စက်သုံးဆီ ဝယ်ယူခွင့် စာအုပ်မှ စမတ်ကတ် ပြောင်းလဲရန် သတ်မှတ်ရက် ကျော်လွန်ယာဉ်များကို ဆီထုတ်ယူခွင့် ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း ဖြန့်ဖြူး ရောင်းချသူများအသင်း အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်က ပြောသည်။
ပုဂ္ဂလိက ဆီဆိုင်များတွင် စက်သုံးဆီ ဝယ်ယူခွင့်ကို နောက်ပိုင်းတွင် စမတ်ကတ် စနစ်ဖြင့်သာ ကျင့်သုံးတော့မည်ဖြစ်ရာ စာအုပ်ရှိပြီး ယာဉ်များ အားလုံးကို စမတ်ကတ် ပြောင်းလဲမှု လျှောက်ထားရန် ပြုလုပ်ခြင်း ဖြစ်ကာ ဆီစာအုပ်ရှိပြီး စမတ်ကတ်မပြောင်းဘဲ ဆက်လက် ဝယ်ယူသူများကို ရပ်ဆိုင်းခြင်းဖြစ်ကြောင်း သိရသည်။
''စာအုပ်တွေက အတုတွေများတယ်ဆိုတော့ ဆက်ပြီး ရောင်းလို့ မဖြစ်တော့ဘူး။ ယာဉ်အားလုံး ပြောင်းလို့ ပြီးတဲ့အချိန်ဆိုရင်တော့ စမတ်ကတ်နဲ့ပဲ ထုတ်လို့ရတော့မှာပါ''ဟုပြောသည်။
ယခုအခါ စာအုပ်ဖြင့် ဝယ်ယူသူများအား အောက်တိုဘာ ၁၅ရက် နောက်ဆုံးထား စမတ်ကတ် လျှောက်ထားစေရန် ဆီဝယ်ယူသည့် စာအုပ်များကို သတိပေးတံဆိပ်တုံးများ ရိုက်နှိပ်ကာ ဆီရောင်းချလျက်ရှိပြီး တံဆိပ် ရိုက်နှိပ်ခံရပြီးသည့် ဆီဝယ်ခွင့်စာအုပ် များသည် သတ်မှတ်ရက်အတွင်း စမတ်ကတ် ပြောင်းလဲရန် လျှောက်ထားခြင်း မရှိသေးပါက ယင်းစာအုပ်အား မည်သည့် စက်သုံးဆီဆိုင်မှ ဆက်လက် ရောင်းချပေးတော့မည် မဟုတ်ကြောင်း မြဝတီ စက်သုံးဆီဆိုင်မှ အရောင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။
''အခု လာဝယ်တဲ့သူတွေ့ရဲ့ စာအုပ်ကို စမတ်ကတ် ပြောင်းဖို့အတွက် တံဆိပ်ထုပေးလိုက်တယ်။ သတ်မှတ်ထားတဲ့ရက်အထိ မပြောင်းရသေးဘူးဆိုရင် အဲဒီစာအုပ်က ဘယ်ဆိုင်မှာမှ ဝယ်လို့ ရောင်းပေးတော့မှာ မဟုတ်ဘူး'' ဟုပြောသည်။
သို့သော် စမတ်ကတ် ပြောင်းရန် လျှောက်ထားပြီးသော စာအုပ်များမှာ စမတ်ကတ် ထုတ်ပေးရန် ကြာချိန်များအတွင်း စာအုပ်ဖြင့် ဆီဝယ်ယူခွင့် ဆက်လက်ရရှိနေမည် ဖြစ်ကြောင်း ဒေါက်တာဝင်းမြင့်က ဆက်လက်ပြောသည်။
''လျှောက်ထားတဲ့သူတွေကိုတော့ အတတ်နိုင်ဆုံး တစ်ပတ်အတွင်း ရအောင် လုပ်ပေးသွားမှာပါ။ ဒါပေမဲ့ လျှောက်ထားတဲ့ စာအုပ်တွေကတော့ မရခင်ကြားထဲမှာ ဆက်ပြီးဝယ်ယူခွင့် ရမှာပါ''ဟု ပြောသည်။
အဆိုပါ ဆီဝယ်ယူခွင့်ကို ယာဉ်အားလုံး စမတ်ကတ် ပြောင်းလဲလိုက်ခြင်းကြောင့် လျှောက်ထားရန် သတိပေး တံဆိပ်တုံး ရိုက်နှိပ်ပေးသည့် ဆိုင်တွင်သာ ဝယ်ယူခွင့် ရရှိမည်ဖြစ်ရာ စက်သုံးဆီဆိုင် အများစုတွင် တံဆိပ်တုံး ရိုက်နှိပ်မည့် ကားများနှင့် ပြည့်လျက်ရှိကြောင်း စမတ်ကတ် ပြောင်းလဲခြင်း မပြုလုပ်ရသေးသူ မင်္ဂလာတောင်ညွန့် နေသူ ကိုလင်းက ပြောသည်။
''၁ဝရက်လောက်တည်းက စပြီး တံဆိပ်တွေ ရိုက်ပေးနေတယ်လို့ ကြားတယ်။ အဲဒီ တံဆိပ်ရိုက်ထားတာရှိတဲ့ စာအုပ်ကိုပဲ ထုတ်ပေးတာဆိုလို့ သွားရိုက်တာ လုပ်မယ့်သူတွေ ပြည့်နေလို့ နောက်ရက်မှ သွားတော့မယ် ဆိုပြီး ပြန်ခဲ့ရတယ်''ဟု ပြောသည်။
အစိုးရပိုင် ဆီဆိုင်များကို ပုဂ္ဂလိက ကဏ္ဍများသို့ လွှဲပြောင်း ပေးပြီးနောက်ပိုင်း စာအုပ်ဖြင့် ဆီထုတ်ယူခွင့်ကို ၂၀၁၁ ခုနှစ် မတ်လတွင် စတင်ခဲ့ပြီး ယင်းနောက် စာအုပ်အတုများ ပြုလုပ်မှု များလာခြင်းကြောင့် ဩဂုတ် ၂၂ ရက်မှ စတင်ကာ စမတ်ကတ်ဖြင့် ဝယ်ယူခွင့်ကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

