတို့မှာရှိတယ်။ အဲဒါကြောင့် လူငယ်တွေဟာ တိုင်းပြည်ရဲ့ အခန်းကဏ္ဍမှာ သိပ်အရေးပါတယ်။ ဒီလူငယ်တွေဟာ တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေးမှာ အားတက်သရောနဲ့ ပါဝင်ကြမယ်ဆိုရင် ပါဝင်နိုင်တဲ့ အခွင့် အလမ်းတွေရလို့ ပါဝင်လာကြမယ်ဆိုရင်တော့ တိုင်း ပြည် မြန်မြန်ဆန်ဆန် တိုးတက်မှာပဲဗျာ။

မေး-အဘအနေနဲ့ နံပါတ်တစ်အချက်ပေါ့။ ဒီအစိုးရ သစ်မှာ သမ္မတကြီး ဦးသိန်းစိန်က တာဝန်ထမ်းဆောင် နေတာကြောင့် အစိုးရသစ်ကို အဘအကြံပြုပြောချင်တာ တစ်ခုရယ်၊ နောက် မြန်မာနိုင်ငံမှာ ဒီမိုကရေစီကို စတင်နေတဲ့အချိန်မှာ ဒီမိုကရေစီကိုစတင်ခံစားနေရပြီ လို့ပြောလို့ ရတဲ့ပြည်သူတွေနဲ့ မြန်မာနိုင်ငံရဲ့ လွတ်လပ် ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဆိုတော့ ညီမလေးလို့ အဘပြောခဲ့ တာရှိပါတယ်။ အဲဒီအဘရဲ့ ညီမလေးလို့ ပြောခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်  တို့ရယ် ပြီး တော့ ပြည်သူရယ် အားလုံးကိုခြုံပြီးတော့ ဘာများ Massage စကား ပြောချင်ပါသလဲ အဘခင်ဗျား။

ဖြေ-သမ္မတကြီး ဦးသိန်းစိန်ရယ်။ ဒေါ်အောင် ဆန်းစုကြည်ရယ်၊ ပြည်သူရယ် အဲ့ဒီ သုံးဦးသုံးဖလှယ် က အားလုံးက စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် နဲ့ တက်ညီလက်ညီနဲ့ နိုင်ငံတော်ရဲ့ ကောင်းစားရေးအတွက် ကို ဝိုင်းလုပ်ကြမယ်ဆိုရင် တိုင်းပြည်မြန်မြန်ဆန်ဆန် တိုးတက်မှာပေါ့ဗျာ။ သိပ်ကောင်းတာပေါ့ဗျာ။ အဲဒီဟာကို ကျွန်တော်သိပ်ပြီးတော့မှ ဆန္ဒရှိတယ်။ ကျွန်တော်ကတော့ အကြံဉာဏ် ပေးမယ်လေ။ အကြံဉာဏ် တောင်းရင် အကြံဉာဏ်ပေးမှာပေါ့။
    
အခုလိုအချိန်ပေးပြီး တွေ့ဆုံမေးမြန်းခွင့်ပြု တဲ့အဘကို ကျွန်တော်တို့ ဖလားဝါးနယူးစ်ဂျာနယ်က အထူးကျေးဇူးတင်ရှိပါတယ်။

ကျွန်တော်လဲ ဖလားဝါးနယူးစ်ဂျာနယ် ကနေ ယခုလိုဖြေကြားခွင့်ရတဲ့အတွက် ကျေးဇူးတင် ပါတယ်ဗျာ။