အမေရိကန်နိုင်ငံဆိုင်ရာ ဆော်ဒီသံအမတ်အား သတ်ဖြတ်ရန် ကြံစဉ်မှုဖြင့် အီရန်လူမျိုး တစ်ဦးအား စွပ်စွဲခဲ့ကြောင်း သိရသည်။ ဆော်ဒီ သံအမတ်သည် အမေရိကန် ပြည်ထောင်စု ဝါရှင်တန်မြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ညစာစားနေစဉ် ထိုကဲ့လို့ လုပ်ကြံရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ အမေရိကန်ပြည်ထောင်စုကမူ ထိုလုပ်ရပ်အတွက် အီရန်နိုင်ငံအား အရေးယူ ပိတ်ဆို့မှုထပ်မံပြုလုပ်ရန် ကုလသမဂ္ဂတွင် တွန်းအားပေးသွားမည်ဖြစ်ကြောင်း သတိပေး ပြောကြားခဲ့သည်။ လုပ်ကြံရန် ကြိုးပမ်းခဲ့သည့် အီရန်အမျိုးသားနှစ်ဦးမှာ အီရန်နိုင်ငံ၏ လုံခြုံရေး အေဂျင်စီများနှင့် အဆက်အသွယ် ရှိနေသူများဖြစ်သည်ဟု ဆိုသည်။ သတ်ဖြတ်ရန် ကြံစဉ်သူနှစ်ဦးအနက် တစ်ဦးအား လွန်ခဲ့သည့်လက ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီးနောက် တစ်ဦးမှာမူ အီရန်နိုင်ငံတွင် ရှိနေမည်ဟု ယူဆခဲ့ကြသည်။
ဆော်ဒီအာရေးဗီးယားနိုင်ငံကမူ လုပ်ကြံ သတ်ဖြတ်ရန် ကြံစည်မှုအတွက် အီရန်တို့အနေဖြင့် ပြန်လည် ပေးဆပ်ရမည်ဟု အဓိဋ္ဌာန် ပြုခဲ့ကြောင်း သိရသည်။ ဗြိတိန်အစိုးရကလည်း အီရန်အား အရေးယူ ပိတ်ဆို့မှုကို ထောက်ခံခဲ့ပြီး ဥရောပ ကုလသမဂ္ဂကမူ အီရန်တို့၏ လုပ်ရပ်မှာ အထူးပင် စိုးရိမ် ပူပန်စရာဖြစ်ကြောင်း ပြောကြားခဲ့သည်။ လုတ်ကြံ သတ်ဖြတ်ရန် အစီအစဉ်နှင့် ပတ်သတ်၍ စွပ်စွဲ ပြောကြားရာတွင် ကြံစဉ်သူတို့က ဖောက်ခွဲပစ္စည်းများ ရရှိရေးအတွက် မက္ကဆီကန် မူးယစ်ဆေးဝါးဂိုဏ်းထံမှ အကူအညီ ရယူခဲ့ကြောင်း၊ ၎င်းတို့က ဆော်ဒီသံအမတ် အဒဲလ်အယ်ဂျူဘီယာ မကြာခဏ လာရောက်လေ့ရှိသော စားသောက်ဆိုင်တွင် ဗုံးဖောက်ခွဲရန် ကြံစည်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အလားတူပင် မူးယစ်ဆေးဝါးဂိုဏ်းသား လော့စ်ဇီတယ်ဆိုသူအား အမေရိကန်ဒေါ်လာ ၁ဒဿမ၅ သန်းပေး၍ ဝါရှင်တန်ရှိ အစ္စရေးသံရုံး၊ အာဂျင်တီးနားရှိ ဆော်ဒီနှင့် အစ္စရေးသံရုံးများကိုပါ ဗုံးဖောက်ခွဲရန် ကြံစည်ခဲ့ကြောင်း အမေရိကန်ပြည်ထောင်စု တရားဥပဒေ စိုးမိုးရေး အရာရှိတစ်ဦး၏ အဆိုအရ သိရသည်။
ဆော်ဒီသံအမတ်ကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းသူနှစ်ဦးအနက် ဖမ်းဆီးထိန်းသိမ်းခြင်းခံရသူမှာ အသက် ၅၆နှစ်အရွယ်ရှိ မန့်ဆာအာဘတ်ဆီယာ ဆိုသူဖြစ်သည်။ သူသည် အီရန်နှင့် အမေရိကန် နိုင်ငံကူးလတ်မှတ်များကို ကိုင်ဆောင်ထားသည့် အမေရိကန်နိုင်ငံသားဖြစ်သည်။ နောက်တစ်ဦးမှာ အီရန်အခြေစိုက် ကာ့ဒ်တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည့် ကိုလမ်ရှာကူရီ ဆိုသူဖြစ်ကြောင်း သိရသည်။

