FMI ကုမ္ပဏီ၏ စီမံကိန်းသစ်အဖြစ် Fontana Garden စီမံကိန်းကို မကြာမီ တည်ဆောက်သွားမည် ဖြစ်ကြောင်း အဆိုပါကုမ္ပဏီမှ သိရသည်။ အဆိုပါစီမံကိန်းကို Orchid Garden အိမ်ရာစီမံကိန်း၏ ဘေးချင်းကပ်လျက်တွင် တည်ဆောက်မည်ဖြစ်ပြီး လုံးချင်း ဘန်ဂလို ၁၂ဝ ဖြင့် ဖွဲ့စည်း တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့ရဲ့ အိမ်ရာစီမံကိန်းများမှာ ဖြစ်ပေါ်နေတဲ့ အိမ်ရာ ဝယ်ယူသူတွေက ဝယ်ယူပြီးတာနဲ့ အသင့် တက်ရောက် နေထိုင်နိုင်တဲ့ အိမ်တွေ မရှိသေးတဲ့ ကွက်လပ်ကို ဖြည့်ဆည်းပေးတဲ့ အနေနဲ့ ဒီစီမံကိန်းကို ဆောင်ရွက်ခြင်းဖြစ်ပါတယ်''ဟု FMI ဥက္ကဋ္ဌ ဦးသိမ်းဝေက ပြောသည်။ Fontana Garden ရှိ အိမ်ရာများသည် စတုရန်းပေ ၂၅၀ဝ ရှိသည့် နှစ်ထပ်လုံးချင်း ဘန်ဂလိုများကို တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
''ဒီ Garden က အိမ်တွေမှာ ပုံမှန် ပေ၈၀ * ပေ၈၀၊ ဧရိယာ ၆၄၀၀ စတုရန်းပေရှိတဲ့ မြေကွက်ပေါ်မှာ ဧရိယာ ၂၅၀၀ ရှိတဲ့ နှစ်ထပ် လုံးချင်း ဘန်ဂလိုကို တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ အိမ်တိုင်းရဲ့ အပေါ်ဆုံးထပ်မှာ အိပ်ခန်း သုံးခန်း၊ ရေချိုးခန်း နှစ်ခန်းနဲ့ ဘုရားခန်းတို့ ပါဝင်မှာပါ။
Fontana Garden ရဲ့ ပထမအဆင့် တည်ဆောက်သွားမယ့် အိမ်တွေဟာ အပေါ်ထပ် အိပ်ခန်းတွေမှာ ဝရန်တာပါတာကလွဲရင် Orchid ကအိမ်တွေနဲ့ ပုံစံတူပါတယ်''ဟု ဥက္ကဋ္ဌ ဦးသိမ်းဝေက အဆိုပါ အိမ်ရာစီမံကိန်းနှင့် ပတ်သက်၍ ထပ်မံ ရှင်းပြခဲ့သည်။
အဆိုပါ စီမံကိန်းသည် FMI စီးတီး၏ နောက်ဆုံးအဆင့် တည်ဆောက်မှုဖြစ်ကြောင်း သိရသည်။

