အမျိုးသမီးများတွင် ရင်သား ကင်ဆာဖြစ်စ၌ ထိုကင်ဆာဆဲလ်များအား ကြက်ဥပြုတ်သကဲ့သို့ အပူပေးခြင်းဖြင့် ကုသနိုင်ကြောင်းနှင့် အဆိုပါနည်းအား ဆရာဝန်များက ထုတ်ဖော် စမ်းသပ်ခဲ့ကြကြောင်း သိရသည်။
Preferential Rodia Frequency Ablation ခေါ်သော ထိုနည်းတွင် လူနာအား ထုံဆေးပေးပြီး အာထရာဆောင်း အကူအညီဖြင့် အပ်ကဲ့သို့ သေးမျှင်သော လျှပ်ခေါင်းအား ရင်သားအတွင်းရှိ အသားမျှင်အတွင်းသို့ ထည့်သွင်းပြီး အပူချိန် ၉၀ ဒီဂရီစင်တီဂရိတ်ခန့်အထိ ပို့လွှတ်ခဲ့ကြောင်း၊ ဆယ်မိနစ်ခန့်သာ ကြာပြီး နာကျင်မှုမရှိ၊ အမာရွတ်မရှိ၊ သက်သောင့်သက်သာ ပြန်ဖြတ်နိုင်ကြောင်း သို့သော် ကုသခံမည့် အမျိုးသမီး၏ ကင်ဆာ အသားမျှင်သည် နှစ်စင်တီမီတာထက်ငယ် ရမည် ဖြစ်ပြီး အစိုင်အခဲ တစ်ခုတည်းတွင် ဖြစ်သင့်ကြောင်း သိရသည်။ လျှပ်စစ်ဓာတ်အား လွှတ်သောအခါ ဘေးဝန်းကျင်ရှိ အသားများ မထိခိုက်ကြောင်းလည်း သိရသည်။
တစ်လ၊ ခြောက်လ နှင့် ၁၂လတွင် တစ်ကြိမ် အာထရာဆောင်းနှင့် မန်မိုဂရမ်ရိုက်ကြည့်ရမည် ဖြစ်ကြောင်း ကုသခဲ့သော အသားမျှင် သေဆုံးမှုရှိမရှိ စစ်ဆေးရမည် ဖြစ်ကြောင်း သိရသည်။ ထိုကုထုံးနည်းအား ဆွီဒင်နိုင်ငံ ကာရိုလင်ဆကာအင်စတီကျုမှ ဒေါက်တာ ကာရင်လေဖလန်က သုတေသနပြု ဦးဆောင်ခဲ့ကြောင်း သိရသည်။

