ဆွီဒင်နိုင်ငံ၏ အကျော်ကြားဆုံး ကဗျာဆရာ သောမတ်ထရန်စထရိုမာအား စာပေဆိုင်ရာ နိုဗယ်ဆု ချီးမြှင့်ခဲ့ကြောင်း သိရသည်။ ကဗျာဆရာကြီး ထရန်စထရိုမာမှာ နှစ်၂ဝကျော်ခန့် လေဖြတ်ဝေဒနာကို ခံစားနေခဲ့ရပြီးနောက် သူ၏ ဟောပြောပို့ချမှုများနှင့် လှုပ်ရှားမှုများကို ကန့်သတ်မှု ပြုခဲ့သော်လည်း စာရေးသားခြင်း စွမ်းအားကိုမူ ကန့်သတ်ထိန်းချုပ်နိုင်ခဲ့ခြင်း မရှိဟုဆိုသည်။ နိုဗယ်ဆု ချီးမြှင့်ရေး ကော်မတီအနေဖြင့် နှစ်ပေါင်း ၃ဝကျော်အတွင်း ဆွီဒင်လူမျိုးတစ်ဦးကို နိုဗယ်ဆု ချီးမြှင့်ခဲ့ခြင်းလည်း ဖြစ်သည်။
မစ္စတာထရန်စထရိုမာအား နိုဗယ်ဆု ချီးမြှင့်ခဲ့ရခြင်းနှင့် ပတ်သက်၍ သူသည် လေဖြတ်ဝေဒနာ ခံစားနေရခဲ့ရသည့်ကြားမှ သူ၏ ကဗျာများမှတစ်ဆင့် ထိုးထွင်း သိမြင်နိုင်သော ပုံရိပ်များဖြင့် အစစ်အမှန်တရားကို နားလည် သဘောပေါက် စေခဲ့သည့်အတွက် ဆုချီးမြှင့်ရခြင်းဖြစ်ကြောင်း ဆုရွေးချယ်ရေးအဖွဲ့မှ ပြောကြားခဲ့သည်။ မစ္စတာထရန်စထရိုမာ၏ တစ်မူထူးခြား ဆန်းပြားသော ကဗျာလက်ရာများမှာ လူသားတို့၏ ဆန်းကြယ်သော စိတ်ခံစားမှုများကို ဖော်ကျူးခဲ့ခြင်းဖြစ်ရာ ဆယ်စုနှစ်များအတွင်း ဩဇာအရှိန်အဝါ အကြီးမားဆုံး စကင်ဒီနေးဗီးယန်း ကဗျာစာဆိုအဖြစ် အသိအမှတ်ပြုခြင်း ခံခဲ့ရသူဖြစ်သည်။ များသောအားဖြင့် သူ၏ ကဗျာများမှာ ကိုယ်ပိုင် အတွေ့အကြုံများအပေါ် အခြေတည် ရေးဖွဲ့သကဲ့သို့ သူနှစ်သက်မြတ်နိုးသော တေးဂီတနှင့် သဘာဝတရားတို့ကို ပေါင်းစပ်ကာ အားကောင်းသော စိတ်ကူးများဖြင့် ဖွဲ့နွဲ့သီကုံးခဲ့ခြင်းလည်း ဖြစ်သည်။ သူ၏ နောက်ပိုင်းကဗျာများမှာမူ ဘဝ၊ မရဏတရားနှင့် ရောဂါဘယတို့နှင့် ဆက်နွှယ်နေသော ဘဝပြဿနာများကို စူးစမ်းထားသည့် ကဗျာများ ဖြစ်သည်။ ဆွီဒင်ဝန်ကြီးချုပ် ဖရက်ဒရစ်ရိန်းဖဲကမူ မစ္စတာထရန်စထရိုမာ နိုဗယ်ဆုချီးမြှင့်ခံရခြင်းက ကဗျာစာဆိုကို ဝမ်းမြောက် ဂုဏ်ယူစေမည်ဖြစ်ကြောင်း ၊နိုဗယ်ဆုက ဆွီဒင်စာပေအနုပညာအပေါ် ကမ္ဘာကြီးမှ အလေးထား အာရုံစိုက်လာစေမည် ဟုလည်း မျှော်လင့်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

