» NLD ပါတီ ပြန်လည်ဖွဲ့စည်းရန် ညီလာခံ ခေါ်ယူကျင်းပမည်: NLD ပါတီအလုပ်အမှု ဆောင် အဖွဲ့ပြန်လည်  ရွေးကောက်တင်မြှောက် ... http://t.co/ijCm5YKF 2012-05-18 02:50 » အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှ မြန်မာနိုင်ငံတွင် အမေရိ ကန်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ... http://t.co/Jb4S4z3g 2012-05-18 02:19 » ရှမ်းလမ်းစျေး(ခ) ဂွစျေး မီးလောင် ကျပ်သိန်းပေါင်း သုံးရာကျော် ဆုံးရှုံး: စမ်းချောင်းမြို့နယ် ကျွန်းတော မြောက်ရပ... http://t.co/NGLsnpji 2012-05-18 11:13 » နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့: မန္တလေးမြို့ မဟာအောင်မ... http://t.co/okQSTdWY 2012-05-17 11:52 » လွှတ်တော်ကိုယ်စားလှယ်က စိုက် ပျိုးမြေကို ငါးကန်တူးသည့်ကိစ္စ မှန်ကန်ကြောင်း လွှတ်တော်သို့ တင်ပြပြီ: ဧရာဝတီတိုင်... http://t.co/tSAc7zWZ 2012-05-17 08:16



ဝါရှင်တန် နယူယောက်နှင့် ကျွန်တော်ဂျာနယ်လစ် (၇)

အမေရိကန် ကုန်သွယ်ရေးဗျူဟာနှင့် မီဒီယာပလက်ဖောင်း

အမေရိကားသည် ကမ္ဘာနှင့် ကုန်သွယ်ပုံ ဗျူဟာများကို ပြည်သူသိအောင် မီဒီယာက တစ်ဆင့်ချပြသည်။ အမေရိကားတွင် (USTR) ဟု ခေါ်သည့် ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံး ရှိသည်။ ( Office of the United States Trade Representative-USTR ) ဟု ခေါ်သည်။

‘‘USTR ရုံးမှာ ကြိုက်တာမေးနိုင်တယ်’’ ဟု ကိုအော်ဒိနတ်တာမှ မစ္စဂလိုရီက ကျွန်တော်တို့အဖွဲ့ကို ကြိုပြောထားသည်။

USTR ရုံးသည် (1724 F Street, NW Washington) တွင်ရှိသည်။ အဝင်တွင် လုံခြုံရေးက ကျပ်သည်။ လေဆိပ်တွင် စစ်သလို အထပ်ထပ်။ ‘‘ကြိုဆိုပါတယ်ရှင့်’’ အသံလာရာ ကြည့်လိုက်တော့ အသံနှင့် လူက မလိုက်ဖက်လှ။ အသားမည်းမည်း၊ ခပ်ဝဝ အမျိုးသမိးက သွားအဖွေးသားပေါ်အောင် ခရီးဦးကြိုဆိုနေသည်။

me-assk.jpg

သူမက USTR ရုံး၏ လူထုဆက်ဆံရေးဌာန၏ အကြီးအကဲ။ အာဖရိကန်သူ။ ဆူဒန်၊ ဘော့ဇဝယ်နာ၊ ရဝမ်ဒါ ဂျာနယ်လစ်များကတော့ ဆွေမျိုးသားချင်းများ ပြန်လည်တွေရသည်နှယ်။ မနောခွေ့လို့။ အမေရိကန်နှင့် ကမ္ဘာ့နိုင်ငံများ ကုန်သွယ်မှုပုံစံများကို သူမက ရှင်းပြသည်။ မီဒီယာပလက်ဖောင်းကို အသုံးချပြီး ကမ္ဘာ့နိုင်ငံများ ကုန်သွယ်မှုပုံစံများကို အသုံးချပြီး ကမ္ဘာ့နိုင်ငံများနှင့် ကုန်သွယ်မှုပြုပုံကို ဆက်ရှင်းသည်။ အပြီးမှာ ‘‘မေးချင်တာ မေးနိုင်ပါတယ်’’ ဟု ကျွန်တော်တို့ ဂျာနယ်လစ်များကို လမ်းဖွင့်ပေးသည်။

ကမ္ဘာ့စီးပွားရေး မဟာအင်အားကြီး တရုတ်၊ လက်တင်အမေရိကား၏ ဂျိုင်းရန့်ကြီး ဘရာဇီး၊ အာရှထိပ်တန်း စင်ကာပူသား ဂျာနယ်လစ်တို့က လမ်းဖွင့် ပေးသည်ကို လက်လွှတ်မခံ။ မေးခွန်းတွေ တဒိုင်းဒိုင်း ရွတ်တော့သည်။

ဆန်ရှင်နှင့် မြန်မာ၊ အမေရိကန်ရီလေးရှင်း

သူတို့ပြီးတာနဲ့ ကျွန်တော်ကလည်း အားကျမခံ ‘‘ခင်ဗျားတို့လဲ ကြားသိရမှာပါ။ ခုဆိုရင် ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီ အစိုးရသစ်တက်လာပါပြီ။ တိုးတက်ပြောင်းလဲမှုတွေကိုလဲ ခင်ဗျားတို့ တွေ့ရမှာပါ။ ဒါဆိုရင် ခင်ဗျားတို့အစိုးရက မြန်မာနိုင်ငံအပေါ်မှာ ချထားတဲ့ ဆန်ရှင်ကို ပြန်လည်ရုပ်သိမ်းပေးဖို့များ မရှိဘူးလား။ အဲဒီအပေါ်မှာ ဘာများမှတ်ချက် ပေးနိုင်ပါသလဲ’’ ဟု မေးချလိုက်သည်။

‘‘ဒီကိစ္စက ကျမတို့လုပ်တာတော့ မဟုတ်ပါဘူး။ ပါလီမန်ကလုပ်တာပါ။ သူတို့အပေါ်မှာ တည်ပါတယ်။ ပါလီမန်ကလုပ်တာပါ။ သူတို့အပေါ်မှာ တည်ပါတယ်။ ဒီမေးခွန်းကို သူတို့နဲ့တွေ့တဲ့အခါ မေးကြည့်ပါ။ သူတို့က ကျွန်မထက်ပိုပြီးတော့ ဖြေကြားနိုင်ပါလိမ့်မယ်။ ကျွန်မပြောတယ်လို့တော့ မပြောနဲ့နော်’’ ဟု အရွှန်းဖောက်ကာ မေးခွန်းကို လှပစွာ ပြန်ဖြေသွားခဲ့သည်။

USTR ရုံးက ဘာကြောင့် သူမကို မီဒီယာနဲ့ တွေ့ရန်ရွေးပေးထားသည်ကို ခုမှသိရတော့သည်။ ဖြေနိုင်သည်များကို မခြွင်းမချန်ဖြေသည်။ မဖြေနိုင်လျှင်လဲ လှအောင် ရှောင်ဖြေသည်။ အပြုံးမပျက်။ သူတို့နှင့် မီဒီယာရီလေးရှင်းက ကောင်းလှသည်။ ပြည်သူနှင့်အစိုးရ သတင်းများကို မီဒီယာက ပေါင်းကူးပေးသည်ကို ကောင်းကောင်းသိသည်။ ထို့ကြောင့် အမေရိကားသည် ကမ္ဘာနှင့် ကုန်သွယ်ပုံ၊ ဗျူဟာများကို ပြည်သူသိအောင် မိဒီယာပလက်ဖောင်းကို ကောင်းစွာ အသုံးချလေသည်။

ထမင်းကို အလေးချိန်နဲ့စားရတယ်

USTR ရုံးကပြန်တော့ မွန်းတည့်နေပြီ။ နေ့လယ်စာအတွက် ခြေဦးလှည့်ကြသည်။ ကျွန်တော်နှင့် မစ္စတာလီက Press Buliding နားရှိဆိုင်သလို့ သွားသည်။ ကိုယ်တိုင်မှာ ယူရသော ဆိုင်များဖြစ်သည်။ နိုင်ငံပေါင်းစုံမှ အစားမျိုးစုံရသည်။ ထိုင်း၊ တရုတ်၊ အာရှစာ၊ ဥရောပစာ အစုံရှိသည်။ ကိုယ်ကြိုက်တာ စားချင်တာကို ယူစားလို့ရသည်။

‘‘ကျွန်တော်လဲ ထမင်းရလိုရငြား ရှာကြည့်သည်၊ တွေ့ပြီ၊ မစားရတာကြာပေါ့ဟု တွေးပြီး ဘူးထဲကို ထမင်းအပြည့်ထည့်၊ သီးရွက်စုံကြော်ထည့်၊ ကြက်သားဟင်းထည့်၊ ပြီးတော့ ကောင်တာဆီသွားရှင်းသည်။

‘‘ဒီအပေါ်တင်လိုက်ပါ’’ ဟု ကောင်တာ စာရေးက ဒစ်ဂျစ်တယ်ချိန်ခွင်ကို မျက်စပစ်ပြသည်။ ‘‘၁၂ ဒေါ်လာကျတယ်’’ဟု သူကျွန်တော့်ကို လှမ်းပြောမှ ‘‘ထမင်းကို အလေးချိန်နဲ့ စားရပါလားနော်‘‘ ဟု အတွေးက ပျောက်သွားတော့သည်။

အလင်းတံခါးတို့၏ ဗိမာန်(သို့မဟုတ်) ကမ္ဘာ့အကြီးဆုံး သတင်းပြတိုက်

နေ့လည်စာစားပြီးတာနျင့် သတင်းပြတိုက်သို့ လိုက်ပို့ပေးသည်။ သတင်းပြတိုက် (Newseum) သည် 555 Pennsylvan Avenue, NW, Washington တွင် ရှိသည်။ ကမ္ဘာတွင် အကြီးဆုံးသော သတင်းပြတိုက်တစ်ခုဖြစ်သည်။ ၅ရာစုက သတင်းဖြစ်စဉ်မှ စပြီး ယနေ့ချိန်ထိ ဖြစ်ပျက်နေသော သတင်းဖြစ်စဉ်များကို ပြသထားသည်။ ဓာတ်ပုံ၊ သရုပ်ဖော်ပုံကအစ ရုပ်သံစတူဒီယိုအဆုံး စုံစုံလင်လင်ပြထားသော ပြတိုက်ကြီးဖြစ်သည်။ အထပ်ခုနစ်ထပ်ရှိသည်။ ၂၅၀၀၀၀ စတုရန်းပေကျယ်ဝန်းသည်။

‘‘လွှတ်တော်က ဥပဒေကိုပြဋ္ဌာန်းမည်မဟုတ်။ ဘာသာတရားထူထောင်ခြင်း သို့မဟုတ် တားဖြစ်ပိတ်ပင်ခြင်းကို အလေးထားအသိအမှတ်ပြုမည်။ လွတ်လပ်မှုကို ကျင့်သုံးရာတွင် လွတ်လပ်စွာ ပြောဆိုခြင်း သို့မဟုတ် ရေးသားထုတ်ဝေခြင်း သို့မဟုတ် နစ်နာချက်များကို တရားသဖြင့် ဖြစ်စေရန်အတွက် ပြည်သူလူထုက အစိုးရကို ပန်ကြားရန် ငြိမ်းချမ်းစွာ စုဝေးခွင့် ရှိခြင်းတို့ဖြစ်သည် ( အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းပုံဥပဒေပြင်ဆင်ချက် )’’ ဆိုသော စာတန်းက သတင်းပြတိုက် (Newseum)၏ အပြင်နံရံထက်တွင် ရေးထားသည်ကို အဝေးမှပင် တွေ့နေရသည်။

လွတ်လပ်ခွင့်ဖိုရမ်

သတင်းပြတိုက်တွင်းဝင်လိုက်သည်နှင့် (Freedom Forum) လွတ်လပ်ခွင့်ဖိုရမ် စာတန်းက ဆီးကြိုနေသည်။ (Freedom Forum) စာတန်းအောက်တွင် (Free Press, Free Speech, Free Spirit) စကားလုံးကို တွေ့ရသည်။

newseum.jpg

Our Democarcy depends on the first Admendment. It goes to the core out work with the Newseum, the first Admendment Center and the Diversity Institude ‘‘ကျွန်ုပ်တို့ ဒီမိုကရေစီက ပထမဆုံး ပြင်ဆင်ချက်အပေါ် ယုံကြည်အားထားသည်။ ယင်းတို့က Newseum ပထမဦးဆုံးပြင်ဆင်ရာဌာနနှင့် အထွေထွေအပြားပြားသော အဖွဲ့အစည်းတို့နှင့်အတူ လုပ်ဆောင်ရန်အရေးပါသော အချက်အချာလဲ ဖြစ်သည်’’။ အမှုဆောင်အရာရှိချုပ် (လွတ်လပ်ခွင့်ဖိုရမ်) ဟူသော စာသားကို တွေ့ရသည်။

ပူလစ်ဇာသူရဲကောင်းတို့၏ ပြောင်မြောက်သော ရိုက်ချက်များ

လွတ်လပ်ခွင့်ဖိုရမ်ကို လွန်သည်နှင့် ခမ်းနားလှသော ဓာတ်ပုံပြခန်းကို ရောက်သည်။ လမ်းပေါ်ပြေးထွက်ပြီး အော်ငိုနေသော ကလေးငယ်။ သံဆူးကြိုးတွေကြားက ကလေးနှင့်သားသည်မိခင်။ လက်နက်များရှေ့က လူတစ်စုဓာတ်ပုံများစွာက စိတ်အစဉ်ကို ညှို့ထားနိုင်သည်။ ယင်းဓာတ်ပုံများမှာ ပူလစ်ဇာသူရဲကောင်းတို့၏ ပြောင်မြောက်သော ရိုက်ချက်များပင် ဖြစ်သည်။

ကမ္ဘာကျော်ရုပ်ပုံလွှာကြားက မြန်မာ့ဒီမိုကရေစီ သူရဲကောင်း ဒေါ်အောင်ဆန်းစုကြည်

ယင်းအခန်းဘေးတွင်လည်း ကမ္ဘာကျော်ရုပ်ပုံလွှာပြခန်းရှိသည်။ ထူးခြားသောဓာတ်ပုံတစ်ပုံကို သွားတွေ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံ ဖြစ်သည်။ သည်လိုကမ္ဘာကျော် သတင်းပြတိုက်ကြီးတွင် မြန်မာလူမျိုးတစ်ယောက်၏ ဓာတ်ပုံကို တွေ့ရသဖြင့် ကြံကြံဖန်ဖန်ဂုဏ်ယူမိနေသည်။

‘‘ငါ့ကို ဓာတ်ပုံတစ်ပုံလောက် ရိုက်ပေးနိုင်မလား’’ ဆိုပြီး ပြခန်းသို့လာကြည့်နေသော ပြင်သစ်အမျိုးသမီးကြီးကို အကူအညီတောင်းပြီး မှတ်တမ်းပုံရိုက်လိုက်သည်။

4D နှင့်ခံစားမှု အရသာသစ်

ယင်းနောက် 4D ရုပ်ရှင်ခန်းမသို့ ဆက်လှမ်းခဲ့သည်။ ၁၅မိနစ်ခြားတစ်ခါပြသည်။ ဝါရျင်တန်ပို့စ်၏ ပထမဆုံးသော အမျိုးသမီးသတင်းထောက်၏ စစ်အတွင်း သတင်းရယူပုံ သတင်းကားကို ပြသည်။ လေယာဉ်မှ ဗုံးကြဲလျှင် ‘ဝုန်း’ဆို ထိုင်ခုန်က လှုပ်သွားသည်။ ခုံဘယ်သူ လာလှုပ်နေပါလိမ့်ဟု လှည့်ကြည့်မိသည်။ ဘယ်သူမှမရှိ။ အထိအတွေ့ခံစားမှုသစ်ကို ဖန်တီးပေးထားခြင်းဖြစ်သည်။ ဗုံးကွဲလျှင် ဗုံးဆန်များ ကိုယ့်ဆီကို လာမှန်သလို ခံစားရသည်။ ကြောက်စိတ်ဖြင့် မျက်မှန်ကို အမြန်ချွတ်ရသည်။ စုံတွဲတစ်တွဲ၏ အော်သံ၊ ကလေးငယ်တစ်ဦးရဲ့ ငိုသံတို့ပါ ကြားနေရသည်။ မကြာမီ 4D မူဗီပြီးလေပြီ။ အော်သံ၊ ငိုသံတို့လည်း တိတ်သွားလေသည်။ အပြင်ထွက်လိုက်မှ သတိပေးကြေညာချက်ကို တွေ့လိုက်ရသည်။ နှလုံးရောဂါရှိသူ၊ မိခင်မပါသော ကလေးငယ်များ မကြည့်ရ ဖြစ်သည်။ 4D က ပရိသတ်ကို ဖမ်းစားနိုင်လွန်းလှချေသည်။

အလွမ်းပြေမြန်မာထမင်းနှင့် ဝါရှင်တန်ည

သတင်းပြတိုက်မှအပြင် ဟိုတယ်တွင် ခဏနားသည်။ အဖွဲ့များက ဝါရှင်တန် နောက်ဆုံးညကို အသက်သွင်းရန် စိုင်းပြင်းနေသည်။ ကျွန်တော်က မလိုက်နိုင်ကြောင်း ငြင်းလိုက်သည်။ အကြောင်းမှာ မြန်မာသံရုံးအတွင်းဝန် ကိုရဲလွင်နှင့် မသီသီမာတို့ မိသားစုထံ ညစာသွားစားရန်ဖြစ်သည်။

မသီသီမာမှာ ဆရာဦးကိုကို၏ ညီမအရင်းဖြစ်သည်။ ဝါရှင်တန်ရောက်ကတည်းက ကျွန်တော့်ကိုလာလည်ရန် ဖိတ်သည်။ ကျွန်တော်ကလည်း မအားလပ်သို့ မသွားဖြစ်။ ယခုညမှသာ အချိန်ရလို့ ချိန်းလိုက်ရသည်။ ဟိုတယ်ဆီ ကိုရဲလွင်ကိုယ်တိုင် လာကြိုတော့ အားနာလှသည်။ ကိုရဲလွင်တို့ အိမ်က မေရီလန်းတွင် ရှိသည်။ ဝါရှင်တန်မှ မေရီလန်းသွားရာ တစ်လျှောက် ကိုရဲလွင်နှင့် စကားကျလာသည်။ ကိုရဲလွင်တို့ မိသားစုလည်း အမေရိကားရောက်သည်မှာ မကြာသေးပေ။ ကိုရဲလွင်က ဝါရှင်တန်၏ အတွေ့အကြုံသစ်များကို ဝေမျှနေသည်။ နာရီဝက်လောက် မောင်းလိုက်သည်နှင့် ကိုရဲလွင်တို့ အိမ်ရောက်လာ်သည်။ မသီသီမာက ဝမ်းသာအားရဖြင့် ကြိုဆိုသည်။ မြန်မာစကားသံ၊ မကြားရ။ မပြောရ။ ခုမှပဲ အားရစွာ ပြောရတော့သည်။ ပြီးတော့ မသီသီမာ၏လက်ရာ မြန်မာထမင်းဟင်းကို အငမ်းမရလွေးရတော့သည်။ မြန်မာပြည် အလွမ်းပြေ မြန်မာထမင်းကို သုံးပန်းကန် လောက် အုပ်ထည့်လိုက်သည်။ ညစာထမင်းကို မအားလပ်သည့် ကြားက တကူးတက ဖိတ်ကျွေးသော ကိုရဲလွင်နှင့် မသီသီမာတို့ကို ကျေးဇူးစကားဆိုမိသည်။

မနက်ဖြန်မီနီဆိုးတားကို ခရီးဆက်ရမည်။ ထို့ကြောင့် ဟိုတယ်စောပြန်ရမည်။ ကျွန်တော်လည်း ကိုရဲလွင်နှင့် မသီသီမာတို့ကို နှုတ်ဆက်ပြီး ပြန်ရန်ပြင် လိုက်သည်။ မသီသီမာက ဆရာ့မိသားစုနှင့် ကျွန်တော့်အတွက် အမေရိကန် လက်ဆောင်များထည့် ပေးလိုက်သည်။ မသီသီမာက ဆရာ့မိသားစုနှင့် ကျွန်တော့်အတွက် အမေရိကန်လက်ဆောင်များထည့်ပေးလိုက်သည်။ သဘောကောင်းလှသည့် ဇနီးမောင်နှံကို နှုတ်ဆက်ရင်း ဝါရှင်တန်သို့ ပြန်ခဲ့လေသည်။ ကားအပြင်ဘက်မြင်ကွင်းကို လှမ်းငေးကြည့်လိုက်တော့ အတော်မှောင်နေပြီ။ သို့သော် ဝါရှင်တန်ညဘက်များ ကား မီးထိန်ထိန်သာနေသည်။ ။