ပထမလုပ်ရပ်မှာ ၂ဝဝ၉တွင် ဟွန်ဒူးရပ်စ်၌ အာဏာသိမ်းပွဲ ဖြစ်ပွားခဲ့ရာ ယင်းအာဏာသိမ်းခြင်းကို ကန့်ကွက်ခဲ့သော အမေရိကန် ပြည်ထောင်စုတွင် အိုအေအက်စ်တို့၏ ရပ်တည်ချက်ကို ထောက်ခံကြောင်း UNASUR က ကြေညာခဲ့သည်။ ယင်းအာဏာသိမ်းပွဲသာ မဖြစ်ပွားလျှင် ဟွန်ဒူးရပ်စ်တွင် စိုးရိမ်ဖွယ်ရာ အန္တရာယ်ကြီးများ ပေါ်ပေါက်လာနိုင်သည်ဟု ဘရာဇီးအစိုးရက သဘောထားသည်။ ဒုတိယလုပ်ရပ်မှာ ထိုနှစ်ထဲမှာပင် ၁၉၆၂ကတည်းက အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ထားသော ကျူးဘားနိုင်ငံအား အဖွဲ့ဝင်အဖြစ် ပြန်လည် လက်ခံရန် ကျင်းပသည့် အိုအေအက်စ် အထွေထွေညီလာခံတွင် ကျူးဘားအား ဒီမိုကရေစီကို အပြည့်အ၀ ကျင့်သုံးမှာသာ လက်ခံရန် ဆုံးဖြတ်ချက်ကို ထောက်ခံခြင်းဖြစ်သည်။
လက်တင်အမေရိကတွင် အမေရိကန်ပြည်ထောင်စု၏ ဗိုလ်ကျအနိုင်ကျင့်မှုများ နိဂုံးချုပ်သွားသောအခါ ဒေသအတွင်းမှ အာဏာရှင်များဖြစ်ကြသော ဗင်နီဇွဲလားမှ ချားဗက်ဇ်၊ ကျူဘားမှ ဖီဒယ်ကတ်စ်ထရိုနှင့် ရောလ်ကတ်စ်ထရို၊နီကာရာဂွါမှ ဒယ်နီယယ်အိုတေဂါတု့ိအနေဖြင့် ၎င်းတို့ဩဇာအရှိန်အဝါကိုချဲ့ထွင်ရန် အခြေအနေကောင်းများ ရရှိသွားကြသည်။ ချားဗက်ဇ် ၊ ကတ်စ်ထရို ညီအစ်ကိုနှင့် အိုတေဂါတို့သည် ဘိုလစ်ဗီးယား မဟာမိတ်အမေရိက နိုင်ငံများအဖွဲ့ (Bolivian Alliance for the Americas-ALBA) ကို ဖွဲ့စည်းတည်ထောင်လိုက်ကြသည်။ လက်ဝဲအစိုးရများသာပါဝင်သော ယင်းအယ်လ်ဘာအဖွဲ့ကို ဦးဆောင်သူမှာဗင်နီဇွဲလားဖြစ်သည်။
အယ်လ်ဘာ၏ ရပ်တည်ချက်မှာ လက်တင်အမေရိကသည် နယ်ချဲ့အမေရိကနှင့် နောက်လိုက် လက်ပါးစေများ၊ ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့မှ တပည့်လက်သားများ၏ ချုပ်နှောင်မှုကို ယခုတိုင် ခံစားနေရသည်။ မိမိတို့ အဖွဲ့ဝင် နိုင်ငံများသည် အီရန်၊ ရုရှားနှင့် တရုတ်ပြည်တို့ကို ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံမည်။ ဘက်မလိုက်သော နိုင်ငံရေးမူဝါဒကို ကျင့်သုံးမည်ဟုကြေညာထားသည်။
မကြာသေးမီက ဘိုလစ်ဗီးယားစစ်တပ်က ‘ဆိုရှယ်လစ်တပ်မတော်၊ နယ်ချဲ့ဆန့်ကျင်ရေးတပ်မတော်၊ အရင်းရှင်ဝါဒ ဆန့်ကျင်ရေးတပ်မတော်’ဟု ကြေညာခဲ့သည်။ ဘိုလစ်ဗီးယားသည် အမေရိက ဩဇာအရှိန်အဝါကို လုံးဝဥဿုံ ပျက်ပြယ်အောင် စီစဉ် ဆောင်ရွက်လျက်ရှိသည်။ အထူးသဖြင့် လက်နက်ကိုင် တပ်ဖွဲ့များအတွင်း ကျူးဘားနှင့် ဗင်နီဇွဲလား စစ်ဘက်ဆိုင်ရာ အကြံပေးများသည် အမေရိကန် စစ်အရာရှိများ၏ နေရာတွင် အစားထိုး ဝင်ရောက် လေ့ကျင့်ပေးနေပြီဖြစ်သည်။ ယင်းအခြေအနေသည် လတ်တလောအားဖြင့် အကျိုးသက်ရောက်မှု ထူးထူးခြားခြား မရှိသေးသော်လည်း ရေရှည်တွင် ဒီမိုကရေစီလမ်းကြောင်းကို အဟန့်အတား ပြုလိမ့်မည်ဟု လေ့လာသူများက ခန့်မှန်းနေကြသည်။
ချားဗက်ဇ် ခေါင်းဆောင်သော အယ်လ်ဘာအုပ်စုသည် လောလောဆယ်တွင် အတိုက်အခံ မပေါ်သေးသဖြင့် အလုပ်ဖြစ်နေသည်။ ရွေးကောက်ပွဲရလဒ်၊ မီဒီယာလွတ်လပ်ခွင့်နှင့် အခြား ဒီမိုကရေစီ အခွင့်အရေးများကို အထိုက်အလျောက် ခံစားနေရသည်ကို ကျေနပ်အားရနေသော ဒီမိုကရေစီ ခေါင်းဆောင်များကလည်း ၎င်းတို့ကဲ့သို့ အခွင့်အလမ်းမရသော လက်ဝဲခေါင်းဆောင် နိုင်ငံများနှင့် ထိပ်တိုက် ရင်ဆိုင်ရန် မလိုလားကြပေ။ ဒေသတွင်းမှ လူကြိုက်များသော ဒီမိုကရက်တစ် အစိုးရများ၏ သမ္မတဟောင်းများဖြစ်သည့် ချီလီမှမီရှဲဘက်ရှ်လက်နှင့် ဘရာဇီးမှ လူးလားတို့ပင်လျှင် ဤအကြောင်းအရာကို ထုတ်ဖော် ပြောလေ့မရှိပေ။ အထူးသဖြင့် ကျူးဘားနှင့် ဗင်နီဇွဲလားတို့ကိစ္စဆိုလျှင် သတိထားနေကြပြီး ဆွေးနွေးရန် ဆန္ဒမရှိကြပေ။ ၎င်းတို့နှစ်ဦးအပြင် အခြားသော ခေါင်းဆောင်များမှာလည်း ချားဗက်ဇ်နှင့် ကတ်စ်ထရိုညီနောင်များ၏ လက်ဝဲ အတွေးအခေါ်များကို ယခုတိုင် လက်ခံနေကြသဖြင့် တော်လှန်ရေး သွေးစည်းညီညွတ်မှု ရှိနေဆဲဖြစ်သည်။ သို့သော်လည်း အခြားနိုင်ငံများ၏ အချုပ်အခြာ အာဏာကို ထိပါးစေမည့် ကိစ္စမျိုးကိုမူ ၎င်းတို့က လက်မခံချေ။
ဖီဒယ်ကတ်စ်ထရိုထံမှ အမွေရထားပုံရသည့် ‘အမေရိကနှင့် ကမ္ဘာ့အရင်းရှင်ဝါဒသည် ရာသက်ပန်ရန်သူဖြစ်သည်’ဟူသော ချားဗက်ဇ်၏လှုံ့ဆော်မှုသည် အောင်မြင်မှုမရခဲ့ပေ။ ချားဗက်ဇ်၏အယူအဆကို လက်တင်အမေရိကနိုင်ငံများအထူးသဖြင့် ဒီမိုကရေစီကျင့်သုံးသောလက်ဝဲအစိုးရပင်လျှင် လက်ခံခြင်းမရှိပေ။
၎င်းအစဉ်အလာအတိုင်း ချစ်ခင် ရင်းနှီးရေးသည်လည်း အရေးပါသည်ဟု ထင်မြင်ကြသည်။ ၂ဝ၁ဝ နိုဝင်ဘာအတွင်းက ကော့စတာရီကနှင့် နီကာရာဂွာနိုင်ငံ နယ်ခြားကိစ္စ အချင်းများမှုနှင့် ပတ်သက်၍ အိုအေအက်စ်အဖွဲ့က နှစ်ဖက်စစ်တပ်များနှင့် လုံခြုံရေးတပ်ဖွဲ့များအားလုံး နယ်စပ်မှ အားလုံး ဆုတ်ခွာသွားရန် ဆုံးဖြတ်ခဲ့သည်။ အယ်လ်ဘာအုပ်စုက ကော့စတာရီကန်နှင့် အမေရိကန်ပြည်ထောင်စုကို အရှက်ခွဲရန် အကြံဖြင့် မဲခွဲဆုံးဖြတ်ရာ အိုအေအက်စ်ဆုံးဖြတ်ချက်ကို ၂၁နိုင်ငံက ထောက်ခံမဲ ပေးကြသည်။ လေးနိုင်ငံက ကန့်ကွက်သည်။ (ဗင်နီဇွဲလားနှင့် နီကာရာဂွာအပါအဝင်) ထိုအခြေအနေတွင် သဘောထား ကွဲနေသော လက်တင်အမေရိက၏ အခြေအနေကို အမြတ်ထုတ်ရန် ပြင်ပအင်အားစုများသည် ဝင်ရောက်လာသည်။ အီရန်၊ ရုရှားနှင့် တရုတ်နိုင်ငံတို့သည် လက်တင်အမေရိက ဒေသအတွင်း စီးပွားရေး၊ နိုင်ငံရေး အကူအညီ အထောက်အပံ့များကို သိသိသာသာ တိုးမြှင့်ပေးကြသည်။ အီရန်မှာ နျူကလီးယား အစီအစဉ်ကို အကြောင်းပြု၍ အမေရိကန်အုပ်စုက အကျပ်ကိုင် အဆက်ဖြတ်ထားခြင်း ခံနေရသဖြင့် အမေရိကန်ပြည်ထောင်စုအား ဆန့်ကျင်သော အုပ်စုကို အားပေးခြင်းဖြစ်သည်။ မော်စကိုကလည်း ၎င်း၏ လက်နက်ဈေးကွက် ဖန်တီးရန် ရည်ရွယ်ချက်ရှိသည်။ တရုတ်နိုင်ငံ ပတ်သက်လာသည့် အဓိက အချက်မှာ လိုအပ်နေသော ကုန်ကြမ်းနှင့် သဘာဝသယံဇာတများကို လုံခြုံစိတ်ချစွာ အဆက်မပြတ် ရရှိရေးအတွက် ဖြစ်သည်မှာ အထူး သိသာထင်ရှားပေသည်။ ၂ဝဝ၅ခုနှစ်တွင် တရုတ်သည် လက်တင်အမေရိကမှ ဒေါ်လာ ၂၁ဘီလီယံဖိုး ကုန်ပစ္စည်းများကို ဝယ်ယူတင်သွင်းခဲ့သည်။ ၂ဝဝ၈တွင် တောင်အမေရိကတိုက်မှ ဒေါ်လာ ၇၁ဘီလီယံဖိုးအထိ တင်သွင်းခဲ့သည်။ တရုတ်သည် စစ်ရေးဘက်တွင်လည်း လက်တင်အမေရိကနိုင်ငံများနှင့် ပိုမိုပူးပေါင်း ဆောင်ရွက်သည်။ စစ်ရေး အတွေ့ အကြုံများ အပြန်အလှန် ဖလှယ်ပြီး နောက်ဆုံးပေါ် ခေတ်မီ လက်နက်ဆန်းများကိုလည်း ရောင်းချနိုင်ခဲ့သည်။
အမေရိကန်သမ္မတ ဂျော့ဒဗလျူဘုရှ်သည် ပထမသမ္မတ သက်တမ်းအစတွင် လက်တင် အမေရိကနိုင်ငံများမှ ခေါင်းဆောင်များထံသို့ ၎င်း၏လက်အောက်ခံများသဖွယ် သဘောထားပြီး နိုင်လိုမင်းထက် အမိန့်တစ်ဆောင်ကို ထုတ်ပြန်ခဲ့သည်။ နိုင်လိုမင်းထက် အမိန့်မှာ ‘‘လက်တင်အမေရိက ခေါင်းဆောင်များသည် အမေရိကန်က အီရတ်ကို ဝင်ရောက် ကျူးကျော် တိုက်ခိုက် သိမ်းပိုက်ခြင်းအား သဘောတူ အတည်ပြု လက်ခံကြရမည်။ အမေရိကန် စစ်သားများအား ရာဇဝတ်မှု ကျူးလွန်ပါက နိုင်ငံတကာ တရားရုံးက ပြစ်မှုမှ ကင်းလွတ်ခွင့် ပေးစေရန် ပါဝင် ဆောင်ရွက်ပေးရမည်’’ဟူ၍ ဖြစ်သည်။
အမေရိကန်သမ္မတဘုရှ်၏ နိုင်လိုမင်းထက် အနိုင်ကျင့်ဗိုလ်ကျသည့် အမိန့်ကို အမေရိကန်ပြည်ထောင်စု၏ အစဉ်အလာ မဟာမိတ် လုပ်ဖော်ကိုင်ဖက် ချီလီနှင့် မက္ကဆီကိုအပါအဝင် လက်တင်အမေရိက အစိုးရများစွာက လက်ခံရန် ငြင်းပယ်လိုက်ကြသည်။ ဘုရှ်သည် ဒုတိယသက်တမ်းတွင် ဆက်လက် အရွေးခံရသောအခါ ပျော့ပျောင်းသော နည်းဗျူဟာကိုသုံးပြီး စည်းရုံးသိမ်းသွင်းပြန်သည်။ အထူးသဖြင့် ဩဇာတိက္ကမ ကြီးမားသော လက်ဝဲခေါင်းဆောင် လူးလားနှင့် ပုဂ္ဂိုလ်ရေး ရင်းနှီးမှု ရရှိအောင် ကြိုးပမ်းခဲ့သည်။ သို့ရာတွင် အချိန်နှောင်းသွားလေပြီ။ ချားဗက်ဇ်နှင့် သဘောထား တင်းမာသော အခြားခေါင်းဆောင်များက ဘုရှ်အား ‘လူမိုက်ကြီး’ ဟု ခေါ်ဝေါ် သမုတ်နေကြသဖြင့် အပျော့ဆွဲ နည်းဗျူဟာလည်း အရာမရောက်တော့ပေ။
အိုဘားမား သမ္မတအဖြစ် အာဏာရလာချိန်တွင် ဘုရှ်၏ တစ်ဖက်သတ် အနိုင်ကျင့်သည့် မဟာဗျူဟာမှာ ပို၍ အသုံးမဝင် ဖြစ်လာသည်။ အိုအေအက်စ် ထိပ်သီးညီလာခံ ၂ဝဝ၉ခုနှစ်ဧပြီလတွင် ထရီနီဒတ်၌ ကျင်းပသည့်အခါ အိုဘားမားက ၎င်း၏ လက်တင်အမေရိကန်ပေါ်လစီကို လက်တွေ့ ကျင့်သုံးရန် ကြိုးပမ်းခဲ့သည်။ ဝါရှင်တန်အစိုးရသစ်၏ ပေါ်လစီမှာ အမေရိက နိုင်ငံအချင်းချင်း အပြန်အလှန် လေးစားရေးကို အလေးထားပြီး တန်းတူရည်တူ ပူးပေါင်း ဆောင်ရွက်ရေး၊ ပူးတွဲ တာဝန်ယူရေးကို လက်တွေ့ ကျင့်သုံးရန်ဖြစ်သည်။ အိုဘားမား၏ အပြန်အလှန် လေးစားရေး မဟာဗျူဟာကို ဓိကတိုက်ခိုက်သူများမှာ အမေရိကန်ဆန့်ကျင်ရေး လက်ဝဲခေါင်းဆောင်များဖြစ်သော ချားဗက်ဇ်၊ မိုရာလက်စ်နှင့် အိုတေဂါတို့ဖြစ်သည်။ ၎င်းတို့သည် အမေရိကန်အပေါ် ယခင်အတိုင်း အဆိုးမြင်လျက်ရှိသည်။
အမေရိကန်အစိုးရ၏ မဟာဗျူဟာမှာ လူကြိုက်များအောင်သာ ရည်စူးခြင်းမဟုတ်သည်ကို သတိထားရမည်။ ဆုံးရှုံးသွားသော အမေရိကန် ဩဇာအာဏာ အရှိန်အဝါကို လက်တင်အမေရိကတွင် အခြေခံကျကျ ပြန်လည် တည်ဆောက်ရေးသည် အမေရိကန်အစိုးရ၏ မရှိမဖြစ် လုပ်ငန်းစဉ် ဖြစ်သည်။ လက်တင်အမေရိကတွင် ခေါင်းမာသော လက်ဝဲခေါင်းဆောင်များ ရှိသကဲ့သို့ အမေရိကန်နှင့် ချစ်ကြည်ရေး မပျက်လိုသည့် အစိုးရများလည်း ရှိနေသေးရာ ဗိုလ်ကျခဲ့သည့် အတိတ်သမိုင်းကို ဖော်ညွှန်းရန်မလိုဘဲ ပူးပေါင်း ဆောင်ရွက်ရေးကိုသာ အလေးထားရန် အိုဘားမားအစိုးရက ဆုံးဖြတ်ထားပုံရသည်။ အိုဘားမား၏ ချဉ်းကပ်နည်းမှာ သမ္မတဘုရှ် ဒုတိယသက်တမ်းတွင် ပြောင်းလဲ ကျင့်သုံးရန် ကြိုးစားခဲ့သည့် ချစ်ကြည်ရေး မဟာဗျူဟာ၏ အဆက်ပင် ဖြစ်သည်။ အိုဘားမားက ပူးပေါင်း ဆောင်ရွက်ရေးနှင့် ခေါင်းဆောင်မှုအတွက် တာဝန်ရှိမှု၊ တာဝန်ခံမှုကို အခြေခံလျက် လက်တင်အမေရိကသည် မိမိတို့ပြဿနာကို မိမိတို့ဘာသာ ဖြေရှင်းရန် တိုက်တွန်း နှိုးဆော်ထားသည်။ ထို့ပြင် မက္ကဆီကိုမှ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ အကြမ်းဖက် တိုက်ခိုက်မှုများကို နိုင်နင်းစွာ ဖြေရှင်းရန် သတိပေးထားသည်။ အိုဘားမားအစိုးရသည် လက်တင်အမေရိကကို ၎င်း၏ ဦးစားပေးလုပ်ငန်းထဲတွင် ထည့်မထားပေ။ ဤအချက်သည် လောလောဆယ်တွင် တည်ငြိမ်မှုရနေသော လက်တင်အမေရိက ဒေသအတွက် အသက်ရှုပေါက် ရသွားသည်ဟု ဆိုရပေမည်။
အိုဘားမားအစိုးရသည် အမေရိကနှင့် လက်တင်အမေရိက ဆက်ဆံရေး ပြေလည်အောင် တည်ဆောက်ပြီးနောက် ယင်းမဟာဗျူဟာကို လက်တွေ့အကောင် အထည်ပေါ်လာစေရန် အလုပ်ဖြင့် ပြရမည်ဖြစ်သည်။ အထူးသဖြင့် သည်းခံ၊ စိတ်ရှည် နားလည်မှုနှင့် အမြော်အမြင်ကြီးသော ခေါင်းဆောင်မှု အနေအထားကို ပြရန်ဖြစ်သည်။ လောလောဆယ် ဤအချက်ကို ကမ္ဘာသိအောင် လက်တွေ့ပြနိုင်သည့် အခွင့်အလမ်း တစ်ရပ်ရှိသည်။ မက္ကဆီကိုနိုင်ငံသည် မူးယစ်ဆေးဝါးဂိုဏ်း အချင်းချင်း ပဋိပက္ခနှင့် အကြမ်းဖက်မှုများကို နိုင်နင်းစွာ နှိမ်နင်းခြင်း မရှိသဖြင့် အမေရိကန်၏ အကူအညီကို မရလျှင် မအုပ်ချုပ်နိုင်တော့သည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။ သို့ရာတွင် မက္ကဆီကိုသည် အမေရိကန်ပြည်ထောင်စု၏ လုပ်ရပ်များအပေါ် ယုံကြည်ကိုးစားမှု အပြည့်အဝမရှိသည်မှာ နှစ်ပေါင်းများစွာ ရှိပြီဖြစ်သည်။ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ အမေရိကန်တပ်များ သည် မက္ဆီကိုနိုင်ငံ၏ အချုပ်အခြာ အာဏာကို ချိူးဖောက်သည်ဟူ၍ စွပ်စွဲချက်များ ပေါ်ပေါက်ခဲ့သည်။ ယခုတစ်ကြိမ်တွင် ဝါရှင်တန်သည် မက္ကဆီကို၏ အချုပ်အခြာ အာဏာကို မထိပါးစေရန် အထူးသတိထား၍ သိမ်မွေ့စွာဆောင်ရွက် ရန်ပြင်ဆင်ထားသည်။ အိုဘားမားအစိုးရအနေဖြင့် အရေးမကြီးသော အခြားကိစ္စများတွင် စိတ်ရှည်သည်းခံမှုကိုစောင့်ထိန်းပြီး အချို့ကို လျစ်လျူရှုထားရန် စီစဉ်သည်။ ယခုအခါ ဝါရှင်တန်၏ ပြဿနာကြီးများမှာ ဟေတီ၊ ဟွန်ဒူးရပ်စ်၊မက္ကဆီကိုကိစ္စများ ဖြစ်ရာ ဘရာဇီးကဲ့သို့ အထူးပြဿနာမရှိသည့် နိုင်ငံများနှင့် စည်းရုံးရေးဆက်ဆံမှုများအတွက် အချိန်များစွာရပေသည်။ ဝါရှင်တန်အတွက် အခြေအနေကောင်းများလည်း ပေါ်ပေါက်နေပြီဖြစ်သည်။ ဒေသတွင်းမှ နိုင်ငံရေးအယူအဆအမျိုးမျိုးရှိသော နိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက် မှုအရှိန်မှာ တဖြည်းဖြည်းမြင့်တက်လျက်ရှိသည်။ ချီလီ၊ မက္ကဆီကို၊ ပီရူးနိုင်ငံများနှင့်လည်းကောင်း၊ အနည်းငယ်လက်ဝဲဆန်သည်ဆိုသော ဘရာဇီး၊ အယ်လ်ဆာဗေဒို၊ ဥရုဂွိုင်းတို့နှင့်လည်းကောင်း ဆက်ဆံရေးကောင်းမွန်နေသည်။ အမေရိကနှင့်ဘရာဇီးတို့သည် ရံဖန်ရံခါဆက်ဆံရေးမပြေလည်မှုရှိခဲ့လင့်ကစား စစ်ရေး၊မူးယစ်ဆေးဝါးတန်ပြန်နှိမ်နင်းရေး၊ စစ်အင်အားထောက်ပံ့ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအပါအဝင် ဆက်ဆံရေးနယ်ပယ်အသီးသီးတွင် ယခုအခါ ပိုမိုကောင်းမွန်နေပြီဖြစ်သည်။ ၂ဝဝ၉ခုနှစ် ဇန်နဝါရီတွင်ဖြစ်ပွားခဲ့သည့် ဟေတီ နိုင်ငံ၏ငလျင်ဒဏ်ဘေးဒုက္ခအတွက် အမေရိကန်ပြည်ထောင်စုက ထောက်ပံ့ကူညီသည့် သံတမန်ရေး၊ စစ်ရေး၊ ကယ်ဆယ်ရေးအကူအညီများမှာ ဘရာဇီး အပါအဝင် အခြားလက်တင်အမေရိကနိုင်ငံအားလုံး စုပေါင်းကူညီသည့်ပမာဏ ထက်ပိုမိုများပြားသည်။
ဤအခြေအနေတွင် ဝါရှင်တန်မှ အစိုးရအဖွဲ့ဝင်အချို့က လက်ရှိဆက်ဆံရေးပုံစံအတိုင်းလက်တင်အမေရိကအား လွတ်လပ်ခွင့်ပေးပြီး ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်ခွင့်ပြုထားရန် လိုလားနေကြသည်။ ကွန်ဂရက်လွှတ်တော်တွင်မူ ဩဇာရှိသည့် ရီပတ်ဗလစ်ကန်အမတ်များက လက်တင်အမေရိကအပေါ် ယခင်ကထက် ပိုမိုတင်းကျပ်သည့်အနိုင်ကျင့်ဆက်ဆံရေးစနစ်ကို ပြန်လည်ကျင့်သုံးရန် အကြောင်းပြချက်ရှာနေကြသည်။ ၎င်းတို့သည် အဓိကအားဖြင့် ကျူးဘားနှင့် ဗင်နီဇွဲလားတို့အပေါ် သဘောထားတင်းမာကြသည်။ ကွန်ဆာဗေးတစ်ရီပတ် ဗလစ်ကန်တို့ နားလည်သဘောမပေါက်သည့်အချက်မှာ ဒေသအတွင်းဒီမိုကရေစီ နှင့် လူ့အခွင့်အရေးကိုတိုက်ခိုက်ရာမှ စိုးရိမ်ထိတ်လန့်ဖွယ်ရာတုံ့ပြန်ချက်များ ပေါ်ပေါက်လာလျှင် ချားဗက်ဇ်နှင့်ကတ်စ်ထရိုညီအစ်ကိုတို့က ထိုတုံ့ပြန်ချက်ကိုဦးဆောင်ကိုင်တွယ်ဖြေရှင်းကြလိမ့်မည်ဟူသောအချက်ဖြစ်သည်။ ယင်းလက်ဝဲ ခေါင်းဆောင်များက အမေရိကမဟာမိတ်များအား နယ်ချဲ့လက်ပါးစေများဟု သမုတ်ကြသည်။ လက်တင်အမေရိကနှင့်ဆက်ဆံရာ၌ နူးညံ့သိမ်မွေ့ပြီး နားလည် မှုရှိလျှင် ပိုမိုထိရောက်စွာအကျိုးပြုမည်ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုသည် ဘရာဇီးအားခေါင်းဆောင် နေရာယူထား ရန်လိုလားသည်။ ဝါရှင်တန်သဘောထားမှာ ဘရာဇီးအား အိမ်နီးချင်းအသစ်မှ ရဲအရာရှိသဖွယ် ဆက်ဆံလိုသည်။ တစ်နည်းအားဖြင့် အမေရိကန်၏ အကျိုး စီးပွားကို ကာကွယ် စောင့်ရှောက်သည့် နိုင်ငံအဖြစ် အသုံးချလိုသည်။ အမေရိကန် အရာရှိများက ဘရာဇီးအား လက်တင်အမေရိကတွင် ယခုထက်ပိုမိုဩဇာရှိသော ဒေသခေါင်းဆောင် တာဝန်ကို ရယူထားစေလိုသည်။ သို့ရာတွင် လက်တွေ့ဖြစ်ရပ်များက စိတ်မချရသည့် အနေအထားကို ပြနေသည်။ ဘရာဇီးသည် အမေရိကန် ပြည်ထောင်စု၏ ဩဇာအာဏာဖြင့် ချုပ်ကိုင် ဖွဲ့စည်းထားသော အမေရိကန်နိုင်ငံများအဖွဲ့ (အိုအေအက်စ်)နှင့် စင်ပြိုင် UNASUR ကို ဦးဆောင် တည်ထောင်လိုက်ခြင်း ဖြစ်သည်။
လက်တင်အမေရိကသည် ဗိုလ်ကျ လွှမ်းမိုး အနိုင်ကျင့်ခံရသည့် ကာလကို လွန်မြောက်သွားပြီဖြစ်သဖြင့် ဒေသကြီးတစ်ခုလုံး တည်တည်ငြိမ်ငြိမ်နှင့် အေးအေးချမ်းချမ်း ရှိသွားပြီး၊ လုံခြုံစိတ်ချရပြီဟု အဓိပ္ပာယ် မသက်ရောက်ပေ။ နိုင်ငံအလိုက် စီးပွားရေး တိုးတက်မှုနှုန်းများမှာ အားရ ကျေနပ်ဖွယ်ရာ ရှိသော်လည်း တစ်နိုင်ငံနှင့် တစ်နိုင်ငံ စစ်ခင်းရန် ခြိမ်းခြောက်မှုများ ရှိနေဆဲဖြစ်သည်။ ယမန်နှစ်ကပင် ချားဗက်ဇ်သည် ကိုလံဘီယာ မူးယစ်ဆေးဝါး အကြမ်းဖက်သမားများကို ဗင်နီဇွဲလားအတွင်း ခိုလှုံနေထိုင်ခွင့် ပေးထားသည်ဟု ကိုလံဘီယာအစိုးရက ထုတ်ဖော် စွပ်စွဲခဲ့သည်။ ဟွန်ဒူးရပ်စ်အရေးအခင်းနှင့် ပတ်သက်၍လည်း ဘရာဇီးသည် အမေရိကန်နှင့် သဘောထားကွဲလွဲခဲ့သည်။ နိုင်ငံရေး မတည်မငြိမ် ဖြစ်နေသော ဟွန်ဒူးရပ်စ်တွင် အမေရိကန်က သမ္မတသစ် ရွေးကောက်ပွဲ ကျင်းပပြီး ဖြေရှင်းလိုသည်။ ယင်းအစီ အစဉ်ကို ဘရာဇီးက ဆန့်ကျင်သည်။ ဤအခြေအနေအရ လက်တင်အမေရိကန် နိုင်ငံအများစုသည် အမေရိကန်ပြည်ထောင်စုအား ၎င်းတို့၏ပြည်တွင်းရေးတွင် ဝင်ရောက်ပတ်သက်ခြင်းကို လိုလားပုံမရဟု ထင်မြင်ယူဆရသည်။
လက်တင်အမေရိကအပေါ် နှစ်ပေါင်းများစွာ ဩဇာလွှမ်းမိုးခဲ့သော အမေရိကန်ပြည်ထောင်စုသည် တကယ့်အရှိတရားနှင့် လိုက်လျောညီစွာ လက်ခံဆက်ဆံ ရမည့်အချိန် ကျရောက်နေပြီ ဖြစ်သည်။ အခြေအနေမှန်ကို မျက်ကွယ်ပြုပြီး ယခင်အတိုင်း ဆက်ဆံ နေမည်ဆိုလျှင် အမေရိကန်ပြည်ထောင်စု၏ ဩဇာအရှိန်အဝါ သည် လက်တင်အမေရိကတွင် ယခုထက် ပိုမိုကျဆင်းသွားမည်မှာ မလွဲဧကန်ဖြစ်ပေသည်။
Ref: The Post-American Hemisphere By Russell Crandall

