မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် ကံသာရွာ၊ ရွာဦးတွင် ရတနာပုံခေတ် မြန်မာ ဗိသုကာလက်ရာ၊ ကျွန်းသား ဇရပ်ကြီးတစ်ဆောင်ကို တွေ့မြင်လေ့လာရသည်။
အဆိုပါ သာလာယံဇရပ်ကြီးအား မြန်မာသက္ကရာဇ် ၁၂၃၆ ခုနှစ် ကဆုန်လပြည့်ကျော် ၉ ရက်တွင် ဦးရွှေတောင်၊ ဇနီး မယ်လှီ၊ သား ကိုထွန်း၊ သမီး မကြီမယ်တို့၏ ကောင်းမှုကုသိုလ်ဖြစ်ကြောင်းကို လင်္ကာစီကုံးပြီး အလျား ပေ ၄၀၊ ဗြက် တစ်ပေ၊ ဒု သုံးလက်မ အရွယ်အစားရှိ ကျွန်းပြားတွင် ဆောက်ထွင်းစာလုံးများဖြင့် ကမ္ပည်းရေးထားသည်။
ကံသာရွာရှိ သာလာယံဇရပ်ကြီးအား အလျား ၄၅ ပေ၊ အနံ ၂၅ ပေ အကျယ်အဝန်းရှိပြီး ကျွန်းသားတိုင် ၁၈ လုံးဖြင့် ဆောက်လုပ်ထားသည်။ အမိုးကို ကျွန်းပြားများဖြင့် မိုးထားသည်။
ယနေ့အခါတွင် ဇရပ်ကြီး၏ သက်တမ်းမှာ ၁၃၇ နှစ် ကြာမြင့်ခဲ့ပြီးဖြစ်သည့်အလျောက် အမိုးနှင့် အခင်းကြမ်းပြားများမှာ ဆွေးမြေ့ပေါက်ပြဲ ယိုယွင်းနေသည်ကိုလည်း တွေ့ရသည်။ ယခုလက်ရှိအနေအထားအရ ပြုပြင်ထိန်းသိမ်းမည့်သူ ကင်းဝေးစွာဖြင့် လျစ်လျူရှုထားပါက တန်ဖိုးမဖြတ်နိုင်သော ရှေးဟောင်း အဆောက်အအုံတစ်ခုဖြစ်သည့် သာလာယံ ဇရပ်ကြီး ယိုယွင်းပျက်စီးပြီး စုပုံထားရှိရမည်ကိုလည်း နှမြောတသစွာ တွေ့မြင်လေ့လာခဲ့ရသည်။

