ရန်ကုန်တိုင်းဒေသကြီးတစ်ခုတည်းတွင် တရားမဝင် အုတ်လုပ်ငန်းရှင် ပေါင်း၅ဝဝကျော်ခန့်ရှိပါသည်။ အုတ်လုပ်ငန်းရှင်တစ်ဦးတွင် လုပ်သားအင်အား ၁ဝဝခန့်များပြားလှသောလုပ်သားများ၏ အလုပ်အကိုင်အခွင့်အရေးကို ဖော်ဆောင်ပေးသောလုပ်ငန်းဖြစ်ပါသည်။ လ/န၃၉ကျမြေများတွင် နားလည်မှုဖြင့် အုတ်ဖုတ်သော်လည်း လ/န ၃၉ကျထားသောမြေများမဟုတ်ဘဲ ဈေးပေါပေါနှင့်ရသောပတ်ဝန်းကျင်မြေအများစုကို ဝယ်ယူ၍လုပ်ကိုင်ကြသူက ပိုများပါသည်။ လ/န၃၉ကျမြေများ သည် တစ်ဧကလျှင် သိန်းရာချီတန်ဖိုးရှိပြီး မိန်းလမ်းမများမှမြေများသည် သိန်းထောင်ချီတန်ဖိုးရှိသောကြောင့်ဖြစ်ပါသည်။ တင်ပြလိုသည်မှာ ဟင်းသီးဟင်းရွက် ဇုန်၊ မွေးမြူရေးဇုန်များရှိသကဲ့သို့ ဆောက်လုပ်ရေးတွင် မရှိမဖြစ် အုတ်လုပ်ငန်း များဇုန်ကို ဖော်ဆောင်ပေးစေချင်ပါသည်။ ဤကဲ့သို့ တစ်နေရာတစ်စု တစ်ဝေးတည်း စုစည်းခြင်းဖြင့် ကျောက်မီးသွေး၊ ဇီးခွဲကြမ်း၊ လွှစာမှုန့်၊ မီးအသုံးပြုပုံများကိုဖြန့်ဝေနိုင်၍ သစ်တောပြုန်းတီးခြင်းကိုလည်း ကာကွယ်နိုင်မည်ဖြစ်ပြီး စည်းမျဉ်းစည်းကမ်းများ နှင့်အညီ နိုင်ငံတော်ကိုလည်း တရားဝင်အခွန်အခများပေးသွင်းနိုင်မည်ဖြစ်ပါသည်။ လုပ်ငန်းရှင်အများစုမှ သက်ဆိုင်ရာမှတားမြစ်ထားသဖြင့် မျှော်လင့်ချက်မဲ့နေပြီး အုတ် ဖုတ်လုပ်သားများဆိုလျှင် ပြောစရာမလိုတော့ပါ။ အုတ်လုပ်ငန်းရှင်အများစုမှာ တရားမဝင် မလုပ်ချင်ဘဲ နေရာတကာစက်မှုဇုန်များဖော်သကဲ့သို့ သင့်တော်သောနေရာတွင် အုတ်လုပ်ငန်းဇုန် တစ်နေရာဖော်ပေးပါရန် ဆန္ဒရှိပါကြောင်း တင်ပြအပ်ပါသည်။
စိုးကြီး(လှော်ကား)အုတ်လုပ်ငန်းရှင်တစ်ဦး

