အင်ဒိုနီးရှားနိုင်ငံ၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မှုက အုပ်စုတွင်းရှိ အချို့သော ဒေသများမှ ပဋိပက္ခများကို သက်သာ လျော့ပါးစေခဲ့သည့်အတွက် အဖွဲ့ဝင်နိုင်ငံတို့၏ ချီးကျူး ဂုဏ်ပြုခြင်းကို ခံခဲ့ရကြောင်း လေ့လာသုံးသပ်သူတို့က ပြောကြားခဲ့သည်။ အလားတူပင် အာဆီယံနိုင်ငံများနှင့် အာဆီယံမဟုတ်သော လုပ်ဖော်ကိုင်ဖက် နိုင်ငံများကြားတွင် ကုန်သွယ်မှုပြုရန် အင်ဒိုနီးရှားနိုင်ငံက ဦးဆောင်၍ လမ်းဖွင့်ပေးခဲ့သည်ဟု ဆိုသည်။
အာဆီယံအဖွဲ့၏ ဥက္ကဋ္ဌနေရာအား အလှည့်ကျစနစ်အရ လာမည့်နှစ်တွင် အင်ဒိုနီးရှားနိုင်ငံက ကမ္ဘောဒီးယားနိုင်ငံသို့ လွှဲပြောင်း ပေးမည်ဖြစ်သည်။
ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ကြားမှ ပဋိပက္ခနှင့် တောင်တရုတ်ပင်လယ် အငြင်းပွားမှု ဖြစ်စဉ်များက လွန်ခဲ့သည့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ နှစ်ကြိမ်စလုံးတွင် လွှမ်းမိုးခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံက တွေ့ဆုံ ဆွေးနွေးမှုများကို အစပျိုးစေခဲ့ပြီး ပါဝင် ပတ်သက်နေသူတို့အား ပေါက်ကွဲနေခြင်းမှ တည်ငြိမ်အေးဆေးမှု ရှိလာစေရန် စီမံ ဆောင်ရွက်ခဲ့သည်ဟု လေ့လာ အကဲခတ်သူတို့က ပြောကြားခဲ့ကြသည်။
ထို့ပြင် အင်ဒိုနီးရှားနိုင်ငံ၏ ဥက္ကဋ္ဌတာဝန် ဆောင်ရွက်နေစဉ် ကာလအတွင်း မြောက်ကိုရီးယားနှင့် တောင်ကိုရီးယား နှစ်နိုင်ငံကြားတွင် နှစ်နာရီကြာ တွေ့ဆုံဆွေးနွေးပွဲ အထမြောက်လာစေရန် အာဆီယံအဖွဲ့က ပံ့ပိုးကူညီပေးနိုင်ခဲ့သည်။
လွန်ခဲ့သည့် နှစ်နှစ်ခန့်က အနောက်နိုင်ငံတို့က နိုင်ငံရေး၊ စီးပွားရေးအရ အရေးယူ ပိတ်ဆို့ခြင်းခံရကာ အထီးကျန်ဆန်နေသော မြန်မာနိုင်ငံကို အင်ဒိုနီးရှားနိုင်ငံက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသော အာဆီယံအုပ်စုက စီးပွားရေး နှောင်ဖွဲ့မှုပြုကာ အားတက်စေခြင်းဖြင့် နိုင်ငံရေး ပြုပြင် ပြောင်းလဲလာစေမှုအတွက် ပိုမိုကောင်းမွန်သော နည်းလမ်းအဖြစ် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည်။
လွန်ခဲ့သည့်ရက်က ၂၀၁၄ခုနှစ် အာဆီယံဥက္ကဋ္ဌနေရာ တာဝန်ယူရေးအတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်းမှုကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတို့က ထောက်ခံ အားပေးခဲ့ကြပြီး အာဆီယံအဖွဲ့ ဥက္ကဋ္ဌနေရာကို မြန်မာနိုင်ငံအနေဖြင့် တာဝန်ယူ ဆောင်ရွက်ခွင့်ရပါက နိုင်ငံအတွက် သိသာထင်ရှားသော သမိုင်းမှတ်တိုင် တစ်ခုဖြစ်လာမည်ဖြစ်သည်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီနာကာလီဂါဝါက မြန်မာနိုင်ငံအနေဖြင့် အာဆီယံဥက္ကဋ္ဌနေရာကို တာဝန်ယူ ဆောင်ရွက်ပါက အပြောင်းအလဲအတွက် ပိုမို အရှိန်အဟုန်မြင့်စွာ ဆောင်ကြဉ်းလာမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ဘာလီတွင်ကျင်းပမည့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွင် တောင်တရုတ်ပင်လယ် အချင်းများမှုက ထပ်မံ ပေါ်ပေါက်လာမည်ဖြစ်ပြီး ထိုသို့သော အထိမခံသည့် အရေးကိစ္စများတွင် အတွေ့အကြုံ ရှိထားပြီးဖြစ်သော အာဆီယံအဖွဲ့ကြီးအနေဖြင့် တည်ငြိမ် အေးဆေးစေရန် ဆောင်ရွက်မည်ဖြစ်သကဲ့သို့ ကုန်သွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပြဿနာများ အလေးထား ဆောင်ရွက်လာစေရန်ကိုလည်း အထောက်အကူ ပြုစေမည်ဟု သိရသည်။
Ref:STRAITS TIMES/KH

