မြန်မာ့ နိုင်ငံရေးလှုပ်ရှားမှုတွင် အတက်ကြွဆုံး ဦးဆောင်သူများထဲမှ တစ်ဦးအပါ အဝင်ဖြစ်သူ ၈၈ မျိုးဆက် ကျောင်းသား ကိုကိုကြီးသည် ဇန်နဝါရီ ၁၃ရက်နေ့က မိုင်း ဆတ်အကျဉ်းထောင်မှ လွတ်မြောက်ခဲ့ရာ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေအပေါ် လတ်တလော သူ၏ အမြင်များကို တွေ့ဆုံမေးမြန်းခဲ့ပြီး ကိုကိုကြီး၏ ဖြေကြားချက် များထဲမှ ကောက်နှုတ် ဖော်ပြထားခြင်း ဖြစ်ပါသည်။
ကိုကိုကြီး ထောင်ကလွတ်လာပြီဆိုတော့ ဒီတစ်ကြိမ် ထောင်ကျခဲ့ရတဲ့အတွေ့အကြုံကို အရင်ဆုံး သိပါရစေ။
ဒီတစ်ခေါက်ကတော့ ထောင်စုံသွားတာပေါ့။ ပထမဦးဆုံးစဖမ်းတာတော့ ပြည်ထဲရေးရုံး၊ အဲဒီကနေ အရန်ရဲတပ်ရင်း(၇)ကျောက်တန်း၊ အဲဒီကနေ အင်းစိန်သီးသန့်အကျဉ်းထောင်၊ အင်းစိန်ထောင်မှာ တရားရုံး မထီမဲ့မြင်လုပ်လို့ ခြောက်လချပြီးတော့ မအူပင်ရွှေ့၊ မအူပင်မှာ ၆၅နှစ်ချပြီးတော့ အင်းစိန်ပြန်ပြောင်း၊ နောက် ကျိုင်းတုံရွှေ့ပြီးတော့ မိုင်းဆတ်ပေါ့။ နောက်ဆုံး မိုင်းဆတ်မှာ သုံးနှစ်နဲ့သုံးလလောက်နေခဲ့ရတယ်။ အားလုံး ပေါင်းဆိုရင် လေးနှစ်ခွဲလောက်နေခဲ့ရတယ်။
လက်ရှိမြန်မာနိုင်ငံဟာ ပါလီမန် ဒီမိုကရေစီစနစ် စတင်ကျင့်သုံးနေပြီး လွှတ်တော်တွေလည်းကျင်းပ နေပြီ။ ထောင်ထဲကနေလည်း ဒီအကြောင်းတွေ သိမှာပေါ့။ ဒီလွှတ်တော် နိုင်ငံရေးဖြစ်လာပြီဆိုတော့ လွှတ်တော် ထဲက ကိုယ်စားလှယ်အမတ်တွေကို ဘယ်လို မြင်မိသလဲ။
လွှတ်တော် ကိုယ်စားလှယ်ဆိုတာ လွှတ်တော်ထဲမှာ ထိုင်နေရုံနဲ့ လွှတ်တော် ကိုယ်စားလှယ်လို့ သတ်မှတ်လို့ မရဘူးလို့မြင်တယ်။ အဓိကက သူ့မဲဆန္ဒနယ်မြေက မဲဆန္ဒရှင်တွေရဲ့ဆန္ဒကို ဘယ်လောက်ထင်ဟပ်သလဲ၊ ဘယ်လောက် ကိုယ်စားပြုပြီးတော့ လွှတ်တော်ထဲမှာ ရဲရဲတင်းတင်း တင်ပြနေသလဲ၊ ပြောဆိုနေသလဲဆိုတာ တွေကို တကယ်မှန်မှန်ကန်ကန် ကိုယ်စားပြုပြီးတော့ ထင်ဟပ်နိုင်မှ၊ ပြောဆိုနိုင်မှ လွှတ်တော်ကိုယ်စားလှယ်ရဲ့ တာဝန်ကို ထမ်းဆောင်နေတယ်လို့မြင်တယ်။
လွှတ်တော်ကိုယ်စားလှယ်ဆိုတာ လွှတ်တော်ထဲမှာထိုင်နေရုံနဲ့ လွှတ်တော်ကိုယ်စားလှယ်လို့ သတ်မှတ် လို့မရဘူးလို့မြင်တယ်။
အခု လွှတ်တော်ထဲကို ကြားဖြတ်ရွေးကောက်ပွဲကနေတစ်ဆင့် အန်တီဒေါ်အောင်ဆန်းစုကြည်က ဝင်ရောက် လာတော့မယ်။ အန်တီ လွှတ်တော်ထဲ ရောက်သွားမယ် ဆိုရင်ရော ဘယ်လောက် ထိလုပ်နိုင်လိမ့်မယ် ထင်သလဲ။ မျှော်လင့်သလဲ။
ကျွန်တော် မြင်တာကတော့ ဒီမိုကရေစီအစအနေနဲ့ လေ့လာမိသလောက် အကြမ်းဖျင်းပြောရရင် မြို့ပြနိုင်ငံလေးတွေ ခေတ်တုန်းက တိုက်ရိုက် ဒီမိုကရေစီကျင့်သုံးကြတယ်။ နောက် တဖြည်းဖြည်းနဲ့ လူ့အဖွဲ့ အစည်း ကျယ်ပြန့် လာတဲ့အခါမှာ ကိုယ်စားပြု ဒီမိုကရေစီနဲ့ သွားနေတယ်။ အခု ကျွန်တော်တို့ သွားနေတာက လွှတ်တော် နိုင်ငံရေးဆိုတာ ကိုယ်စားပြုဒီမိုကရေစီ ပုံစံတစ်ခုလို့မြင်တယ်။ ကျွန်တော်တို့နိုင်ငံမှာ လူထုက တိုက်ရိုက် ဒီမိုကရေစီ လိုသေးတယ်။ ဥပမာ- အခုဆို မြစ်ဆုံဆည် တည်ဆောက်ရေး ဖော်ထုတ်တဲ့ ကိစ္စလိုမျိုးပေါ့။ အလားတူ ဒီလို တိုက်ရိုက်ဒီမိုကရေစီကို ကျယ်ကျယ်ပြန့်ပြန့်ကျင့် သုံးလာမယ်ဆိုရင် လွှတ်တော်ကိုယ်စား လှယ်တွေနဲ့ မဲဆန္ဒရှင်တွေနဲ့ အခါအားလျော်စွာ မပြတ်ထိတွေ့ပြီး လွှတ်တော်တွင်းမှာ ထောက်ခံတာ၊ ကန့်ကွက်တာ တို့ဟာ တိုက်ရိုက်ထိတွေ့ လာနိုင်တာမို့ တိုက်ရိုက် ဒီမိုကရေစီလို ပုံစံမျိုး ကျင့်သုံးလာနိုင်သလို လူထုကြားမှာ နိုင်ငံရေး အသိအမြင်နိုးကြား လာမယ်လို့ ကျွန်တော်ထင်တယ်။
၈၈-မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးနှင့် တွေ့ဆုံမေးမြန်းစဉ်
လက်ရှိသမ္မတကြီးလက်ထက်မှာ နိုင်ငံတကာက သံတမန်တွေလဲ အဆက်မပြတ်လာနေကြပါတယ်။ သူတို့တွေလာကြတဲ့အပေါ်မှာရော မြန်မာနိုင်ငံအတွက် ဘယ်လိုအလားအလာကောင်းတွေဖြစ်လာမလဲလို့ မြင်ပါသလဲ။
တစ်ချိန်တုန်းက ကျွန်တော်တို့နိုင်ငံက တံခါးပိတ်ပြီးတော့ နေခဲ့တဲ့နိုင်ငံ။ ကျွန်တော်တို့ နိုင်ငံထဲက ပြည်သူတွေ ဘယ်လိုခံစား နေရတယ် ဆိုတာကိုလဲ အပြင်ကမ္ဘာက ဘာမှသိခွင့်မရခဲ့ဘူး။ အဲဒီကနေ ၈၈မှာ အချိုးအကွေ့ တစ်ခုအနေနဲ့ ဖြစ်လာတော့ ကျွန်တော်တို့ နိုင်ငံထဲက ပြည်သူတွေ ရဲ့အခြေအနေ၊ နိုင်ငံရေးအကျပ်အတည်း၊ စီးပွားရေး အခြေအနေတွေကို ကမ္ဘာက သိခွင့်ရတယ်။ အခု အနှစ်နှစ်ဆယ်ကျော် လာတော့လဲ ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ သက်ရောက်မှုဟာ ကျွန်တော်တို့ နိုင်ငံရေးအပေါ် သက်ရောက်မှုရှိလာ ပါတယ်။ ကျွန်တော် တို့နိုင်ငံရဲ့အရေးဟာ တစ်နိုင်ငံတည်း အရေးမဟုတ်တော့ဘူး။ တစ်ကမ္ဘာလုံး အရေးဖြစ်သွားပြီ။ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းက ကျွန်တော်တို့ ဒီနိုင်ငံမှာဖြစ်ဖြစ်၊ ကမ္ဘာ့ဘယ် နေရာမှာ ဖြစ်ဖြစ် တရားမဲ့ ဖြစ်နေတာတွေ၊ ဥပဒေမဲ့ ဖြစ်နေတာတွေကို ဘာသိဘာသာ နေတဲ့အခြေ အနေမျိုးမဟုတ်တော့ဘဲ တိုးတက်လာတဲ့ နိုင်ငံတကာနဲ့ ထိတွေ့ မှုများလာတဲ့ အခြေအနေလို့ မြင်မိပါတယ်။
မြန်မာနိုင်ငံအရေး ဒီ့ထက်မကဖွံ့ဖြိုးတိုးတက်လာဖို့အတွက် ဘယ်လိုပုဂ္ဂိုလ်မျိုးတွေ၊ ဘယ်လိုအရည် အချင်းရှိတဲ့ပုဂ္ဂိုလ်မျိုးတွေ လိုဦးမလဲ။
အခြေခံအကျဆုံး ကျွန်တော်နားလည်တာကတော့ တစ်အချက်က စိတ်ကောင်းစေတနာရှိဖို့လို တယ်။ တိုင်းပြည်ပေါ်မှာ ဖွံ့ဖြိုးတိုးတက် စေချင်တဲ့ စိတ်ကောင်းစေတနာ၊ ကိုယ်နဲ့နိုင်ငံရေး သဘောထားကွဲလွဲတဲ့ သူတွေအပေါ်မှာ နားလည် သည်းခံနိုင်တဲ့ အလေ့အကျင့်၊ နောက်တစ်ခုကတော့ စေတနာရှိရုံနဲ့ မရဘဲ အတတ် ပညာ၊ ဒီစိတ်ကောင်း စေတနာကို ဖော်ဆောင်ပေးမယ့် အသိပညာအတတ်ပညာရှိမှလဲပဲ တကယ် အကောင် အထည် ဖော်နိုင်မယ်လို့မြင်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ နိုင်ငံမှာ ပြုပြင်ပြောင်းလဲဖို့အတွက် အတတ်ပညာ ရှင်တွေ၊ နိုင်ငံတကာမှာ ရောက်နေတဲ့ မြန်မာလူမျိုး ပညာရှင်တွေ ကျွန်တော်တို့နိုင်ငံထူထောင်ရေးအတွက် အားလုံးဝိုင်းပြီးတော့ ထူထောင်ကြဖို့လိုပါတယ်။ နိုင်ငံရေးကို တက်တက် ကြွကြွနဲ့လှုပ်ရှား သူတွေနဲ့ချည်း တိုင်း ပြည်ဖွံ့ဖြိုးအောင် လုပ်လို့မရဘူး။ တကယ်တတ် ကျွမ်းနားလည်တဲ့သူတွေ ကျွန်တော်တို့နိုင်ငံ ကို ပြန်လာဖို့၊ ပြန်လာ ရင်လဲ လုံလုံခြုံခြုံ လွတ်လွတ်လပ်လပ်နဲ့ သူတို့အတတ်ပညာတွေ၊ သူတို့စေတနာတွေ ကို ဖော်ဆောင်ခွင့်ပေးဖို့ လိုပါတယ်။
ပြည်ပကသူတွေကို ပြည်တွင်းကလူတွေနဲ့ပူးပေါင်းပြီး တိုင်းပြည်ဖွံ့ဖြိုးရေးအတွက်ပြန်လာစေချင်တဲ့ သဘောပေါ့။
ဟုတ်ပါတယ်။ ပြန်လာ နိုင်လောက်တဲ့ ပတ်ဝန်းကျင်အခြေအနေ၊ လုံခြုံမှု၊ သူတို့ လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင် လောက်တဲ့ အခြေအနေတွေကို လက်ရှိဦး ဆောင်နေတဲ့သူတွေက အာမခံချက်ပေးနိုင်ဖို့ ဖန်တီး ပေးဖို့လိုပါတယ်။ သမ္မတကြီးရဲ့ မိန့်ခွန်း အဖြစ်နဲ့ ပြန်လာဖို့ ဖိတ်ခေါ်တယ် ဆိုတာထက် ဥပဒေတစ်ရပ်ပြဋ္ဌာန်း ပြီးတော့ မြန်မာနိုင်ငံ ကိုပြန်လာပြီး လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်ပြုစေချင်ပါတယ်။ ခိုင်မာတဲ့ ဥပဒေတစ်ရပ် ပြဋ္ဌာန်းမှု မရှိရင်တော့ သူတို့ဘက်က သံသယ ရှိနေဦးမှာပဲ။
အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

