တရုတ်နိုင်ငံ၏ ငွေကြေးစနစ်မှာ တန်ဖိုးရှိပစ္စည်းများ ဖောင်းပွမှုနှင့် ပတ်သက်၍ အားနည်းချက်ရှိသော စနစ်ဖြစ်ပြီး ပြုပြင်ပြောင်းလဲရန် လိုအပ်ကြောင်း နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) ကသတိပေး ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ ဘဏ်များမှာလည်း ငွေကြေး လဲလှယ်နှုန်း၊ ကြွေးမြီနှင့် အိမ်ရာ ဈေးကွက်များအတွင်း ပြောင်းလဲခြင်းကဲ့သို့သော ဘက်ပေါင်းစုံ ရှော့ခ်များအား ကြံ့ကြံ့ခံနိုင်လောက်အောင် ကြံ့ခိုင်မှုမရှိဟု ဆိုသည်။ သို့ရာတွင် ပြုခြင်းဖြင့် ထိန်းသိမ်းနိုင်မည်ဟု IMF က ယူဆခဲ့သည်။
IMF ၏ အဆိုပြုမှုကို ပဲ့တင်ထပ်၍ အချို့သော တရုတ်လူမျိုး ပညာရှင်တို့က ဘဏ်လုပ်ငန်းစနစ်၏ အားနည်းချက်များကို ထုတ်ဖော် ပြစ်တင်ခဲ့ကြပြီး ပြုပြင် ပြောင်းလဲမှုပြုရန် တောင်းဆိုခဲ့ကြောင်း သိရသည်။ သို့ရာတွင် ပြုပြင်ပြောင်းလဲရေး အဆိုပြုမှုကို တရုတ်နိုင်ငံ ဗဟိုဘဏ်မှ ကန့်ကွက်မှုအချို့ ထွက်ပေါ်လာခဲ့သည်ဟု ဆိုသည်။
တရုတ်နိုင်ငံ၏ ငွေကြေးကဏ္ဍအပေါ် IMF ကပထမဦးဆုံးအကြိမ် ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်မှု ပြုရာတွင် တရုတ်နိုင်ငံ၏ စီးပွားရေးသဘော ပိုမို တိမ်းညွတ်သော အသွင်ကူးပြောင်းမှုတွင် တိုးတက်အောင် ဆောင်ရွက်ခဲ့မှုအတွက် ချီးကျူး ပြောကြားခဲ့သည်။
သို့ရာတွင် ငွေကြေးကဏ္ဍ၌ ယေဘုယျအားဖြင့် ကြံ့ကြံ့ခံနိုင်မှု ရှိနေစဉ်အတွင်း အစိုးရက ဘဏ်များကို ထိန်းချုပ်မှု ပြုခြင်းက ကြွေးမြီ ခွဲဝေ သတ်မှတ်မှုကို လုံလောက်ခြင်း မရှိစေခဲ့သလို ဖောင်းပွမှုများကို ဖန်တီးစေခဲ့သည်ဟု ဆိုသည်။
တရုတ်နိုင်ငံ၏ ငွေကြေးစနစ်သည် အစိုးရက တိုက်ရိုက် ပါဝင် ပတ်သက်ကာ လုပ်ငန်းလည်ပတ်နေသော ဘဏ်များ လွှမ်းခြုံထားသည့် စနစ်ဖြစ်သည်။ ၂၀၀၈ ခုနှစ် ငွေကြေး အကျပ်အတည်း ကာလကတည်းက စစ်ဆေးမှုမရှိဘဲ ငွေချေးငှားမှု ပြုနေခြင်းက အိမ်ရာဈေးကွက်တွင် ဈေးကစားခြင်းကို ဖြစ်ပေါ်စေခဲ့သည်ဟု ဆိုသည်။
IMF က တရုတ်နိုင်ငံအား မတည်မငြိမ် ဖြစ်လျက်ရှိသည့် ဘေးဥပဒ်များ ထိခိုက်မှုကို အလျင်ကန့်သတ်၍ အရေးယူ ဆောင်ရွက်မှုပြုရန် တောင်းဆိုခဲ့သည်။ တရုတ်နိုင်ငံ ဗဟိုဘဏ်ကမူ တောင်းဆိုမှုမှာ အပြုသဘော ဆောင်သော်လည်း ပြုပြင် ပြောင်းလဲရန် အဆိုပြုမှု အချို့ကိုမူ ထပ်မံ လေ့လာ သုံးသပ်ရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Ref : TST/KH

