ယနေ့ ကျွန်တော်တို့နိုင်ငံရဲ့ စာသင်ကျောင်းတွေမှာ ‘ပညာရေးဖြင့် ခေတ်မှီနိုင်ငံတော်ကြီး တည်ဆောက်အံ့’ ဆိုတဲ့ ဆိုင်းဘုတ်တွေကို တွေ့မြင်နေရပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာ လူသား အရင်းမြစ်က အဓိကဖြစ်ကြောင်း သိကြပြီး ဖြစ်ပါတယ်။ အသိပညာ၊ အတတ်ပညာ အမှန်တကယ်ကြွယ်ဝတဲ့၊ လူသား အရင်းမြစ် ပေါများတဲ့ နိုင်ငံဟာ အစစထိပ်တန်းမှာ ရှိနေပါလိမ့်မယ်။ အသိပညာတွေ၊ အတတ်ပညာကြွယ်ဝဖို့ ကျွန်တော်တို့ နိုင်ငံမှာ ဘယ်ပုံဘယ်နည်း ပညာရှာမှီး နေကြတယ်ဆိုတဲ့ သင်ကြားမှု၊ သင်ယူမှု ပုံစံတွေကို အသေအချာ လေ့လာ စေ့ငုဖို့ များစွာကို လိုအပ်လှပါတယ်။
ကျွန်တော်တို့ နိုင်ငံမှာ အခြေခံကျောင်းတွေနဲ့ တက္ကသိုလ်ကောလိပ်တွေမှာ ပညာပေး၊ ပညာယူနေကြပုံကို သတိထားကြည့် ဖြစ်ပါတယ်။ အတန်းတိုင်း၊ အတန်းတိုင်းက ကျောင်းသူကျောင်းသား အများစုနဲ့ ဆရာ၊ ဆရာမ အများစုတို့ဟာ ပြဋ္ဌာန်းထားတဲ့ သင်ရိုးထဲက မထွက်နိုင်ကြတာကို တွေ့ရပါတယ်။ ပြဋ္ဌာန်းစာအုပ်ပါ ပြဋ္ဌာန်းစာတွေကို နားလည်သည်ဖြစ်စေ၊ နားမလည်သည် ဖြစ်စေ အလွတ်အာဂုံဆောင်ပြီး စာမေးပွဲ မေးခွန်း ဖြေဆိုနိုင် ရေးလောက်ကိုသာ အဓိကထား အားထုတ်လာကြတာ တွေ့နေရပါတယ်။ သင်ကြားထားရသမျှ၊ သိမှတ်ထားရသမျှတွေကို အသုံးချနိုင်ဖို့ အားထုတ်မှုမျိုး ကျောင်းသား အများစုမှာ မတွေ့ရတော့ပါဘူး။ မေးခွန်းတွေမှာ ဉာဏ်စမ်းမေးခွန်း ထည့်မေးတာမျိုးကို ကျောင်းသားအများစု မနှစ်မြို့ကြတာတွေ့ရပါတယ်။ နည်းနည်းပါးပါးလေးလောက် ဖြစ်ဖြစ် ဦးနှောက်သုံး ဖြေရှင်းမှုလောက်ကိုပဲ အားမထုတ်ချင်ကြတော့တာကိုလဲ တွေ့ရပါတယ်။ ဒီတော့ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ ဆုံးဖြတ်နိုင်စွမ်းဆိုတာ ဘယ်မှာ လာပြီးရှိနိုင်ပါတော့မလဲ။ တစ်ဆက်တည်းမှာပဲ ကိုယ့်ကိုယ်ကို ယုံကြည်ကိုးစားမှုဆိုတာလဲ မရှိတော့သလောက် ဖြစ်လာတာကိုလဲ တွေ့ရများလာပါတယ်။
ပညာပေးနေကြတဲ့ ပညာရေးဆိုင်ရာ ဝန်ထမ်းတွေနဲ့ ကျောင်းပြင်ပသင်တန်းတွေက ဆရာ၊ ဆရာမတွေကြားမှာလဲ ဆရာမွေး၊ တပည့်မွေး ပြဿနာတွေ ကြီးမားလာနေတာတွေ တွေ့ရနေပါတယ်။ အများအားဖြင့်တော့ ဆရာတွေက တပည့်မွေးတာ ပိုပြီး တွေ့လာရပါတယ်။ အရင်တုန်းက ဆရာက တပည့်မွေးတယ်ဆိုတာ ညံ့တဲ့ကျောင်းသား တော်လာအောင်၊ တော်တဲ့ ကျောင်းသား ထူးချွန်လာအောင် မွေးမြူ လေ့ကျင့်ပေးကြတာပါ။ ဒီဘက်ခေတ်မှာ မွေးတဲ့ တပည့်မွေးပုံက အရင်တုန်းကနဲ့ လုံးဝမတူတာ တွေ့ရပါတယ်။ ကိုယ်က ကျူရှင်သင်နေတော့ ကိုယ့်ကျူရှင် ကျောင်းသား ရောက်လာရေးအတွက် ဦးတည်ပြီး ကျောင်းသားကို အလိုလိုက် အကြိုက်ဆောက်ပြီး ဆွဲဆောင်နည်းတို့၊ ခြိမ်းခြောက်တဲ့နည်းတို့ စတဲ့ နည်းလမ်းမျိုးစုံသုံးလာတာလဲ အတွေ့အမြင် ပါပဲ။ အဲ့ဒီတော့ ဆရာနဲ့ တပည့်ကြား ဆက်ဆံရေးဟာ ပညာပေးသူ၊ ပညာယူသူ၊ ပညာဝယ်သူ ဆက်ဆံရေးပုံစံ အသွင်ဆောင်လာပါတယ်။ ဒါကြောင့်လဲ အဲ့ဒီဆရာ၊ ဆရာမအတန်းက လွတ်သွားရင် အဲ့ဒီဆရာ၊ ဆရာမကို အနန္တောအနန္တ ဂိုဏ်းဝင် ကျေးဇူးရှင် အဖြစ် မမြင်တတ်ကြတော့တဲ့ တပည့် မဟုတ်တဲ့ ကျောင်းသားတွေ များလာတာ အဆန်းမဟုတ်တော့ဘူးလို့ ပြောရမှာပါ။ နောက်ပြီး ယနေ့ခေတ် ပညာပေးပုံက အထက်က ပြောခဲ့သလို စာကို ကျက်ပေးတဲ့နည်းပါ။ နောက်ပြီး မေးခွန်းချသင်ပေးတဲ့ နည်းပါ။ ကိုယ့်အတန်း၊ ကိုယ်သင်တဲ့ ဘာသာမှာ စာမေးပွဲ အကျများတယ်ဆိုတာ မရှိဖို့အတွက် မေးခွန်းကို ချသင်ကြတာပါ။ ဒါကြောင့်လဲ ဆဋ္ဌမတန်း ကျောင်းသား တစ်ယောက်က ပြောပါတယ်။ အပြင်ကျူရှင် ဆရာဆီတက်တာက စဉ်းစားတတ်အောင်လို့၊ ကျောင်းက ဆရာမဆီမှာ တက်တာက မေးခွန်းသိအောင်လို့ပါတဲ့။ အဲ့ဒိတော့ ကျောင်းတွေရဲ့ စာမေးပွဲ အောင်ချက်တွေဟာ အလယ်တန်းအဆင့်ထိ အကျမရှိသလောက် ဖြစ်နေပါတယ်။ အရေအတွက်အနေနဲ့ကတော့ ပြောမဖြစ်လောက်အောင်ကို များလွန်းနေပါတယ်။ အရည်အချင်းပိုင်းကို ကြည့်ရင်တော့ ပြောပြစရာ မလိုလောက်တော့ဘူး ထင်ပါတယ်။ ယနေ့ခေတ်ပညာပေးသူတွေ ဘယ်လောက်ထိ စိတ်ရှည်ပါသလဲဆိုရင် သင်္ချာကိုတောင် အလွတ်ရအောင် နှုတ်တိုက် ချပေးပြီး သင်တဲ့ဆရာတွေ ရှိလာသလို သင်္ချာကို အလွတ်ကျက်ဖြေတဲ့ ကျောင်းသားလဲ ဒုနဲ့ဒေးပါပဲ။ အစိုးရ နည်းပညာ ကောလိပ်တက်နေတဲ့ ကျောင်းသားတွေထဲမှာတောင် သင်္ချာကို အလွတ်ကျက် ဖြေတာရှိတယ်လို့ ဆရာမ တစ်ယောက်က ပြောပါတယ်။
တက္ကသိုလ်ကောလိပ်တွေမှာ ကြည့်ရင်လဲ ထိုနည်း လည်းကောင်း ဖြစ်နေတာ တွေ့ရပါတယ်။ သင်တဲ့ဆရာ၊ ဆရာမ အများစုက သင်မယ့် သင်ခန်းစာကို မိတ္တူကူးလာတဲ့ စာရါက်စာတမ်းတွေ ဝေပြီး အဲ့ဒိထဲပါတဲ့ စာကြောင်းတွေကို တစ်ကြောင်းချင်း ဘာသာပြန်ပေးသွားတာကိုပဲ တွေ့ရပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြသွားတယ်ဆိုတာမျိုး သိပ်မတွေ့ရတော့ပါဘူး။ ဟိုတုန်းက ဆရာကြီး၊ ဆရာမကြီးတွေ တချို့လက်ထဲမှာ ဘာစာရွက်စာတမ်းမှ ကိုင်မလာဘဲ သက်ဆိုင်ရာ ဘာသာရပ်ကို လက်တန်းပို့ချသွားတာ တကယ့်ကို လေးစားအားကျကြရပါတယ်။ တဖွဖွ ပြောမဆုံးအောင်လဲ ဖြစ်ကြရပါတယ်။ အဲ့ဒိတုန်းက လက်တန်းပြောဟောပို့ချသွားတဲ့စာကို ကျောင်းသားက လိုက်နားထောင်ပြီး မှတ်သား ကြရပါတယ်။ လိုအပ်တဲ့ ရည်ညွှန်းစာအုပ်ကို ဆရာ၊ ဆရာမတွေ ပြောသွားတဲ့အတိုင်း စာကြည့်တိုက်ကို သွားပြီး ရှာဖွေမှတ်သား ကြရပါတယ်။ ခုခေတ်ကျောင်းသားတွေ Leture လိုက်တယ်ဆိုတာ မသိကြတော့ပါဘူး။ ကျူရှင်တက်ပြီးတော့ပဲ မေးမယ့် မေးခွန်းကို သိအောင် ကြိုးစားကြပါတယ်။ အဲဒီလိုမျိုးချဉ်းကပ်ပုံ ချဉ်းကပ်နည်းတွေနဲ့ စာမေးပွဲတွေအောင် ၊ ဘွဲ့တွေရလာကြတဲ့ ဘွဲရ (ပညာမတတ်)တွေများလာတော့ အရေအတွက်ပဲရမှာပါ။ အရည်အချင်းမပါလာတော့ နိုင်ငံတော်အတွက် ဘယ်ပုံဘယ်နည်း အကျိုးပြုနိုင်၊ အထောက်အကူပြုနိုင်ကြမလဲ ဆိုတာ မတွေးကြည့်ဝံ့လောက်အောင် ပါပဲ။
အိမ်နီးချင်းနိုင်ငံတွေက ပညာပေးဖို့ ပညာရေးနဲ့ပတ်သက်ပြီး ကျောင်းတွေ၊ ကျောင်းသားတွေကို ပံ့ပိုးပေးပုံတွေကို လေ့လာ အတုယူကြဖို့ လိုအပ်ပါတယ်။
ကျွန်တော်တို့နိုင်ငံကြီး ခေတ်မီဖွံ့ဖြိုးတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် အမှန်အကန် တည်ဆောက်နိုင်ဖို့ ပညာနဲ့ ပတ်သက်တဲ့ ခေတ်မီအသိ၊ ခေတ်မီနည်းစနစ်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် အမြဲမွမ်းမံနေတဲ့ ပညာပေးသူတွေ လုံလုံလောက်လောက် ရှိဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံတွေက ပညာပေးဖို့ ပညာရေးနဲ့ပတ်သက်ပြီး ကျောင်းတွေ၊ ကျောင်းသားတွေကို ပံ့ပိုးပေးပုံတွေကို လေ့လာ အတုယူကြဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ လူမျိုးတွေရဲ့ ပညာဗီဇဟာ နိုင်ငံတကာနဲ့ ယှဉ်ပြိုင်နိုင်တာ အများအသိပါ။ လိုအပ်နေတာက ပညာပေးသူ၊ ပညာယူသူတွေရဲ့ မှန်ကန်တဲ့အမြင် မြင့်မားတဲ့ စိတ်ထား ဆိုင်ရာတွေနဲ့ နည်းပညာနဲ့ သင်ထောက်ကူ ပစ္စည်း ပံ့ပိုးပေးမှု စတာတွေပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ နိုင်ငံရဲ့ ပညာပေး၊ ပညာယူကြပုံကို လေ့လာကြည့်ရင် ကျောင်းပြင်ပ သင်ယူမှု (ကျူရှင်) တွေ တွင်ကျယ်နေတာ တွေ့ရမှာ ဖြစ်ပါတယ်။ ကျူရှင် ဘယ်လောက်ထိ အရေးပါလာသလဲ ဆိုရင် ဆေးတက္ကသိုလ် တက်နေကြတဲ့ ကျောင်းသားတွေတောင် မကင်းကြပါဘူး။ ကျူရှင်ကို အဲ့သလောက် အားထားနေရမှတော့ ကိုယ်ပိုင် လေ့လာမှု ဘယ်မှာ လာပြီး ကျယ်ပြန့်လာနိုင်ပါတော့မလဲ။ ဒီနေရာမှာ အခါခွင့်သင့်လို့ စင်ကာပူနိုင်ငံကို သူနာပြု သင်တန်း တက်ရောက်ခွင့်ရခဲ့တဲ့ သင်တန်းသူတစ်ယောက်ကို လေ့ကျင့်သင်ကြားပေးမှု ပုံစံကို မေးကြည့်ဖူးပါတယ်။ သူတို့ဆီက ကျောင်းတွေမှာ ပြဋ္ဌာန်းစာအုပ် ပြည့်စုံခေတ်မီပါတယ်။ ပို့ချချက် မှတ်စုကိုလည်း ကျောင်းသားကို တစ်ခါတည်း ပေးထားပါတယ်။ ကျောင်းသားက ပို့ချချက်ကို အာရုံစိုက်နားထောင် မှတ်သား နေရုံပါပဲ။ ရှင်းလင်းပို့ချချက်ကို မရှင်းလင်း နားမလည်ခဲ့ရင် ချက်ချင်း မေးမြန်းဆွေးနွေးကြ သက်ဆိုင်ရာ ဆရာမက ချက်ချင်း ဖြေရှင်း ဆွေးနွေးကြ လုပ်ကြပါတယ်။ နားကြပ်၊ သာမိုမီတာစတဲ့ ပစ္စည်းတွေကို လဲ ကျောင်းသားစေ့ ထားရှိပေးထားတယ်လို့ သိရပါတယ်။ သင်ကြားရေးနဲ့ ပတ်သက်တဲ့ အချိန်ဇယား၊ ကျောင်းသားတွေ ရေးသား တင်ပြရမယ့် စာတမ်းငယ် စတာတွေကို တစ်နှစ်လုံးစာ ရေးဆွဲဖြန့်ဝေထားပါတယ်။ စာမေးပွဲနဲ့ ပတ်သက်ပြီးတော့လည်း ဖြေဆိုရမယ့် အချိန်၊ ဘာသာရပ်အလိုက် ဖြေဆိုရမယ့် မေးခွန်း အပုဒ်ရေ၊ မေးခွန်းတစ်ခုစီ အတွက် ရရှိမယ့် အချိန် စတာတွေက အစ အသေးစိတ်ရေးဆွဲ သတ်မှတ်ပေးထားတယ်လို့လဲ သိရပါတယ်။ ဘာသာရပ်ဆိုင်ရာကို ရည်ညွှန်းစာအုပ် အလွယ်တကူ ရရှိနိုင်ဖို့ စာကြည့်တိုက်၊ အင်တာနက် စတာတွေကိုလဲ ပြည့်ပြည့်စုံစုံ ထားရှိပေးထားပါတယ်။ ကျောင်းသားက ကိုယ်တိုင်ရှာဖွေ လေ့လာ မှတ်သား ထင်ပြအပ်ပါတယ်။ လိုအပ်တဲ့ လမ်းညွှန်မှုကို သက်ဆိုင်ရာ ဆရာ၊ ဆရာမတွေက ပေးကြပါတယ်။ အစစ ကိုယ်တိုင် အားထုတ်လေ့လာရတာ များတဲ့အတွက် ပညာရပ်အပေါ်မှာ ထဲထဲဝင်ဝင် သိနားလည်တာ ကျွမ်းကျင်မှု ရှိတာ မဆန်းပါဘူး။
နောက်ပြီး စာမေးပွဲ မေးခွန်း မေးပုံနဲ့ စာစစ်ပုံ၊ အအောင်အရှုံး သတ်မှတ်ပုံတွေကလဲ ကျွန်တော်တို့ နိုင်ငံနဲ့ တော်တော်ကြီးကို ကွာဟနေတယ်ဆိုတာ တွေ့ရပါတယ်။ ကျွန်တော်နိုင်ငံရဲ့ စာမေးပွဲအောင်မှတ်က အမှတ် ၄၀ပါ။ ဆိုလိုတာက မေးထားတာရဲ့ ရာခိုင်နှုန်း ၄၀ရအောင် ဖြေနိုင်ရင် အောင်တာပါ။ တခြားနိုင်ငံတွေက အောင်မှတ်သတ်မှတ်ချက်က TOEFL ဆိုရင် ၅၅၀၊ IELTS ဆိုရင် ၅ ဒဿမ ၅ပါ။ ဆိုလိုတာက ပေးထားတဲ့ မေးခွန်းကို ၅၀ ဒဿမ ၅ရာခိုင်နှုန်းရအောင် ဖြေဆိုနိုင်မှ အောင်တာပါ။ ကျွန်တော်တို့ နိုင်ငံမှာ တစ်ခါတစ်ရံ ရာခိုင်နှုန်း ၄၀ကို မရလို့ တစ်ချို့ဘာသာရပ်တွေမှာ ၃၅ ရာခိုင်နှုန်း ရာခိုင်နှုန်း ၃၀ နဲ့တင် အအောင်ပေးရတဲ့ နှစ်တွေ ရှိပါတယ်။ စာစစ်ပုံကလဲ ကျောင်းသားအားလုံးအတွက် တစ်ပြေးညီ မဖြစ်ပါဘူး။
စာစစ်သူတွေက ကိုယ်စစ်ဆေးရတဲ့ ဘာသာရပ်မှာ ကျောင်းသားကို အမှတ် ၃၀၊ ၃၅မှတ်ရောက်အောင် ဆွဲစစ်ပေးတတ်ကြပါတယ်။ နောက်ပြီးတော့ ၃၀ ဒါမှမဟုတ် ၃၅မှတ်ပဲ ရတဲ့ ကျောင်းသားကို အအောင်ပေးတဲ့အခါ အမှတ် ၄၀ ပေးပြီး အအောင်ပေးပါတယ်။ ဒီတော့ အမှတ် ၄၀နဲ့ လွတ်လွတ်ကျွတ်ကျွတ် အောင်ထားတဲ့ ကျောင်းသားနဲ့ ယှဉ်လိုက်ရင် လွတ်လွတ်ကျွတ်ကျွတ် အောင်ထားတဲ့ ကျောင်းသားမှာ အများကြီး နစ်နာပါတယ်။ အမှတ်လာတူနေလို့ပါ။ ၃၀၊ ၃၅ မှတ်အတိုင်း အအောင်ပေးရင်တော့ အကြောင်း မဟုတ်ဘူးပေါ့။
နောက်ပြီး မေးခွန်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့ နားမလည်နိုင်တာ တစ်ခုရှိပါတယ်။ ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးအတွက် စစ်မေးတဲ့ မေးခွန်းတွေ၊ နောက်ပြီး ဌာနဆိုင်ရာ လုပ်ငန်း ခေါ်ယူရာမှာ စစ်မေးတဲ့ မေးခွန်းတွေ ၊ နောက် ဝင်ခွင့် စာမေးပွဲ မေးခွန်းတွေကို စာစစ်ဌာနက ပြန်ပြီး သိမ်းယူထားလိုက်တဲ့ ကိစ္စကိုပါ။ ပြန်သိမ်းထားလိုက်တဲ့ မေးခွန်းတွေကို သက်ဆိုင်ရာ ဌာနတွေရဲ့ စာကြည့်တိုက်တွေမှာ ထားပေးတယ် ဆိုရင်လဲ တော်သေးတယ်လို့ ပြောလို့ရပါတယ်။ စာကြည့်တိုက်တွေမှာလဲ လုံးဝမရှိပါဘူး။ စာမေးပွဲ ဖြေချင်သူတွေက မေးခွန်းဟောင်းတွေ လေ့လာချင်ရင် ဘယ်သွားရှာလို့ ရှာရမှန်း မသိဖြစ်ကြရပါတယ်။ အဲ့ဒိမေးခွန်းဟောင်းတွေ ကျူရှင်ပြစားတဲ့ ဆရာတွေလက်ထဲမှာတော့ ရှိနေပါတယ်။ ဒါကို ကြည့်ရင် ပြန်လည် သိမ်းယူထားတဲ့ မေးခွန်းတွေ ဘယ်က ပြန်ထွက်လာတယ်ဆိုတာ အသိသာကြီး ဖြစ်လို့ နေပါတယ်။
ဒါကြောင့် ပညာရေးကို အဆင့်အတန်းမြင့်စေချင်ရင် မူလတန်းအဆင့်က စလို့ သင်ရိုးတွေ၊ သင်နည်းတွေ၊ သင်ထောက်ကူတွေ၊ သင်ကြားပို့ချကြမယ့် ဆရာ၊ ဆရာမတွေရဲ့ အရည်အချင်းတွေ မြှင့်တင် ပြောင်းလဲ ပေးဖို့ လိုမယ်လို့ မြင်မိပါတယ်။ ကျွန်တော်တို့ဆီက ကျောင်းတွေမှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ အောင်ချက်နိမ့်နေရင် ထုချေလွှာတင်ရပါတယ်။ အခြေခံမကောင်း၊ မခိုင်ခဲ့တဲ့ ကျောင်းသားတွေကို အထက်တန်းကျမှ အောင်ချက်ကောင်းအောင် ဆိုပြီး အတင်းအဓမ္မသင်လို့ မဖြစ်နိုင်ပါဘူး။ မူ၊ လယ်၊ ထက် သုံးချက်စလုံး အခြေခံကောင်းကောင်းနဲ့ ကျေညက်မှု ရှိပါမှ အရည်အချင်း ပြည့်ဝတဲ့ အောင်ချက်ကို ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အရေအတွက်နဲ့ ကိန်းဂဏန်း မြင့်မားနေဖို့ လောက်သာ ဦးတည်နေမယ်ဆိုရင်တော့ အရည်အချင်းကို ရကောင်းမှ ရမှာ ဖြစ်ပါတယ်။ အရည်အချင်း မပြည့်ဝတဲ့ ဘွဲ့အများစုနဲ့ နိုင်ငံပြန်လည် ဦးမော့လာအောင် တည်ဆောက်ဖို့ ဆိုတာ ဘယ်နည်းနဲ့မှ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အရေအတွက်ကကော အရည်အချင်းပါ ပြည့်ဝတဲ့ ပညာတတ်တွေ၊ ပညာရှင်တွေ ပေါများတဲ့ လူသားအရင်းအမြစ်တွေ တစ်နှစ်ထက် တစ်နှစ် တိုးပွားလာအောင် အစဉ်သတိချပ်ပြီး ကြိုးစားကြမယ်ဆိုရင် ပညာနဲ့ ခေတ်မီနိုင်ငံတော်ကြီး တည်ဆောက်နိုင်မှာ မလွဲပါဘူးလို့သာ....။

