တရုတ်နိုင်ငံ ရှိမြို့ကြီးများတွင် လူနေအဆောက်အအုံများအား ပို၍ မြင့်သည်ထက်မြင့်စေရန် ဆောက်လုပ်နေကြရာ ယနေ့ လူဦးရေ ကျပ်သိပ်မှုနှင့် လေထုညစ်ညမ်းမှုများ ရှိလင့်ကစား တရုတ်နိုင်ငံအနေဖြင့် ကြီးကြီးကျယ်ကျယ် ဆောက်လုပ်ခြင်းသာ သင့်တော်ကြောင်း ကျွမ်းကျင်သူ အများစုက သဘောတူကြသည်။
တိုင်းပြည်ကြီး များသော်လည်း ၇၅ ရာခိုင်နှုန်းသော မြေမှာ ရာသီဥတု ဆိုးရွားမှုကြောင့် နေထိုင်၍ မရကြောင်းဖြင့် သုတေသီ အန်ဆူဝီနှင့် တန်ရှောင်တင်းတို့က တင်ပြထားသည်။ တရုတ်ပြည်၏ မြို့ကြီး ဒါဇင်ဝက်ခန့်သည် ဧရာမမြို့တော်ကြီးအဖြစ် ပြောင်းလဲ တည်ဆောက်ရန် အစီအစဉ်ရှိနေကြပြီး လူဦးရေ ၁၀သန်းအထက် နေထိုင်ကြပြီး မြေကွက် အကျယ်အဝန်း စတုရန်း ကီလိုမီတာ ၅၀၀ ခန့် အနည်းဆုံးရှိမည်ဖြစ်သည်။ တရုတ်ပြည်မြောက်ပိုင်းမှ ရှန့်ယန်း ၊ အနောက်ပိုင်းမှ ရှီယန်နှင့် ချိန်ဒူး ၊ အလယ်ပိုင်းမှ ဝူဟန်နှင့် ချန်ရှားမြို့တို့ သည် ထိုစီမံကိန်းမျိုး ချမှတ်မည့်မြို့များ ဖြစ်ကြောင်း သိရသည်။
၄င်းတို့ စီမံကိန်းအောင်မြင်ပါက ရှိပြီးသား ရှန်ဟိုင်း ၊ ပေကျင်း ၊ တီယန်ဆင် ၊ ချုံကင်း ၊ ဂွမ်းဇူး နှင့် ရှန့်ကျန်းတို့နှင့်အပြိုင်အဆိုင် ဖြစ်လာပေမည်။ ၂၀၃၀ ပြည့်နှစ်အရောက်တွင် လူဦးရေ သန်း၁၀၀၀ ခန့်မှာ မြို့ပြအိမ်ရာများတွင်နေထိုင်ကြမည်ဟု ကျွန်းကျင်သူများက ခန့်မှန်းကြသည်။ တရုတ်အစိုးရ၏ စီးပွားရေးကို လာမည့်ငါးနှစ်အတွင်း ပြန်လည်တည်ဆောက်မည့်အစီအစဉ်နှင့် မြို့ပြအိမ်ရာများသည် အံကိုက်ဖြစ်ဖို့ လိုသည်ဟု ရှန်ဟိုင်းအခြေစိုက် မက်ကင်ဆီကုမ္ပဏီမှ ဂျွန်နသမ်ကပြောသည်။
သို့သော် မြို့တော်ကြီးများ တည်ဆောက်ရာတွင် စီမံကိန်းလိုအပ်ကြောင်း ၊ ပြည်နယ် အာဏာပိုင်တို့သည် ရာထူး တိုးတက်ရေးကို မျှော်ကိုးပြီး စီမံကိန်းမရှိပဲ မြန်မြန်ထက်ထက် အပြီးဆောင်ရွက်ကြပြီး နောက်သို့ လှည်မကြည့်တော့ကြောင်း လူမှုသိပ္ပံ အကယ်ဒမီမှ ဘောဂဗေဒ ပညာရှင် ခိုင်ယွမ်က ပြောသည်။ တရုတ်ပြည် အနေဖြင့် မြို့ပြများကို ပြန်လည် တီထွင်ရန်သာမက မြို့ပြအတွေးအခေါ်ကို ပြန်လည် ပြင်ဆင်ရန် သမိုင်းပေး အချိန်ရောက်နေပြီ ဖြစ်ကြောင်းကို ဒေါက်တာ ဂျွန်နသန်ကပြောဆိုခဲ့သည်။

