ငါးရက်မှာ တစ်ရက်သာ မောင်းခွင့်ရတဲ့ မော်တော်ယာဉ်များ
မနီလာမြို့တွင် traffic jam မဖြစ်စေရေးကို correct coding စနစ်ဖြင့် ထိန်းချုပ်ထားသည်။ correct coding ဆိုသည်မှာ ကိုယ်ပိုင်ကားပင် ဖြစ်သော်ငြားလည်း မောင်းချင်တိုင်း မောင်းမရသော စနစ်တစ်ခုဖြစ်သည်။ သတ်မှတ်ထားသော အက္ခရာနံပါတ်သည် ကြာသပတေးနေ့တွင် နံနက် ၇နာရီမှ ည ၇နာရီထိသာ မောင်းနှင်ရမည်ဟု သတ်မှတ်ထားပါက ထိုကားသည် အပတ်စဉ် ကြာသပတေးနေ့တွင်သာ မောင်းနှင်ရမည် ဖြစ်ပြီး ကျန်နေ့တွင် မောင်းနှင်ခွင့်ရမည် မဟုတ်ပေ။ သို့သော် public day ဟု သတ်မှတ်ထားသော စနေနှင့် တနင်္ဂနွေနေ့တွင် မည်သည့် ကားမဆို မောင်းနှင့်ခွင့်ရှိသော စနစ်ကို မနီလာ ရောက်မှသာလျှင် ကြားသိခဲ့ရသည်။ ငါးမိနစ် တစ်စီးခန့် ပြေးဆွဲနေသော လျှပ်စစ်ကောင်းကင်ရထား၊ သက်သောင့် သက်သာစီးနေကြသော လိုင်းကားများ၊ နှစ်ထပ်သုံးထပ် ဖောက်လုပ်ထားသော ကားလမ်း၊ ရထားလမ်းများကို မြင်ရသည့်အခါတွင်လည်း အမိမြန်မာနိုင်ငံက ကျပ် ၂၀၀တန် အထူးတင် လိုင်းကားများ၏ မြင်ကွင်းကို ပြေးမြင်ခဲ့ရသည်။ ထို့အတူ မသိစိတ်ကလည်း
"မင်းတို့နိုင်ငံလို ငါတို့ရန်ကုန်မှာလဲ အပေါ်လမ်း အောက်လမ်းတွေကို ဖောက်ဖို့ လုပ်နေပါပြီကွာ"
ဟု မာန်မာနဖြင့် ကြုံးဝါးခဲ့ရသော်ငြားလည်း မြင်နေရသည့် မြင်ကွင်းများက မခံချင်စရာအတိ။
ကျွန်တော်တို့ မြန်မာမီဒီယာ ကိုယ်စားလှယ် အဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်နေသည့် မီဒီယာလုပ်ငန်းများကို ဦးစားပေး လေ့လာကြမည်ဖြစ်သဖြင့် အခြားနေရာများထက် မီဒီယာနှင့် ဆက်စပ်လုပ်ကိုင် နေကြသော လုပ်ငန်းများကို အဓိကလေ့လာခွင့် ရခဲ့ကြသည်။ ဖိလစ်ပိုင်နိုင်ငံ၏ channel မီဒီယာ တိုးတက်မှုနှုန်းက ကြောက်ခမန်းလိလိပင် ဖြစ်သည်။ နေ့စဉ်နှင့် အပတ်စဉ်ထုတ် Print media လုပ်ငန်းက ၅၀၀ ကျော်ရှိနေစဉ်တွင် အချိန်နှင့် တစ်ပြေးညီဖြစ်ပေါ်နေသော သတင်းထူးများကို တိုက်ရိုက်ထုတ်လွှင့်နေသည့် Radio Stations ၆၅၀ကျော်နှင့် Television Stations ပေါင်း ၄၅၀ကျော် ရှိနေသည်။
ဘာနဲ့ ကျောင်းပြီးတာလဲတဲ့
ကျွန်တော်သည် မနီလာတွင် ဖီလစ်ပိုင် သတင်းထောက် အချို့နှင့် တွေ့ဆုံခဲ့ရသည့် အခါ သိလိုသော အချက်များကို အပြန်အလှန်မေးမြန်းကြရာ ဖိလစ်ပိုင် သတင်းထောက်တစ်ဦးက ကျွန်တော်တို့မည့်သည့် ဘာသာရပ်ဖြင့် ကျောင်းပြီးသလဲဟု မေးမြန်းသည်။ ကျွန်တော်ကလည်း B.Sc Zoology နှင့် ပြီးသွားတာပါ ဟု ဖြေဆိုလိုက်သည့်အခါ သူက အတော်ပင် အံ့အားသင့်သွားပုံ ရသည်။ သူအံ့အားလျှင်လည်း အံ့အားစရာပင်၊ သူတို့၏ နိုင်ငံတွင် ဂျာနယ်လစ်ဘွဲ့ကို ပြင်ပနိုင်ငံ များသို့ တက်ရောက်စရာ မလိုသည့်အထိ ဂျာနယ်လစ်ဇင် ဘာသာရပ်ကို စနစ်တကျ သင်ကြားပေးနေသော ကျောင်းများက များစွာရှိကြသည့် အတွက် ကျွန်တော်တို့ အခြေအနေကို သူတို့ အံ့သြရခြင်းပင် ဖြစ်သည်။
သူက "ဒါဆိုလုပ်ရကိုင်ရတာမှာ အခက်အခဲရှိမှာပေါ့။ အထူးသဖြင့် မြန်မာဂျာနယ်လစ်ဆိုတော့ ပိုခက်ခဲမှာပေါ့ " ဟု ဆိုလိုသည့်အခါ ကျွန်တော်က လည်း
"မင်းတို့ထက်တော့ ခက်ခဲတာ သေချာပါတယ်။ ဒါပေမဲ့ လုပ်ရင်း၊ ကိုင်ရင်း၊ ရှောင်ရင်း၊ တိမ်းရင်းနဲ့ပဲ ငါတို့မြတ်နိုးတဲ့ ဂျာနယ်လစ်အလုပ်ကို ငါတို့ တတ်ထား၊ မှတ်ထားတဲ့ ပညာလေးနဲ့ ပြည်သူတွေကို အတက်နိုင်ဆုံး အလုပ်အကျွေး ပြုနေပါတယ် " ဟု ပြောလိုက်သည့်အခါတွင် သူက အတော်ပင် သဘောကျ သွားသည်။
ဖိလစ်ပိုင်နိုင်ငံတွင် ဂျာနယ်လစ်ပညာရပ်ကို သင်ကြားပေးနေသော တက္ကသိုလ်ကျောင်းများသာမက အခြားပညာရပ်များ၊ စိုက်ပျိုးရေးဆိုင်ရာ ပညာရပ်များကို စနစ်တကျသင်ကြား ပေးနေသည့်တက္ကသိုလ်၊ ကျောင်းများပေါများပုံလည်း စိုက်ပျိုးရေးနိုင်ငံနှင့်ပင် မတူသည့် အထိ။
ဖိလစ်ပိုင်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမူတွင် ဝန်ဆောင်မှုလုပ်ငန်းများ ကလည်း စိုင်ပျိုးရေးလုပ်ငန်းနှင့် အပြိုင်အဆိုင်ဖြစ်နေကြသည်။ ဒေသကြီး ၁၇ခုတွင် ပြည်နယ်ပေါင်း ၈၀ နှင့် မြို့ကြီး ၁၃၈ မြို့ဖြင့် ဖွဲ့စည်းထားသော ဖိလစ်ပိုင်နိုင်ငံ၏ နှစ်ဆနီးပါး ရှိနေသည်။ လူဦးရေထူထပ်သော နိုင်ငံဖြစ်သည့် အပြင် ယင်းနိုင်ငံသားများ၏ ဝန်ဆောင်မှုလုပ်ငန်းများကိုလည်း နိုင်ငံတကာမှ လာရောက်လုပ်ကိုင်နေကြသည်။ အထူးသဖြင့် ရင်းနှီးမြှုပ်နှံရတွင် အမေရိကန်နှင့် တရုပ်နိုင်ငံ၏ ပြိုင်ဆိုင်မှု ကြီးမားနေခြင်းကလည်း ထိုနိုင်ငံတိုးတက်မှုကို များစွာထောက် အကူပြုနေကြသည်။
များလှပါပေ့ သင်္ဘောသား
ဖိလစ်ပိုင်နိုင်ငံ၏ အကြောင်းကို ပြောရလျှင် ဖိလစ်ပိုင် သင်္ဘောသားများကိုကား ချန်ထား၍ ရမည်မဟုတ်ပေ။ တစ်ချိန်က အိမ်ဖော်အလုပ်ကိုသာ အများဆုံး လုပ်ကိုင်ကြသည်ဟု စာရေးသူထင်ခဲ့ မိသော်လည်း ယနေ့ အချိန်အခါတွင်မူ ထိုသင်္ဘောသားများ၏ အင်အားက ဖိလစ်ပိုင်တွင်သာမက ကမ္ဘာပေါ်တွင် Sailor Industry တစ်ခုအဖြစ် တည်ရှိနေခြင်းဖြစ်သည်။ ကမ္ဘာ့သင်္ဘောလိုင်းများတွင် ရှိသော နိုင်ငံတကာ သင်္ဘောသားများ ဖြစ်နေကြသည်။ သင်္ဘောသားဦးရေ နှစ်သိန်းခွဲကျော် အပါအဝင် ပြည်ပရောက် နိုင်ငံသားများထံမှ နှစ်စဉ်ရရှိနေသော ကန်ဒေါ်လာ ၈ဘီလီယံခန့် ကလည်း Sailor Industry ၏ အရည်အသွေးကို မြင့်သထက် မြင့်မားအောင် အစဉ်တစိုက်ဆောင်ရွက်ပေးနေကြသည်။
သေနတ်ကိုင်ခွင့်ရသော လုံခြုံရေးဝန်ထမ်းများ
ဝန်ဆောင်မှုလုပ်ငန်း ပေါများလှသည့် ဖိလစ်ပိုင်နိုင်ငံ ရှိမြို့တော်များတွင် 7 Eleven ဆိုင်များကလည်း ၂၄ နာရီဝန်ဆောင်မှု အပြည့်၊ Total ကဲ့သို့သော ကမ္ဘာကျော် ရေနံကုမ္ပဏီနှင့် အခြားကမ္ဘာကျော် ရေနံကုမ္ပဏီများ၊ နိုင်ငံတကာမှ လာရောက် ရောင်းချနေသော မော်တော်ကား ကုမ္ပဏီများနှင့်၊ ဘဏ်လုပ်ငန်းများကလည်း မြို့တော်မနီလာတွင် အပြိုင်အဆိုင်ဖွင့်လှစ်ပြီး ဝန်ဆောင်မှုပေးနေကြသည်။ ထိုဝန်ဆောင်မှု ပေးနေကြသော ကုမ္ပဏီများတွင် တာဝန် ထမ်းဆောင်နေကြသည့် ဝန်ထမ်းအချို့တွင် တွေ့မြင့်ခဲ့ရသည့် အရာတစ်ခုက လက်နက်ကိုင်ဆောင်ထားမှုပင် ဖြစ်သည်။ အထူးသဖြင့် ဘဏ်လုပ်ငန်းများနှင့် ကုမ္ပဏီကြီးများတွင် လုံခြုံရေးတာဝန်ကို ယူထားရသော ဝန်ထမ်းများ၏ ခါးတွင်ချိတ်ထားသည့် သေနတ်များ၊ အထူးသဖြင့် ရိုင်ဖယ်ကဲ့သို သေနတ်များကို ကိုင်ထားသည့် လုံခြုံရေးများ၏ ဥပဓိရုပ်က ဖြုံလောက်စရာပင် ဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံသည် မြန်မာနိုင်ငံကဲ့သို့ သယံဇာတပေါကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အလျောက် သဘာဝမှ ထွက်ရှိသော ဓာတ်ငွေ့များကိုလည်း ပီနွိုင်းသားများက အလျှံပယ်သုံးစွဲနေကြသည်။မြန်မာနိုင်ငံတွင် နိုင်ငံခြားငွေများစွာ ရရှိနေသော ကျောက်စိမ်းများ၊ သစ်တောထွက်ပစ္စည်းများကဲ့သို့ ဖိလစ်ပိုင်နိုင်ငံတွင်လည်း ပုလဲနက်ကအဖိုးတန် ရတနာပစ္စည်း တစ်ခု ဖြစ်နေသည်။ နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုကို တစ်ထောင့်တစ်နေရာမှ ပါဝင်ဖြည့်ဆည်းပေးနေသော South Sea Pearl တောင်တရုတ်ပင်လယ် ပုလဲထွက်ရှိရာ ဖိလစ်ပိုင်နိုင်ငံကို စာရေးသူသည် ဤမျှမက လေ့လာချင်ခဲ့သည်။ အထူးသဖြင့် ကျွန်းစုနိုင်ငံ တစ်နိုင်ငံနှင့် မတူသည်အထိ ဖွံ့ဖြိုးတိုးတက်နေသည့် အကြောင်းအရာကို အဓိကထားလေ့လာချင်စိတ်များ ပေါ်ပေါက်လာခဲ့သော်လည်း နှစ်နိုင်ငံ သတင်းမီဒီယာလုပ်ငန်းများ၏ အခြေအနေ နှင့်အတူ ဤမျှလေ့လာခွင့် ရရှိအောင် စီစဉ်ပေးခဲ့သော မြန်မာနိုင်ငံ စာပေစာနယ်ဇင်းအဖွဲ့နှင့် စင်ကာပူ အခြေစိုက် AMIC အာရှ မီဒီယာနှင့် သတင်းပြန်ကြားရေး စင်တာတို့ အပါအဝင် ခရီးစဉ်ကို လိုက်ပါခွင့်ရအောင် ဆောင်ရွက်ပေးခဲ့သော ဆရာဦးကိုကို (ကိုကို- စက်မှု တက္ကသိုလ်) ကို အထူးပင် ကျေးဇူးတင်နေမိပါသည်။

