တရုတ်(တိုင်ပေ) နိုင်ငံ အလယ်ပိုင်း ရှိ တိုင်ချောင်မြို့တွင် ဝင်ရောက် ကြည့်ရှုသူ အများပြည်သူ များအား ထူးခြားသော ခံစားမှုတစ်ရပ် ဖြစ်ပေါ်စေမည့် ကွန်ပျူတာ ထိန်းချုပ် ကိရိယာများ တပ်ဆင်ပေးထားသော အပန်းဖြေစိမ်းရောင်စို ဥယျာဉ်ကြီးတစ်ခု ဖန်တီးတီထွင်ထားကြောင်းသိရသည်။
၆၈ဧကကျယ်ဝန်းသော တရုတ်(တိုင်ပေ) ဒေါ်လာ ၂ဒသမ၇ဘီလီယံ ကုန်ကျသောထိုဥယျာဉ်ကြီးသည် ကွန်ပျူတာများဖြင့် ထိန်းချုပ်၍ အပူချိန်၊ စိုထိုင်းဆနှင့်လေထုညစ်ညမ်းမှု စသည်တို့ကို ထိန်းချုပ်ဖန်တီးနိုင်ကြောင်း သိရသည်။ ကမ္ဘာ့အဆင့်မီ ဂေဟစနစ် ပြည်သူ့ဥယျာဉ်တစ်ခု တည်ဆောက်ရန် ရည်ရွယ်ကြောင်းဖြင့် အစိုးရအဆောင်အအုံဌာနမှ အရာရှိတစ်ဦးက ပြောသည်။ ပြင်သစ်ပုံစံထုတ်လုပ်သူ ကက်သရင်းမော့စ်ဘက်နှင့် ဆွစ်ဇာလန်နှင့် တရုတ်(တိုင်ပေ)တို့မှ ဗိသုကာဖိလစ်ရမ်းနှင့် ရစ်ကီလူးတို့ ပူးတွဲပုံစံထုတ်ခဲ့ကြောင်းသိရသည်။ ၂၂နိုင်ငံမှ တင်သွင်းသည့်ပုံစံ ၅၇ခုထဲမှ ရွေးချယ်ခဲ့ကြောင်းသိရသည်။
ထိုပန်းခြံအား လာမည့်နှစ်နှစ်အတွင်းတည်ဆောက်ပြီးစီးမည်ဟုသိရသည်။ တိုင်ချောင်ဂိတ်ဝေးပတ်ခ်ဟု အမည်ပေးထားသော ထိုပန်းဥယျာဉ်တွင် ဟိုတယ်၊ ဈေးဝယ်တန်း၊ ကွန်ဖရင့် အခန်းနှင့် လူ၅၀၀၀ဆံ့ ကစားကွင်းတစ်ခုလည်းပါဝင်သည်ဟု သိရသည်။ ထိုဥယျာဉ်ကြီးအား ကွန်ပျူတာ ၂၅၀ဖြင့်ထိန်းချုပ်ထားပြီး အပူချိန်အားဒီဂရီစင်တီဂရိတ် ၂၀တွင် ထိန်းထားနိုင်ကြောင်း၊ မသန့်ရှင်းသောလေများအားလည်း ဖယ်ထုတ်ပေးနိုင်စွမ်းရှိကြောင်း သိရသည်။
သဘာဝပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေဖြစ်စေမည့် အစိမ်းရောင်အဆုပ် ထိုဥယျာဉ်ကြီးတွင် လက်ဖက်ရည်၊ ကောက်ဖီသောက်ရင်း အပန်းဖြေမည့်နေရာများတွင် လေထုသည်အေးပြီး အားကစားနှင့် ကာယလေ့ကျင့်ခန်းလုပ်ရန် နှင့်ရုပ်ရှင်ရုံတွင်လေထုအား ခပ်နွေးနွေးဖန်တီးထားကြောင်း သိရသည်။

