သွားဖို့အရေး စိတ်မအေးခဲ့
ဘေဂျင်း(တရုတ်ခေါ်ပေကျင်း)ကို မီဒီယာလေ့လာရေးခရီး သွားဖို့ရာ ပထမဆုံးတွေ့ကြုံလိုက်ရခြင်း ဖြစ်သည်။ အဲဒီအချိန်က တရုတ်-မြန်မာ အကျိုးတူတည်ဆောက်မည့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကိုရပ်ဆိုင်းမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတကြီးက ကြေညာပြီးချိန်၊ မဲခေါင်မြစ်အတွင်း တရုတ်သင်္ဘောသားများ အသတ်ခံရမှု ဖြစ်ပွားပြီးချိန်ဖြစ်သည်။ ဒီလိုနှင့် သွားဖို့အကြောင်းဖန်လာပြီးမှ ဗီဇာမဝင်ခင် အချိန်အထိ တစ်ဖက်ကအဆက်အသွယ် မရနှင့် ခရီးစဉ်ပျက်ပြီဟုပင် ယူဆထားခဲ့သည် အထိဖြစ်ခဲ့သည်။ အဲဒီ မသွားခင် ကြားကာလ ရက်များအတွင်း တရုတ်အစိုးရက မြစ်ဆုံကိစ္စခေါင်းဆောင်များနှင့် ခေါ်တွေ့ခဲ့သည့်အပေါ် သတင်းအမျိုးမျိုး ထွက်နေသည်။ဒါပေမဲ့ သတင်းသမားဉာဉ်အရ တရုတ်ပြည်ကို သွားကြည့်လိုက်ချင်သည်၊ ဘေဂျင်းအစိုးရက တာဝန်ရှိသူတွေကို မြစ်ဆုံကိစ္စအပေါ် မည်သို့သဘောထားသည်၊ တရုတ်ပြည်သူတွေရော ဒီကိစ္စကို မည်သို့မြင်သည်ကို သိချင်စိတ်တို့ ပေါ်ပေါက်မိသည်။
နှုတ်ဆက်ခဲ့ပါသည် မြန်မာပြည်
ဒီလိုနှင့် သွားရမည့်ရက် ဆယ်ရက်လောက်အလိုတွင် မြန်မာနိုင်ငံ အခြေစိုက် တရုတ်သံရုံးက ပတ်စ်ပို့တောင်းလာပြီဟု သွားမည့်ခရီးစဉ်တွင်ပါသည့် စာပေစီစစ်ရေးရုံးမှ ဆရာမဒေါ်ဝင်းမင်းခိုင်က ဖုန်းဆက်တောင်းတော့မှ တကယ်သွားရမည်ဟု ယုံကြည်တော့သည်။ ဒီအချိန်အထိ သွားမည့်အဖွဲ့ထဲက ဆရာမတစ်ယောက်ကိုသာ သိသေးသည်။အားလုံး စုစုပေါင်း ခြောက်ယောက်တော့ သိလိုက်သည်။ ဒါနှင့်ပဲ ကမန်းကတန်းဗီဇာဝင်ကြသည်။ ဗီဇာကြေး ဒေါ်လာ ၃၀ ပုံမှန်ကြေးဖြင့် လုပ်သူကလုပ်၊ အမြန်ကြေး ဒေါ်လာ ၅၀ ပေးပြီး လုပ်သူကလုပ်နှင့် အားလုံးတက်သုတ်ရိုက်ပင်...။သို့နှင့်ပင် မြန်မာမီဒီယာကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်ပြည်ကို ချိုင်းနားအဲယားလိုင်းနှင့် ထွက်ခွာခဲ့ပါသည်။ ရန်ကုန်လေဆိပ်က ထွက်ခွာချိန် ၂ နာရီ ၁၅ မိနစ်ဆိုသော်လည်း လေယာဉ်နောက်ကျ၍ ညနေ ၄နာရီခွဲမှ ထွက်ခွာခဲ့ရသည်။ ကူမင်း(တရုတ်အခေါ် ခွေးမင်) ကို နှစ်နာရီကျော်စီးနှင်းခဲ့ပြီး မိမိတို့အဖွဲ့ရောက်ခဲ့သည်။ ရာသီဥတုက တော်တော်အေးနေပြီ။ လေယာဉ်ကနေ လေဆိပ်ထဲကို ကားနဲ့အသွား ကားပေါ်မှာ မိမိဝတ်လာသည့်အနွေးထည်နှင့် ဖြစ်ပါ့မလားစိုးရိမ်သွားသည်။ လေဆိပ်တွင် လူဝင်မှုကြီးကြပ်ရေး ကောင်တာ ဖြတ်ရပြီးနောက် လေယာဉ်ဆင်း ဆင်းချင်း ဆွဲပေးခဲ့သည့် ထရန်စစ်ခရီးသည် လည်ဆွဲနှင့် ခရီးဆက် သွားရမည်ဟု ထင်ထားသော်လည်း တက်တက်စင် လွဲတော့သည်။ ဘုတ်ဒင်း လက်မှတ် ပေးသည်ကို အဖွဲ့ထဲကတစ်ယောက်က ယူလာတော့မှ သိသွားကြပြီး ဘေဂျင်း ခရီးစဉ် အတွက် ဘုတ်ဒင်း လက်မှတ် ရတော့သည်။ ဒီလိုသာမသိခဲ့ရင် ကူမင်းမှာပင် အားလုံး ခရီးဆုံးသွား နိုင်သည်။ လေယာဉ်ပေါ်ရောက်တော့ လေယာဉ်က တော်တော်နှင့် မထွက်နိုင်။ ရာသီဥတုကြောင့် တစ်နာရီလောက် လေယာဉ်ထဲမှာ စောင့်ရသည်။
ဘေဂျင်းသို့ခြေချပြီ
သုံးနာရီလောက် ပျံသန်းလိုက်ရပြီး ဘေဂျင်းလေဆိပ်ရောက်တော့ ည ၁နာရီခန့်။ ဆင်းတော့လဲ ကွင်းအခြေအနေမှုန်ဝါး၍လားမသိ လေယာဉ်က ဘေဂျင်းမြို့ကြီးကို တစ်ပတ်ပြီးတစ်ပတ် လှည့်ပတ်နေသယောင်၊ တော်တော်နှင့် မဆင်းနိုင်။ အဲဒီအချိန်ကျမှ ဘေဂျင်းက လာကြိုမယ့် မြန်မာနိုင်ငံ တရုတ်သံရုံးက ပြောလိုက်တဲ့ ကြိုင်ကြိုင်ဆိုတဲ့ တရုတ်အမျိုးသမီးကို သတိရမိသည်။အချိန်များနောက်ကျလို့ ကြိုမည့်သူမရှိမှာလည်း စိုးရိမ်မိ။ ဒီလိုနှင့် ချမ်းအေးလှသည့် ဘေဂျင်း ဆောင်းရာသီကို ကျွန်တော်တို့ခြေချမိခဲ့ကြသည်။
လေဆိပ်လူဝင်မှုကြီးကြပ်ရေးတွေ ကျော်ပြီး ထွက်လာတော့ မြန်မာမီဒီယာအဖွဲ့ဆိုတဲ့ ဆိုင်းဘုတ်ကိုင်ပြီးကြိုနေတဲ့ တစ်ယောက်ကိုတွေ့တော့မှ သက်ပြင်းချနိုင်တော့သည်။ မြန်မာပြည်ကတည်းက ကြိုသိထားသည့် ကြိုင်ကြိုင်နှင့် ခရီးစဉ်တစ်လျှောက် ကူညီဖို့ တာဝန်ယူထားသည့် တရုတ်သတင်းဌာနမှ ဂျာနယ်လစ်မလေးရှင်းရှင်းတို့နှစ်ယောက် လေဆိပ်တွင် လာကြိုကြသည်။ ကားပေါ်ရောက်တော့ ညအတွက် စားသောက်အိပ်ရန် ခေါက်ဆွဲခြောက်ထုပ်တွေ ပေးလို့ ကျေးဇူးတင်မီသည်။
ဘေဂျင်းမနက်ခင်းက မြူတွေကြားမှာ နိုးထလာသည်။ နံနက်ပိုင်းအပူချိန် ၈ဒီဂရီစင်တီဂရိတ်ကနေ ၁၀ဒီဂရီစင်တီဂရိတ်ခန့်သာ ရှိမည်ထင်သည်။ ချမ်းအေးသည်မှ ခိုက်ခိုက်တုန်။ဒီနေ့မနက်သွားရမည့် နေရာက နိုင်ငံခြားရေး ဝန်ကြီးဌာန ကောင်စစ်ဝန်ဆီ။
လေ့လာရေးခရီးအစ
ဘေဂျင်းမြို့ လမ်းမကြီးများက ဟိုဘက်ဒိဘက် အနည်းဆုံး ၁၂ လမ်းသွား လမ်းမကျယ်ကြီးများ ဖြစ်ကြသည်။ အဲဒီလမ်းမကျယ်ကြီးများ တစ်ဖက်တစ်ချက်တွင် စက်ဘီးနှင့်ကားများသွားလာရန် လမ်းတစ်လမ်းစီထားသည်ကို တွေ့ရသည်မှာ မည့်သို့ပင် ခေတ်မီပြီဆိုလင့်ကစား စက်ဘီးကို ယနေ့အထိစီးနိုင်ရန် သက်ဆိုင်ရာက အားပေးသည်ကိုတွေ့ရသည့်အတွက် အံ့အားသင့်မိသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသည်ပဲ ပြောပြော၊ စက်သုံးဆီချွေတာသည်ပဲပြောပြော သေချာသည်က ယဉ်ကြောကျပ်မှုပြဿနာကို ဖြေရှင်းနိုင်သည်။ စက်ဘီးတော်တော်များများက လျှပ်စစ်မော်တောပါသည့် စက်ဘီးများဖြစ်ကြသည်။ ဘေဂျင်းတွင် ဆိုင်ကယ် အတွေ့ရ အတော်နည်းသည်။ ဆိုင်ကယ်အတွက် အခွန်က ကားတစ်စီးဆောင်ရသည့် အခွန်ထက်များ၍ ဘေဂျင်းတွင် အစီးနည်းကြသည်။ ကားတွေက ဥရောပ၊ အမေရိကန် ဖက်စပ်ကမ္ဘာကျော်ကား အမျိုးအစားတွေချည်း။
"ဒီမှာက ကားကုမ္ပဏီကြီးတွေရဲ့ ကားစက်ရုံတွေ တော်တော်များများရှိတယ်။ကျွန်မစီးတဲ့ အော်ဒီကားဆို ယွမ်လေးသိမ်းနဲ့ဝယ်ထားတာ။ ကားကို အရစ်ကျပေးပြီး စီးလို့ရတယ်" ဟု ကြိုင်ကြိုင်က ပြောသည်။ အရင် သူတို့ မြန်မာ နယ်စပ်ကနေ ဂျပန်ကားတွေ ဝယ်စီးခဲ့တာကို သတိရလိုက်မိသည်။
ဘေဂျင်းမြို့ နိုင်ငံခြားရေးဝန်ကြီးဌာနရုံး အဆောက်အအုံကြီးက ခမ်းနားလှသသည်။ ကိုယ်တစ်ပိုင်းဖြတ် မှန်လုံခုံမှာရပ်နေသည့် တရုတ်လုံခြုံရေးစစ်သားရဲ့ ပုံက တကယ့်ကို မလှုပ်မယှက်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသံမှူး မစ္စတာယူဘိုရန်ပုံက မြန်မာမင်းသားကြီးထွန်းထွန်းနိုင်နှင့်တူသည်။ စကားပြေလျှင် တပြုံးပြုံးပြောဆိုပြီး ဧည့်ဝတ်ကျေလှသည်။ ကျွန်တော်တို့ အဖွဲ့ကလည်း မြန်မာပြည်က လာကတည်းက မေးစရာ တစ်ပုံတစ်ပင်ပါလာပုံရသည်။ မြစ်ဆုံကိစ္စ နောက်ဆုံးအခြေအနေ၊ မြန်မာလက်ရှိ အစိုးရသစ်ပေါ် သဘောထား၊ အမေရိကန်-မြန်မာ ဆက်ဆံရေးအပေါ် တရုတ်အစိုးရ၏ သဘောထား အမြင်စုံလို့ပင်။ သူကလည်း မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေ၊ စိတ်ဝင်တစား ပြောဆိုဆွေးနွေးဖြစ်ခဲ့သည်မှာ မိမိကိုယ်ကို မြန်မာပြည် ကိုယ်စားလှယ်တစ်ဦး အဖြစ်ပင် ဘဝင်လေဟပ်ဖြစ်ရသည်။ "မြစ်ဆုံကိစ္စက နှစ်ဖက်ဆွေးနွေးနေတုန်းပဲ ရှိပါတယ်။ ဖြစ်တာက အချိန်ကာလ သိပ်မကြာသေးတော့ မြန်မာသက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့ရှိသေးတယ်။ နှစ်နိုင်ငံကြားမှာ မြစ်ဆုံစီမံကိန်း အပြင် ရေနံသဘာဝဓာတ်ငွေ့ စီမံကိန်း၊ ကျောက်ဖြူရထားလမ်း၊ ကားလမ်း စတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အများကြီးရှိသေးတယ်။ အခုမြစ်ဆုံက ပူးပေါင်းဆောင်ရွက်မှုတွေထဲက တစ်ခုပါ။ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုရှိတယ်။ နှစ်နိုင်ငံ ဆက်ဆံရေးကို ဘယ်သူကမှ ဖျက်ဆီးလို့မရဘူး" ဟု သူက ဆိုသည်။
အမေရိကန်နှင့် အနောက်ကမ္ဘာနိုင်ငံများ ခေတ်ပြောင်း စနစ်ပြောင်းအစိုးရ အပြောင်းအလဲတွင် တရုတ်ပြည်၏ မြန်မာနိုင်ငံအပေါ် ဆက်ဆံရေးအပြောင်းအလဲ မည်သို့ရှိမည်ကိုလည်း "နိုဝင်ဘာလထဲမှာ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲလုပ်တယ်။ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းကို ထောက်ခံခဲတယ်။ မြန်မာပြည်က လွတ်လပ်ပြီး ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးနေတယ်။ နောက်နိုင်ငံအသီးသီးနဲ့ ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်ရန်လဲ တိုက်တွန်းပါတယ်။ အဲဒီမူဝါဒက နိုင်ငံတစ်နိုင်ငံအတွက် နားလည်းပေးနိုင်ပါတယ်။ ဒါက ပုံမှန်မူဝါဒပဲ ဖြစ်ပါတယ်။ မြန်မာပြည် အာဆီယံ ဥက္ကဋ္ဌ ဖြစ်ဖို့ဆိုတာလဲ အာဆီယံပဋိဉာဉ်အတိုင်ပဲ ဖြစ်တဲ့အတွက် ထောက်ခံပါတယ်" ဟု သံမှူးကြီးက ဆက်လက်ဆိုသည်။ ကျွန်တော်တို့တစ်တွေ စကားကောင်းနေကြစဉ် နောက်တစ်နေရာကို အချိန်မမီမှာ စိုးရိမ်ပြီး ရှင်းရှင်းကတော့ အလျင်လိုနေသည်။
စီအင်န်အက်စ်သို့သွားခဲ့ရာ
ထို့နောက် တရုတ်သတင်းဌာန (စီအင်န်အက်စ်)။ အဆောက်အအုံကြီးက အနည်းဆုံး ၁၀ ထပ်လောက်ရှိမည်ထင်သည်။ စီအင်န်အက်စ် သတင်းဌာနသည် တရုတ်နိုင်ငံပိုင် သတင်းဌာန တစ်ခုထဲက အကြီးဆုံးသတင်းဌာန ဖြစ်သည်။ ဝန်ထမ်း ၂၀၀၀ ကျော်ရှိပြီး နိုင်ငံပေါင်း ၃၀ တွင် အခြေစိုက်ရုံးဖွင့်ထားသည်။ နေ့စဉ် ပြည်တွင်းပြည်ပသတင်းပေါင်း အပုဒ် ၅၀၀၀ လောက်ဖော်ပြလေ့ရှိသည်ဟုလဲ သိရသည်။ နောက် မြန်မာနိုင်ငံတွင်လဲ ရုံးဖွင့်ရန် ကြိုးစားဖူးသည်တဲ့။ လက်ရှိ မြန်မာနိုင်ငံတွင် တရုတ်သတင်းဌာန ဆင်ဟွာတစ်ခုတည်းသာ အခြေစိုက် ရုံးဖွင့်ခွင့်ပြုထားသည်။ မြန်မာပြည်တွင် စီအင်န်အက်စ်အနေဖြင့် ရုံးဖွင့်ရန် ထပ်မံကြိုးစားမည်ဖြစ်ပြီး မြန်မာမီဒီယာများနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြင့်တင်လိုသည်ဟု တာဝန်ရှိသူက ပြောသည်။ မဝေးတော့သည့် ကာလ အတွင်း တရုတ်သတင်းဌာနကြီးတစ်ခု မြန်မာနိုင်ငံတွင် ပေါ်လာစရာပင်။ တရုတ်ပြည်တွင် ချိုင်းနားဒိုင်ဂျက်စ် အမည်ဖြင့် သတင်းဂျာနယ်ကိုလဲ ဘာသာခြောက်မျိုးဖြင့် အဆိုပါသတင်းဌာနက အပတ်စဉ်ထုတ်ဝေနေသည်လည်း ဖြစ်သည်။ ဒီအပတ်စဉ် ဂျာနယ်ကို အယ်ဒီတာ၊ သတင်းထောက် စုစုပေါင်း၁၆၀က လုပ်ကိုင်နေသည်။ သတင်းစီမံခန့်ခွဲမှုကို စေ့ငကြည့်တော့ ဂျာနယ်တစ်ပတ်စာ အတွက် အစည်းအဝေးသုံးကြိမ်လုပ်သည်။ ဂျာနယ်ထွက်ရက်က အင်္ဂါနေ့ဟု သိရသည်။ နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးကို ရောက်တော့ မွန်းလွဲ၂နာရီလောက်။ သတင်းပြန်ကြားရေးရုံးက ဒုတိယညွှန်ကြားရေးမှူးချုပ် ဒင်ဇီယိုမင်း နှင့်တွေ့ဆုံခဲ့သည်။ ဆွေးနွေးဖြစ်တဲ့အထဲတွင် သူတို့ မီဒီယာနှင့်ပတ်သတ်၍ တည်ဆဲအခြေခံဥပဒေအရ ဆောက်ရွက်လျက်ရှိကြောင်း၊ တရုတ်ပြည်အကြောင်း ကမ္ဘာက သိရှိစေရန်၊ နိုင်ငံတော်ထုတ်ပြန်ချက်၊ ကြေညာချက်စက္ကူဖြူ စာတမ်းတွေထုတ်ပြန်ရန်၊ အင်တာနက်ဝက်ဘ်ဆိုက်တွေကို စီမံခန့်ခွဲရန် တာဝန်ယူဆောင်ရွက်နေကြောင်း သိခွင့်ရခဲ့သည်။ စာပေထုတ်ဝေရေးကို နိုင်ငံတော်ကောင်စီ စာပေထုတ်ဝေရေး မဟာမင်းကြီးရုံးက ကိုင်တွယ်ကြောင်း၊ ရုပ်မြင်ရုပ်ရှင်သည် အခြားအဖွဲ့အစည်းတစ်ရပ်က ကိုင်တွယ်ကြောင်း၊ တရုတ်သတင်း စာပေါင်း ၂၀၀ကျော်ကို ကိုင်တွယ်လျက်ရှိကြောင်း၊ ဂျာနယ်စာစောင်ပေါင်းဆိုလျှင် ၈၀၀၀ကျော်မည် ဖြစ်ကြောင်း ယင်းကဆိုသည်။ (ဆက်လက်ဖော်ပြပါမည်)

