ပဲခူးတိုင်း ဒေသကြီး၊ ပြည်မြို့နယ်၊ သရေခေတ္တရာ မြို့ဟောင်းတွင် စက်တင်ဘာလ အတွင်းက တူးဖော် ရှာဖွေ တွေ့ရှိခဲ့သည့် ပျူလူမျိုးတို့၏ သင်္ဂြိုဟ်မြှုပ်နှံ သင်္ချိုင်း အဆောက်အအုံ (Burial Site) ကို (site museum) အဖြစ် ပြသသွားရန် စီစဉ်နေကြောင်း ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဋ္ဌာနမှ သိရသည်။
ယင်းတူဖော် တွေ့ရှိသည့် ကုန်းအမှတ် HMA (၅၃) အဆောက်အအုံသည် သရေခေတ္တရာဒေသတွင် တတိယမြောက် တွေ့ရှိရသည့် သင်္ချိုင်း အဆောက်အအုံ ဖြစ်ပြီး လာရောက် ကြည့်ရှုသူများအနေဖြင့် ပျူလူမျိုးတို့၏ သင်္ဂြိုဟ်မှုဆိုင်ရာ ဓလေ့ ထုံးစံကို လက်တွေ့ လေ့လာ ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။
“ဒီတူးဖော်ပြီး ကုန်းကို ငုံမိအောင် အမိုး အကာတွေနဲ့ အဆောက်အအုံ ဆောက်လုပ်ပြီး ထိန်းသိမ်း ကာကွယ်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သုတေသီတွေနဲ့ ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေ လေ့လာ ကြည့်ရှုနိုင်ဖို့အတွက် (Site Museum) အဖြစ် ပြသသွားမှာ ဖြစ်ပါတယ်” ဟု အဆိုပါဋ္ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ တူးဖော် သုတေသန ပြုလုပ်ရာမှ ပေါ်ထွက်လာသော အဆောက်အအုံမှာ အလျား ၂၂ မီတာ၊ အနံ ၁၂ မီတာနှင့် အမြင့် ၁ ဒဿမ ၅ မီတာရှိကာ အဆောက်အအုံကို အုတ်ဖြင့် တည်ဆောက်ထားပြီး ယင်းအဆောက်အအုံတွင် ပုံသဏ္ဍာန် မျိုးစုံ၊ အရွယ်အစား မျိုးစုံ အရိုးအိုးများကို အလွှာလိုက် စုပေါင်း မြှုပ်နှံထားကြောင်း၊ အရိုးအိုး ၁၈၈ လုံးကို တစုတဝေတည်း တွေ့ရှိရသဖြင့် သရေခေတ္တရာ ပျူလူမျိုးတို့၏ သင်္ဂြိုဟ် မြုပ်နှံမှု ထုံးဓလေ့ဆိုင်ရာ အဆောက်အအုံအဖြစ် လေ့လာနိုင်သော ထူးခြားသည့် တွေ့ရှိချက် ဖြစ်ကြောင်း သိရသည်။
“ပျူလူမျိုးတွေ နေထိုင်သွားတဲ့ တခြားဒေသတွေမှာလဲ ရှာဖွေ တူးဖော်ကြည့်ရင် ဒီလိုမျိုး ထုံးဓလေ့ဆိုင်ရာ ရှေးဟောင်း အဆောက်အအုံတွေ အများကြီး တွေ့ရှိနိုင်ပါတယ်။ ဧရာ၀တီတိုင်း ဒေသကြီး၊ အင်္ဂပူမြို့နယ် ကျပ်ပြင် တောရသာသန နယ်မြေမှာလဲ ပျူလူမျိုးတို့ရဲ့ သင်္ချိုင်းလို့ ယူဆတဲ့ ကုန်းတစ်ခု တွေ့ရှိထားပါတယ်။ ဒါကိုတော့ သက်ဆိုင်ရာဌာနက အတည်ပြုချက် မရရှိသေးဘူး”ဟု သမိုင်း သုတေသနပညာရှင် ဆရာဘုန်းတင့်ကျော်က ပြောသည်။
အဆိုပါ ကုန်းအမှတ် HMA 53 အဆောက်အအုံတွင် ဗုဒ္ဓသင်းကျစ် ဆံတော်ခွေပုံ မြေမီးဖုတ်လက်ရာများ၊ အုတ်ခွက် ဆင်းတုတော်များကိုပါ တူးဖော် တွေ့ရှိရသည့်အပြင် အရိုးဒီဇိုင်း ကိုးမျိုး တွေ့ရှိရပြီး ကြာပန်းပုံ၊ စက်ဝိုင်းပုံ၊ လှည်းဘီးပုံနှင့် ဟင်္သာပုံ ဒီဇိုင်းလက်ရာများ ပါဝင်သည်ကို တွေ့ရှိရကြောင်း၊ ယင်းအပြင် သံတူးရွင်း၊ သံဓား၊ သံမြှား၊ သံမှိုပွင့်၊ ရိုက်သံမျိုးစုံနှင့် သံချောင်း စုစုပေါင်း ၈၆၈ခု၊ အချင်း၀ ဒသမ ၇စင်တီမီတာရှိသည့် ကြေးခြူလုံးငယ်များနှင့် တွဲဖက် တန်ဆာဆင်ထားသော ကြေးကွင်းငယ် နှစ်ခုနှင့် ခြူလုံးများမပါ ကြေးကွင်းငယ်၊ အကောင်းအကျိုး စုစုပေါင်း ၁၇ခုတို့ကိုလည်း တွေ့ရှိခဲ့ရကြောင်းသိရသည်။
“ဒီလိုမျိုး ရှေးဟောင်း ယဉ်ကျေးမှုဆိုင်ရာ အဆောက်အအုံတွေ၊ ပြတိုက်တွေဆိုတာက ပြည်တွင်း၊ ပြည်ပ သမိုင်းလေ့လာသူတွေ၊ စိတ်ဝင်စားသူတွေအတွက် အရမ်းကောင်းတဲ့ တိုးရ်ဆိုဒ် တစ်ခုပါဘဲ။ အဲဒီနေရာမှာ ခရီးသွားတွေအတွက် လိုအပ်တဲ့ စားသောက်ဆိုင်တွေ၊ နားခိုရာနေရာတွေကိုပါ အပြည့်အစုံ ထားပေးနိုင်မယ်ဆိုရင် အကောင်းဆုံးပဲပေါ့” ဟု မြန်မာနိင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးတင်ထွန်းအောင်က ပြောသည်။
ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနသည် သရေခေတ္တရာမြို့ဟောင်းမှ ကြွင်းကျန် တည်ရှိနေသော ရှေးဟောင်း အဆောက်အအုံများကို အခြား ပျူယဉ်ကျေးမှု ထွန်းကားခဲ့သော ဗိဿနိုး၊ ဟန်လင်း၊ မိုင်းမော မြို့ဟောင်းများမှ ယဉ်ကျေးမှု လက္ခဏာများနှင့် ဆက်စပ် နှိုင်းယဉ်၍ သုတေသနပြုရန် ရည်ရွယ်ပြီး သရေခေတ္တရာမြို့ဟောင်းရှိ ဘောဘောကြီးဘုရား၏ အနောက်ဘက် ၆၆၉ မီတာ၊ ရဟန္တဂူဘုရား၏ အရှေ့တောင်ဘက် ၄၇၀ မီတာ၊ ဘောဘောကြီးဘုရားနှင့် မြင်ဗာဟုဘုရား ဆက်သွယ်သော ကားလမ်း၏ အနီး G.P.S Location အရ N 18 ဒီဂရီ 47 မိနစ်၊ E95 ဒီဂရီ 16 မိနစ် 53 စက္ကန့်တွင် ကုန်းအမှတ် HMA (၅၃)ကို တူးဖော် သူတေသန ပြုလုပ်ရာမှ အဆိုပါဒေသ၏ တတိယမြောက် ပျူသင်္ချိုင်း အဆောက်အအုံကို ရှာဖွေ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သရေခေတ္တရာတွင် ၁၉၆၇-၆၈ခုနှစ်ခန့်က တူးဖော်ခဲ့သော ကုန်းအမှတ် HMA (၁၀) နှင့် (၁၁)တို့သည်လည်း (Burial Site) များဖြစ်ကြပြီး ယင်း Site များအား ထိုစဉ်ကာလက အမိုးအကာပြုလုပ်၍ အဆောက်အအုံတည်ဆောက်ကာ စနစ်တကျထိန်းသိမ်းခြင်းမရှိခဲ့ကြောင်း သိရသည်။

