» NLD ပါတီ ပြန်လည်ဖွဲ့စည်းရန် ညီလာခံ ခေါ်ယူကျင်းပမည်: NLD ပါတီအလုပ်အမှု ဆောင် အဖွဲ့ပြန်လည်  ရွေးကောက်တင်မြှောက် ... http://t.co/ijCm5YKF 2012-05-18 02:50 » အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှ မြန်မာနိုင်ငံတွင် အမေရိ ကန်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ... http://t.co/Jb4S4z3g 2012-05-18 02:19 » ရှမ်းလမ်းစျေး(ခ) ဂွစျေး မီးလောင် ကျပ်သိန်းပေါင်း သုံးရာကျော် ဆုံးရှုံး: စမ်းချောင်းမြို့နယ် ကျွန်းတော မြောက်ရပ... http://t.co/NGLsnpji 2012-05-18 11:13 » နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့: မန္တလေးမြို့ မဟာအောင်မ... http://t.co/okQSTdWY 2012-05-17 11:52 » လွှတ်တော်ကိုယ်စားလှယ်က စိုက် ပျိုးမြေကို ငါးကန်တူးသည့်ကိစ္စ မှန်ကန်ကြောင်း လွှတ်တော်သို့ တင်ပြပြီ: ဧရာဝတီတိုင်... http://t.co/tSAc7zWZ 2012-05-17 08:16



ပျောက်သောသူရှာရင်တွေ့ကြပါစေ

အသက် (၁၄)နှစ်အရွယ် ကိုးတန်း ကျောင်းသားလေးတစ်ယောက် အတွက်တော့ ဒီအဖြစ်အပျက်ဟာ အင်မတန် ထိတ်လန့် တုန်လှုပ်စရာ ကောင်းနေပါတယ်။ မှင်သက် မိန်းမောမှုနဲ့ မြန်ဆန်လှတဲ့ အကြောင်းအရာကြောင့် စိတ်တွေ ဝေဝါးသွားရပြီး ကြောင်တိကြောင်တောင် ဖြစ်သွားရှာပါတယ်။ သူဟာ ဒီတစ်ဒင်္ဂ ဖြစ်အပျက်ကို အခုလိုပဲ ပြောပြခဲ့ပါတယ်။ ‘‘စက်တင်ဘာလ ၁၅ရက် မွန်းလွဲ ၁၂နာရီခွဲ ကျောင်းဆင်းတော့ အိမ်ပြန်လာချိန်မှာ လမ်းထိပ်နားက အခွေဆိုင်မှာ ကျွန်တော်ကြည့်ချင်တဲ့ကား ရှိမရှိဝင်မေးတော့ ကြည့်ချင်တဲ့ကားက မရှိတာနဲ့ အခွေဆိုင်ကနေ ပြန်ထွက်လာတဲ့အချိန်မှာပဲ လူစိမ်းတစ်ယောက်က နောက်ကနေ ‘‘မင်းအမေ ခေါ်နေတယ်’’ ဆိုပြီး ပခုံးကို လှမ်းပုတ်ပြောတယ်။ ပြီးတော့ တို့ဆေးနဲ့ခေါ်ပြီး တောင်းအေ့စ်ကားတစ်စီးပေါ်ကို တက်ခိုင်းတယ်။ ကျွန်တော်တက်လိုက်တဲ့ ကားပေါ်မှာ ကျောင်းဝတ်စုံနဲ့ပဲ ရွယ်တူ မိန်းကလေးတစ်ဦးလည်း ပါလာတာ တွေ့ရပါတယ်။ သူကတော့ သတိမေ့နေတယ်။ အဲဒီမိန်းကလေး သတိရလာရင်လည်း ကားပေါ်မှာရှိတဲ့ အမျိုးသားတစ်ဦးက မေ့ဆေးပြန်ပေးတာ တွေ့ရပါတယ်။ ကားပေါ်မှာက အမျိုးသားသုံးယောက် ရှိပါတယ်။ ကျွန်တော်က တီဘီရောဂါသည် ဖြစ်နေလို့လားတော့မသိဘူး။ တောင်ဥက္ကလာ ခုနစ်ဆူဘုရားလည်းရောက်ရောဘု ရားရှိခိုးခိုင်းတယ်။ ပြီးတော့ ဆက်ထွက်လာကြတယ်။ နောက် လူရှင်းတဲ့နေရာလည်း ရောက်ရော ကျွန်တော့်ကို ထားခဲ့တယ်။ ကောင်မလေးတော့ ပါသွားတယ်’’ဟု အမှတ် ၃ အခြေခံပညာ အထက်တန်းကျောင်း၊ ဒဂုံမြို့သစ် (မြောက်) ၃၉ ရပ်ကွက်တွင် နေထိုင်သူ မောင်စေတနာဖြိုးက ဆိုပါတယ်။ ယင်းနောက် သူသည် ရောက်ရှိနေသည့် နေရာကိုလည်း မသိဘဲ ရပ်နေစဉ် ဆူးလေသို့သွားမည့် လိုင်းပြေးဆွဲသည့် ဘီအမ်ကားအား တက်စီးခဲ့ရာမှ ဆူးလေဘုရားသို့ ရောက်ရှိခဲ့ပြန်ပါတယ်။ ဒါပေမဲ့ သူ့ခမျာ နေအိမ်ကိုတော့ ပြန်မရောက်ခဲ့ပြန်ပါဘူး။ ဘုရားမှာ ယောင်လည်လည်ဖြစ်နေတဲ့ သူ့ကို ဘုန်းကြီးတစ်ပါးက ဘုရားမှာ ရွှေသကင်္န်းလာလှူတဲ့ အမျိုးသမီးတစ်ယောက်လက်ထဲကို အပ်လိုက်ပြန်ပါတယ်။ အဲဒီအမျိုးသမီးက အင်းစိန်မှာ ဖွင့်ထားတဲ့ ဘီယာဆိုင်ကို ခေါ်သွားပါတော့တယ်။

ဘီယာဆိုင်မှာ တစ်ညအိပ်လိုက်ရပါတယ်။ နောက်တစ်နေ့ ညနေ ၄ နာရီလောက်မှာ သူကံကောင်းသွားတယ်လို့ ပြောရမှာပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ ဆိုင်ကခိုင်းလို့ ဈေးထွက်တဲ့အချိန်မှာ သူ့အဖေသူငယ်ချင်းတွေနဲ့ တွေ့လို့ မိဘတွေ လာခေါ်လို့သာ အိမ်ကို ပြန်ရောက်လာခဲ့ရရှာပါတယ်။ ‘‘အင်းစိန်မှာက အဖေအလုပ်လုပ်တဲ့ အလုပ်ရုံနဲ့နီးတော့ အဖေ့သူငယ်ချင်းတွေနဲ့ တွေ့လို့ အိမ်ကို အကြောင်းကြားပြီး ပြန်လာခေါ်လို့ အိမ်ပြန်ရောက်ခဲ့ရတာပါ။ အင်းစိန်က လူတွေက နောက်နေ့ဆို ကျွန်တော့်ကို နယ်က လက်ဖက်ရည်ဆိုင်မှာ အလုပ်လုပ်ဖို့ ပို့ဖို့ စီစဉ်နေကြပြီ’’ဟု ထပ်ပြီး သူ့အတွေ့အကြုံကို ပြောပြရှာပါတယ်။ ဒီအဖြစ်အပျက်မျိုးတွေ၊ ကလေးပျောက်မှုတွေက ဟိုနေရာမှာ၊ ဒီနေရာမှာနဲ့ ဖြစ်လိုက်ကြတာ မနည်းပါဘူး။ နောက်ထပ် အဖြစ်အပျက်ကလေးတစ်ခုကိုလည်း ကြည့်လိုက်ပါဦး။ စက်တင်ဘာ၃ဝရက်၊ ည၉နာရီဝန်းကျင်ခန့်က စမ်းချောင်းမြို့နယ်၊ စမ်းချောင်းလမ်းမှာ ကလေးအလစ်သုတ်မှုတစ်ခု ဖြစ်ခဲ့ပြန်ပါတယ်။

ဖြစ်ပွားပုံကတော့ စမ်းချောင်းလမ်းမှာရှိတဲ့ ဘီယာဆိုင်တစ်ဆိုင်မှာ စတစ်ကော်လာ အကျီဖြူ ဝတ်ဆင်ထားကြတဲ့ အမျိုးသားသုံးဦးက ကလေးငယ်တစ်ဦးကို လူအများရှေ့မှာပဲ သူတို့ရဲ့တူပါဆိုပြီး ပွေ့ချီကာ မုန့်ဝယ်ကျွေးမယ်ဆိုပြီး ခေါ်သွားခြင်းကို မျက်မြင်တွေ့ရှိသူ၏ ပြောပြချက်အရ သိခဲ့ရပါတယ်။ သူကလေးကတော့ အသက် (၈)နှစ်အရွယ် ဖြစ်ပြီး စမ်းချောင်း အ.မ.က (၁၂) ကျောင်းမှာ ဒုတိယတန်းပညာကို တက်ရောက် သင်ကြားနေသူ ဖြစ်ပါတယ်။ ကလေးခမျာ ကံကောင်းလို့ အိမ်ပြန်ရောက်လာခဲ့တာပါ။ အဲဒီ အမျိုးသားသုံးဦးက ကလေးကစားစရာ အရုပ်ဆိုင်နဲ့ မုန့်ရောင်းတဲ့ဆိုင်ကို ခေါ်သွားပြီး ကလေးကြိုက်နှစ်သက်ရာ အရုပ်ကို ယူဆောင်ကာ ခေါ်သွားသူများက ငွေရှင်းနေစဉ် ကလေးငယ်မှာ ထွက်ပြေးသွားခဲ့သဖြင့် ကလေးခိုးသူတွေလက်က လွတ်သွားခဲ့တာ ဖြစ်ပါတယ်။ ယင်းအဖြစ်အပျက်နှင့် ပတ်သက်ပြီး ကလေး၏ ဖခင်က ‘‘ကျွန်တော်တို့က ဒီပဒုမ္မာ အားကစားကွင်းနားမှာ နေတာပါ။ သားက ညဆို ဒီနားက ဆိုင်မှာ တီဗွီထွက်ကြည့်တတ်တယ်။ အဲဒီနေ့ကတော့ တီဗွီထွက်ကြည့်ပြီး အိမ်ပြန်လာတော့ လက်ထဲမှာ ကစားစရာအရုပ်ပါလာတာနဲ့ ဘယ်လိုရလာသလဲဆိုတာ သိချင်တာနဲ့ သူဝယ်နေကျဆိုင်ကို သွားမေးတော့မှ အမျိုးသားသုံးဦး ဝယ်ပေးတယ်ဆိုတာ သိရတယ်။ တစ်ခုကံကောင်းသွားတာက သားက သူလိုချင်တာရပြီးရင် ချက်ချင်း ပျော်ရွှင်ပြီး ထွက်ပြေးတတ်တယ်။ ကျွန်တော်ဝယ်ပေးရင်လဲ အဲလိုပဲ၊ ပိုက်ဆံရှင်းနေတုန်း သူက ထွက်သွားနှင့်တာ။ အခုလဲ အမျိုးသားသုံးဦး ငွေရှင်းနေတုန်း သူ့အရုပ်ယူပြီး ထွက်ပြေးသွားတာလို့ အရုပ်ပိုင်ရှင်က ပြောပြတယ်။

တော်တော်ကံကောင်းသွားတာပါဗျာ’’ဟု ပြောရှာပါတယ်။ အခုလို ကလေးသူငယ်တွေ ခိုးယူပြီး မသမာသူတွေ ဘာတွေများ လုပ်ကြသလဲ။ ဒီလိုလူတွေကို ဘယ်လို ပြစ်ဒဏ်တွေ ချမှတ်နိုင်သလဲ။ ဘယ်လိုဖြစ်ရပ်တွေက လူကုန်ကူးမှု မြောက်သလဲဆိုတာတွေကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အထူးအဖွဲ့မှ တာဝန်ခံတစ်ဦးက ‘‘ကလေးသူငယ် ဥပဒေမှာလဲ ပါပြီးသားဖြစ်တယ်။ ဒါပေမဲ့ ကလေးပျောက်ဆုံးမှု မဖြစ်အောင် အုပ်ထိန်းသူ မိဘတွေကလည်း ကလေးသူငယ်နဲ့ ပတ်သက်ပြီး မွေးထားတဲ့ မိဘတွေက ကိုယ့်ကလေးကို ကျွေးမွေး ထိန်းသိမ်း စောင့်ရှောက်ဖို့၊ နောက်ပြီး သူတို့ရဲ့ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုစု ပြိုးထောင်ရေးက မိဘအုပ်ထိန်းသူရဲ့ မူလတာဝန်လို့ ဆိုရပါတယ်။ ဒါကြောင့် ကလေးသူငယ် ပျောက်ဆုံးမှုမရှိအောင် မိဘ အုပ်ထိန်းသူတွေမှာပဲ ကနဦး တာဝန်ဖြစ်တယ်။ ဒါ့အပြင် ကိုယ့်ရဲ့ အိမ်နီးနားချင်း၊ ပတ်ဝန်းကျင်မှာရှိတဲ့ ကလေးတွေကို အားလုံး ဝိုင်းဝန်းပြီး ထိန်းသိမ်း စောင့်ရှောက်ဖို့လည်း တာဝန်ရှိပါတယ်’’ဟု ဆိုပါတယ်။ ‘‘သုတေသီတွေရဲ့ အဆိုအမိန့်အရ လူကုန်ကူးမှုက အနောက်နိုင်ငံကြီးဖြစ်တဲ့ အမေရိကန်မှာ ၁၈ ရာစုနှစ်လောက်ကတည်းက ဖြစ်နေပြီ။ အာဖရိက အလယ်ပိုင်းမှာ တိုင်းရင်းသား လူမည်းတွေလို အမေရိကန်နိုင်ငံကို လူကျွန်အဖြစ် ဖမ်းဆီး ခေါ်ဆောင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းတွေ၊ ကုန်ထုတ်လုပ်ငန်းတွေမှာ ရုပ်ဝတ္ထုသဖွယ် အသုံးပြုခဲ့ကြတယ်။

ဥရောပတိုက် အနောက်ခြမ်းမှာလည်း မြောက်အာဖရိကက လူမျိုးစုတွေကို အလားတူ ကျွန်မှောင်ခိုကူးခဲ့ကြတယ်။ ဒါ့အပြင် တရုတ်ပြည်မကြီး၊ ဂျပန်တို့မှာလည်း ၁၉ရာစုနှစ်အတွင်း ဟာဝိုင်ရီကျွန်း၊ နောက်ဘက် အမေရိက ပစိဖတ်၊ သမုဒ္ဒရာကမ်းခြေမှာ ကြံစိုက်ခင်း၊ စိုက်ပျိုးရေးဥယျာဉ်၊ မွေးမြူရေးခြံတွေမှာ တရုတ်လူမျိုး၊ ဂျပန်လူမျိုးတွေ အလုပ်လုပ်ဖို့ လူကုန်ကူးခံရတယ်’’ဟု ဒုရဲမှူး (ငြိမ်း) ဦးဟန်ရှင်က ရှင်းပြပါတယ်။ ယင်းမှ ဆက်လက်ပြီး ‘‘လူကုန်ကူးခံရတဲ့ ကလေးငယ်တွေက အသက်အန္တရာယ်နဲ့ အရမ်းနီးတဲ့အတွက် ဥပဒေများ ကြိုတင် ကာကွယ်သင့်တယ်။ ပြစ်မှုဆိုင်ရာ ဥပဒေမှာလည်း ပြဋ္ဌာန်းထားသင့်ပါတယ်။ ပိုမို၍ ထင်သာမြင်သာရှိအောင် လုပ်ထုံး လုပ်နည်းတွေကို ပြဋ္ဌာန်းသင့်ပါတယ်။ ပုဂ္ဂလိကပိုင် ဆေးရုံ၊ ဆေးခန်းတွေမှာ ကျန်းမာရေးရှုထောင့်မှ ထိန်းသိမ်း စစ်ဆေး မှတ်တမ်းတင်ခြင်းများ ပြုလုပ်သင့်ပါတယ်’’လို့ ဆက်လက် ပြောကြားပါတယ်။ အခုဆိုရင် ကလေးပျောက်နဲ့ ပတ်သက်ပြီး ‘‘ကလေးပျောက်တာတွေက ကောလာဟလတွေ​ ဖြစ်နေတယ်။ ကောလာဟလဆိုတာကလည်း တကယ် အမှန်မဟုတ်တဲ့အတွက် ကောလာဟလအနေနဲ့ပဲ ယူဆကြတာ ကောင်းပါတယ်။ ဟိုတစ်လောတုန်းကလဲ ဝက်တင်တဲ့ ကားတစ်စီးပေါ်မှာ ကလေးခုနစ်ယောက်လောက် ပါတယ်။ နှစ်ယောက်သေတယ်ဆိုတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်သွားတယ်ဆိုတဲ့ သတင်းတွေ ထွက်လာတယ်။ ဖြစ်တဲ့နေရာကလဲ မော်လမြိုင်မှာဖြစ်တယ် ပြောတယ်၊ မြဝတီမှာ ဖြစ်တယ်ပြောတယ်။ နောက်ဆုံးမှာမှ ရန်ကုန်တိုင်း လှည်းကူးဘက်မှာ ဖြစ်တယ်ဆိုပြီး ထွက်လာတယ်။ တကယ့်တကယ်ကျတော့ ကလေးနှစ်ယောက်စလုံး သေသွားတယ်ဆိုတဲ့ ဖြစ်စဉ်မျိုးက လုံးဝ ထိမ်ချန်လို့မရပါဘူး။ တကယ်လဲ လိုက်စုံစမ်းတယ်၊ အနီးပတ်ဝန်းကျင်ကိုလည်း မေးခဲ့တယ်။ ဒါပေမဲ့ အမှုလည်း တက်မလာခဲ့ဘူး။ တကယ်လဲမဖြစ်ခဲ့ပါဘူး။ အဓိကတာဝန်က မိဘနဲ့ ဆရာသမားရဲ့ တာဝန်ဖြစ်ပါတယ်။ ဟိုးအရင်တုန်းက တောရွာတွေမှာဆိုရင် ဒါဘယ်သူအိမ်က ကလေးလဲဆိုတာ သိနေကြတယ်။ အဲဒီလိုမျိုး ဝိုင်းဝန်း ထိန်းသိမ်း စောင့်ရှောက်မယ်ဆိုရင် ကလေးပျောက်မှုတွေ မရှိလာနိုင်ပါဘူး’’ဟု အဆိုပါ တာဝန်ခံတစ်ဦးက ထပ်မံရှင်းပြပါတယ်။ ကလေးသူငယ် ဥပဒေပုဒ်မ ၆၅မှာဆိုရင် ကလေး သူငယ်တွေကို အသက် ဘေးအန္တရာယ် ဖြစ်စေနိုင်တဲ့၊ ရောဂါ ဝေဒနာ စွဲကပ်နိုင်တဲ့၊ အကျင့်စာရိတ္တ ပျက်ပြားစေနိုင်တဲ့ အလုပ်တွေကို ခိုင်းမယ်။ အရက်ရောင်းချခိုင်းမယ်၊ အရက်ဝယ်ခိုင်းမယ်၊ နောက်လောင်းကစားလုပ်ဖို့အတွက် သွေးဆောင်တယ်၊ တိုက်တွန်းတယ်၊ ခိုင်းတယ် နောက်ပစ္စည်းတစ်စုံတစ်ရာကို အပေါင်ခိုင်းထားတယ်။ ကလေးသူငယ်ဆီက ပစ္စည်းကို အပေါင်ခံတယ်။ ဒါ့ပြင် ကလေးကို ထိန်းသိမ်း စောင့်ရှောက်ထားတဲ့ ဂေဟာတို့၊ သင်တန်းကျောင်းတို့ကနေ ထွက်ပြေးဖို့အတွက် သွေးဆောင်တယ် စသည်ဖြင့် ဒါတွေကို လုပ်တဲ့သူတွေကို ထောင်ဒဏ် ခြောက်လထိ ပြစ်ဒဏ်ချမှတ်နိုင်တယ်။ ဥပဒေပုဒ်မ ၆၆မှာဆိုရင် ကိုယ့်ရဲ့ အုပ်ထိန်းမှုအောက်မှာရှိတဲ့၊ ကိုယ်အုပ်ထိန်းရတဲ့ အသက် (၁၆)နှစ်အောက် ကလေးသူငယ် မိန်းကလေးကို ပြည့်တန်ဆာအဖြစ်နဲ့ အသက်မွေး ဝမ်းကျောင်းပြုနေတာကို သိရက်နဲ့ တမင်ခိုင်းစားထားတဲ့သူ၊ ဒါမှမဟုတ် ကိုယ့်အကျိုးစီးပွားအတွက် တောင်းရမ်း စားသောက်ခိုင်းတဲ့သူ၊ ကလေးသူငယ်ကို လိမ္မာဖို့ ဆုံးမပေမယ့် နှိပ်စက်တဲ့ သဘောပါပေမယ့် နှိပ်စက်တဲ့ သဘောမျိုးပါရင် ထောင်ဒဏ် နှစ်နှစ် ပြစ်ဒဏ် ချမှတ်နိုင်ပါတယ်။ ဒါတွေကို ကလေးသူငယ်နဲ့ ပတ်သက်ပြီး ကလေးသူငယ်ပေါ် ကျူးလွန်မှုတွေကို အရေးယူခြင်း ဖြစ်ပါတယ်။ ‘‘ကလေးသူငယ် ပျောက်ဆုံးမှုတွေမှာ ဘယ်သူဘယ်ဝါက သွေးဆောင်ပြီး ခေါ်သွားတယ်ဆိုရင်တော့ ကလေးခိုးမှုဖြစ်သွားမယ်။ ပြစ်မှုဆိုင်ရာ ဥပဒေနဲ့ အရေးယူသွားမယ်။ ဒါပေမဲ့ အခုလို ကလေးတွေကို ဘယ်သူခေါ်သွားမှန်းမသိဘဲ ပျောက်မှုတွေကိုတော့ ရဲတပ်ဖွဲ့မှာ လူပျောက်အမှတ်စဉ်နဲ့ ကလေးရဲ့ ဓာတ်ပုံနဲ့ ကိုယ်ရေးအကျဉ်းနဲ့ လူပျောက်စုံစမ်းတဲ့အမှုကို လက်ခံပေးတယ်’’ဟု ပြစ်မှုဆိုင်ရာများနှင့် ပတ်သက်ပြီး ယင်းက ထပ်မံ ရှင်းလင်းပြောပြသည်။

ကလေးတွေရဲ့ ကိုယ်တွင်းအင်္ဂါတွေကို ရောင်းချတယ် ဆိုတာကလည်း လက်ရှိမှာ ကောလာဟလတွေပါ။ ဒါပေမဲ့ ရှိလည်း ရှိနိုင်တယ်။ လက်တွေ့မှာ ဖြစ်နေတာတော့ မဟုတ်ဘူး။ အခုလိုတွေ ကြားနေရကြတာကတော့ အင်တာနက်သတင်းတွေကြောင့် ပြန့်နေတာပေါ့။ အင်တာနက် သတင်းတွေမှာဆိုရင် ကလေးတွေကို ရင်ခွဲပြီး မူးယစ်ဆေးဝါးတွေ ထည့်သွားတယ်ဆိုတာတွေကို တွေ့ရတယ်။ ဒါပေမဲ့ ခုထိ ဒါမျိုးသတင်းတွေကို စုံစမ်းလို့ အရေးယူထားတဲ့ ကိစ္စရပ်တွေလဲ မရှိပါဘူး။ လက်ရှိအနေနဲ့တော့ ဂိုဏ်းလိုက် လှုပ်ရှားနေကြတယ်ဆိုတာလည်း မရှိသေးပါဘူး။ ဂိုဏ်းလိုက် ခိုးယူတဲ့ အမှုများကို စုံစမ်း ဖော်ထုတ်တဲ့အခါမှာလဲ တွေ့ရှိရမှု မရှိပါဘူး။ တစ်ဦးချင်း နှစ်ဦးချင်း လုပ်တာလောက်ပဲ တွေ့ရပါတယ်။ ကလေးပျောက်မှုတွေက ဟိုးအရင်ကတည်းက ရှိပါတယ်။ အခုမှ ဖြစ်လာတာမဟုတ်ပါဘူး။ တချို့ ပျောက်တာတိုင်ပြီး ပြန်တွေ့တာမျိုးလည်းရှိပါတယ်။ လူပျောက်တိုင်ထားပြီး ပြန်လည်ရောက်ရှိမှုကိုတော့ စခန်းကိုပြန်ပြီး သတင်းပြန်ပေးတာ မရှိတဲ့အတွက်ကြောင့်လဲ အမှုတွေက များနေတာ ဖြစ်ပါတယ်’’ဟု ယင်းကဆိုသည်။

လူကုန်ကူးမှုဆိုသည်မှာ အမျိုးသမီး၊ ကလေးနဲ့   ခေါင်းပုံဖြတ်ရန် အလို့ငှာ လူတွေကို စုဆောင်းတယ်၊ သယ်ဆောင်တယ် တစ်နေရာနဲ့ တစ်နေရာကို ပို့တယ်။ ရောင်းတယ်။ ဝယ်တယ်။ ခေါ်ဆောင်တဲ့နေရာမှာလည်း ဥပဒေသတ်မှတ်ချက်အရ ကလေးကို ခြိမ်းခြောက်ပြီး ခေါ်သွားတာမျိုး၊ မက်လုံးပေးခေါ်သွားတာမျိုး၊ လိမ်လည် လှည့်ဖြား သွေးဆောင်ဖြားယောင်းပြီး ခေါ်သွားတာမျိုး၊ နောက်ပြည့်တန်ဆာလုပ်ငန်း၊ တောင်းရမ်းခိုင်း၊ အဓမ္မ ဝန်ဆောင်မှုလုပ်ခိုင်းခြင်း၊ အခကြေးငွေမရဘဲ ကျေးကျွန်သဖွယ် အလုပ်လုပ်ပေးရခြင်း၊ နောက်ဥပဒေမှာပါတာက ကိုယ်တွင်း အင်္ဂါတွေကို ထုတ်ယူ ရောင်းချမယ် စသည့်လို လုပ်ငန်းလုပ်ကိုင်ပြီး အကျိုးအမြတ် ရှိမည့်သူသည် လူကုန်ကူးမှု ကျူးလွန်ခြင်း မြောက်ပါတယ်။

၂ဝဝ၉ခုနှစ်မှာဆိုရင် ကလေးကို ခေါ်သွားပြီး မလေးရှားဘက်မှာ သွားပြီး ပိုက်ဆံ တောင်းရမ်းခိုင်းတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံဘက်မှာ ကလေးတွေကို ပန်းရောင်းခိုင်းတဲ့ ပုံစံမျိုးနဲ့ တောင်းရမ်းခိုင်းတဲ့ လူကုန်ကူးမှု ဖြစ်စဉ်တွေ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တယ်။ အင်္ဂါနဲ့ ပတ်သက်ပြီး ထုတ်ရောင်းတဲ့ ကိစ္စရပ်မျိုးတော့ မရှိခဲ့ပါဘူး။ လူကုန်ကူးမှုနဲ့ ငြိစွန်းပြီဆိုရင် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ ၂၄အရ ထောင်ဒဏ် ၁ဝနှစ်ကနေ တစ်သက်ထိ ချမှတ်နိုင်ပါတယ်။ လူကုန်ကူးခံရတဲ့သူတွေမှာ အသက်ကြီးတဲ့သူ၊ အသက်ငယ်တဲ့သူပဲဖြစ်ဖြစ်၊ နေရာလည်းမရွေး ဒေသလည်းမရွေး၊ ပညာမတတ်သူရော၊ ပညာတတ်တဲ့သူတွေပါ လူကုန်ကူးခံရတာ တွေ့လာရပါတယ်။ ကလေးသူငယ်တွင် သက်ကြီးရွယ်အို၊ အမျိုးသား၊ အမျိုးသမီး စသည့် အရွယ်စုံ၊ လူမျိုးစုံတို့ကို ထိုင်း၊ မလေးရှား၊ အိန္ဒိယ စသည့် နိုင်ငံပေါင်းစုံကို ရောင်းကုန် တစ်ခုသဖွယ် ရောင်းချလျက်ရှိနေကြတယ်။ ယင်းဖြစ်ရပ်များနှင့် ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေ ဦးသန်းမောင် (စစ်တွေ)ကလည်း ‘‘လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက ပြစ်မှုကျူးလွန်တဲ့ ကလေးသူငယ်တွေကို အထူးအခွင့်အရေးတွေ ပေးတာတို့ကိုပေါ့။

၂ဝဝ၅ခုနှစ်က ပြဋ္ဌာန်းထားတဲ့ လူကုန်ကူးမှု ဥပဒေမှာဆိုရင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေအရ မြန်မာနိုင်ငံတွင်သာမက အရှေ့တောင် အာရှတစ်ခုလုံးမှာ အရေးကြီးလာပြီ။ အာဆီယံ ဒေသတွင်းမှာ framework (မူဘောင်)ထားပြီး တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဝိုင်းဝန်း ကူညီကြတာတွေ လုပ်ဆောင်လာကြပြီ။ တရုတ်ကလူတွေဒီဘက်ကို၊ ဒီဘက်ကလူတွေ တရုတ်ကို၊ ယိုးဒယားကို မလေးရှားကို၊ အိန္ဒိယကို၊ ဟောင်ကောင်၊ ထိုင်ဝမ် စသဖြင့် လူကုန်ကူးမှုလုပ်တယ်ဆိုရင် ဖမ်းဆီး အရေးယူမှုတွေ ဆောင်ရွက်ပေးလာပြီ။ မြန်မာနိုင်ငံ ဥပဒေအရ အသက် (၁၆)နှစ်အောက် အရွယ်ကို ကလေးသူငယ်လို့ သတ်မှတ်ထားတယ်။ အယောင်ဆောင် ထိမ်းမြားလက်ထပ်ခြင်း၊ တစ်နိုင်ငံမှ တစ်နိုင်ငံကို စာရွက်အတုလုပ်ပြီး ခေါ်ဆောင်မယ်ဆိုရင်လည်း လူကုန်ကူးမှု ဖြစ်တယ်။ ထောင်ဒဏ် သုံးနှစ်ကနေ ၁ဝနှစ်၊ ငွေဒဏ်လည်း ချမှတ်နိုင်ပါတယ်။ ဂိုဏ်းလိုက်ဖွဲ့ပြီး လုပ်ဆောင်မယ်ဆိုရင် ပုဒ်မ ၂၈အရ အနည်းဆုံး အနှစ် ၂ဝကနေ တစ်သက်ထိ ပြစ်ဒဏ်ချမှတ်နိုင်ပါတယ်။ ပြစ်မှုကျူးလွန်ရာမှာ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ပြစ်ဒဏ် ချမှတ်နိုင်ပါတယ်။

ကလေးခိုးမှုတွေ၊ လူကုန်ကူးမှုတွေကို ပပျောက်ဖို့က ပြည်ထဲရေးဝန်ကြီးဌာနသာမက အခြား ဝန်ကြီးဌာနတွေကလည်း ပူးပေါင်းပြီး ဆောင်ရွက်တာတွေ ရှိပါတယ်။ အားလုံး ပူးပေါင်းဆောင်ရွက်ရင် ပိုကောင်းလာနိုင်မယ်။ နယ်စပ်ဒေသတွေ၊ တိုင်းနဲ့ ပြည်နယ်တွေ၊ ရပ်ကွက်တွေမှာ အသိပညာပေးတွေ ပိုမိုလုပ်ဆောင်သင့်တယ်။ တချို့ကမသိကြဘူး။ ငါနိုင်ငံခြားရောက်သွားရင် ကောင်းကောင်းနေရ၊ စားရမယ်လို့ပဲ ထင်ကြတယ်။ တချို့ဆို မိဘတွေကိုယ်တိုင်က သားသမီးကို ရောင်းစားကြတယ်လို့ ကြားတယ်။ ဒါ့ကြောင့် education ပိုင်းကို အများကြီး မြှင့်ပေးရမယ်။ ပြည်ပကို နည်းမှန် လမ်းမှန်နဲ့သာ သွားသင့်တယ်။ ဒါတွေက Social problam, Social Issue တွေပါပဲ။ လုပ်တဲ့သူတွေက ငါးစာကိုပဲ မြင်တယ်၊ ငါးမျှားချိတ်ကို မမြင်ကြဘူး။ တို့နိုင်ငံ အတိုင်းအတာအရ ဗုဒ္ဓဘာသာနိုင်ငံလည်းဖြစ်၊ မိဘဆရာ အုပ်ထိန်းမှုအောက်မှာလည်း ရှိနေတော ဒါတွေ မပျက်စီးသွားစေချင်ဘူး။ ဒီလိုဖြစ်ရပ်တွေ မဖြစ်အောင် လုပ်ကြရအောင်။ မြန်မာနိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်း ပေါများအောင် ဖန်တီးပေးရမယ်။ တကယ်ပျော်ရွှင်ဖွယ်အောင် လုပ်ရမယ်။ မိန်းကလေးတွေ အလုပ်မရဘူး။ ရုပ်နည်းနည်းဆိုးရင် အလုပ်မရဘူး။ ဝနေရင် အလုပ်မရဘူး၊ ပုနေရင် အလုပ်မရဘူး။ လှမှ၊ ပြီတီတီလုပ်နိုင်မှ အလုပ်ရကြတယ်။ ဒီလိုပတ်ဝန်းကျင် အမြင်တွေကိုလည်း ပြောင်းလဲရမယ်။ တစ်ဦးချင်း ဝင်ငွေနည်းပါးမှုကလည်း လူကုန်ကူးမှုလုပ်တဲ့ အလုပ်တွေကို တွန်းအားပေးနေသလို ဖြစ်နေတာပါပဲ။ ဒါကို အမျိုးသားရေး တာဝန်တစ်ရပ်အနေနဲ့ အားလုံး ဝိုင်းဝန်း ကာကွယ် စောင့်ရှောက်ရမယ်။ ကလေးတွေ ပျောက်နေတယ်ဆိုတာလည်း တရုတ်ကြီးခေါ်မသွားခင်ထိ ကိုယ့်နိုင်ငံက လူတွေပဲ လုပ်နေကြတာပဲ။ နိုင်ငံခြားသားပေးတဲ့ ပိုက်ဆံအနည်းငယ်ကို အဟုတ်မှတ်နေကြတာပေါ့’’ဟု သူ၏အမြင်ကို ပြောပြတယ်။ ယခုကဲ့သို့ ကလေးပျောက်မှုများ ဖြစ်ပွားနေသဖြင့် စာသင်ကျောင်းများမှာလည်း ဆရာ၊ ဆရာမအနေဖြင့် အထူးတာဝန်များအနေဖြင့် ဆောင်ရွက် နေကြပါတယ်။ ယင်းကိစ္စရပ်များနှင့် ပတ်သက်ပြီး အထက်တန်းကျောင်း ဆရာမတစ်ဦးက ‘‘ကျွန်မတို့ကျောင်းမှာတော့ အောက်တိုဘာလ ၁ရက်ကစပြီး အထူးဂျူတီအနေနဲ့ ကလေးတွေကို စောင့်ရှောက်မှုတွေ လုပ်ပေးပါတယ်။ အခုလို ကလေးပျောက်မှုတွေကလဲ မူလတန်းအရွယ်၊ မူလတန်းကျောင်းတွေမှာ အဖြစ်များလာပါတယ်။ စာမေးပွဲကာလလဲဖြစ်တော့ ကျောင်းသား၊ ကျောင်းသူတွေကို ကျောင်းတက်ချိန်မှာ မိဘတွေက အတန်းထဲထိအရောက် လိုက်ပို့စေပါတယ်။ ကျောင်းဆင်းချိန်မှာ အတန်းစောင့်ဆရာ၊ ဆရာမတွေ ကျောင်းသား၊ ကျောင်းသူတွေနဲ့အတူ အတန်းဆင်းစေပြီး ကျောင်းအပြင်ထိ လိုက်ပို့စေပါတယ်။ ကျောင်းသားမိဘတွေလက်ထဲ အရောက်ပို့ပေးတယ်။ လာမကြိုသေးတဲ့သူတွေဆိုရင်လဲ စောင့်ပေးတယ်’’ဟု ဆိုပါတယ်။ ယင်းအပြင် ကလေးသူငယ်များ၏ ကိုယ်အင်္ဂါများ ခွဲထုတ်ခြင်း၊ အစားထိုးခြင်း ဖြစ်ရပ်များ ပေါ်ပေါက်မှုများနှင့် ပတ်သက်ပြီး ဆေးပညာ ရှုထောင့်အနေဖြင့် ရန်ကုန် ကလေးဆေးရုံအုပ်ကြီး ဒေါက်တာအောင်ကြည်ဝင်း၏ ပြောကြားချက်မှာ  ‘‘ခုကျွန်တော်တွေ့ရသလောက်တော့ ကျွန်တော်အနေနဲ့တော့ ကလေးတစ်ဦးနဲ့တစ်ဦး ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေကို အစားထိုးတယ်ဆိုတဲ့ ဖြစ်ရပ်မျိုး မတွေ့ရသေးပါဘူး။ မြန်မာနိုင်ငံမှာတော့ ကလေးသူငယ်တွေရဲ့ ကိုယ်တွင်းအင်္ဂါတွေနဲ့ အစားထိုး ကုသမှုကတော့ မတွေ့ရသေးပါဘူး’’ဟု ပြောပါတယ်။ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ၂ဝ၁၁ခုနှစ် ဇန်နဝါရီလမှ  အောက်တိုဘာလအထိ ကလေးပျောက်မှုမှ ယောက်ျားလေး ၈၁ယောက်၊ မိန်းကလေး ၁၁၃ယောက် ရှိခဲ့ရာတွင် ယောက်ျားလေး ၅၉ယောက်၊ မိန်းကလေး ၇၆ယောက် ပြန်လည် ရှာဖွေတွေ့ရှိခဲ့တယ်လို့ ကြားသိရပါတယ်။ ကလေးတွေဆိုတာ ရောင်းကုန်မဟုတ်သလို လူ့အခွင့်အရေး ချိုးဖောက်လို့ရတဲ့ အသုံးချခံတွေလည်း မဟုတ်ကြပါဘူး။ ‘‘ကလေးတွေ ပျောက်ကြတယ်ဆိုတာ ဘာကြောင့်မှန်း တိတိပပ မသိရပေမယ့် သားသမီးချင်း ကိုယ်ချင်းစာသင့်တယ်။ အဲလိုလုပ်တဲ့လူတွေကိုလည်း မှတ်လောက်သားလောက်အောင် ဆုံးမသင့်တယ်’’လို့ ကလေးမိခင်တစ်ဦးက ဒေါသစွက်ပြီး ပြောနေတာ ကြားခဲ့ရပါတယ်။