အိုဟောင်းကားပိုင်ရှင်များ ကားတင်သွင်းရန် ခက်ခဲနေသည့် ညည်းညူသံများ ခုတစ်လော ကြားနေရသည်။ မြန်မာနိုင်ငံ၏ အရင်းအနှီးဈေးကွက်ကြီး တစ်ခုဟုဆိုနိုင်သည့် ကားဈေးကွက်အတွင်း ယင်းအသံများကို နေ့စဉ်ရက ဆက်ဆိုသလို ကြားနေရသည်။ ကြားခံတစ်ဆင့် တင်သွင်းသည့် ခါတော်မှီကုမ္ပဏီ အကျိုးဆောင်များနှင့် ပတ်သက်၍ ကားပိုင်ရှင်တို့အတွက် ကားလက်ဝယ် မရောက်မခြင်း စိုးရိမ်နေရသည့် ပြဿနာရပ် များကလည်း တသီတစ်တန်း။
‘‘အခု အသိ ကုမ္ပဏီ တစ်ခုကို အပ်လိုက်တယ်။ မလိမ်မချင်းတော့ စိတ်ချနေရတာပေါ့ဗျာ’’ ဟု ဆီးဒင့် ကားပိုင်ရှင် ကိုကျော်မျိုးကပြောသည်။
ရေရာသည့် အဖြေမထွက်သေး
အိုဟောင်းသော နှစ်ပေါင်း ၄၀ အထက်ရှိကားများ ကားသစ်နှင့် လဲလှယ်ရေး အစီအစဉ်အား စက်တင်ဘာ လလယ်ပိုင်းမှ စတင်ခဲ့ရာ အချိန်ကာလ တစ်လနီးပါးရှိ ခဲ့ပြီဖြစ်သည်။ ဤတစ်လတာ ကာလ ကြာညောင်းလာသော်လည်း ကားပိုင်ရှင်များအတွက် ရေရာသည့် အဖြေမှာထွက်ရှိ မလာခဲ့ကြောင်း ကားပိုင်ရှင်များက တစ်ညီတစ်ညွှတ်တည်း ဆိုကြသည်။
‘‘ကညန မှာ ကားအပ်တဲ့ကိစ္စက မခက်ခဲဘူး။ မင်္ဂလာဒုံမှာ ကားအပ်တဲ့ ကိစ္စကတော့ အခက်အခဲဖြစ်ရပါတယ်။ အဲဒီမှာ အပ်ပြီးမှ စလစ်ရတယ်။ ကားဝယ်ဖို့အတွက်ကို ယုံကြည်စိတ်ချရတဲ့ ကုမ္ပဏီတွေ လိုက်ရှာရတယ်။ ကားစလစ်ကနေ ပါမစ်ဖြစ်အောင် နေပြည်တော်ကိုသွားရတယ်။ နောက် FE ဘဏ်မှာ ဒေါ်လာ ၁၀၀ နဲ့ စာရင်းဖွင့်ရတယ်။ ကားဝယ်ဖို့က ဒေါ်လာ ၃၅၀၀၊ ၅၀၀၀ ဆိုတော့ ယဉ်ပိုင်ရှင်တွေ အနေနဲ့က မလုပ်နိုင်ကြဘူး’’ ဟု ယင်းကဆက်ပြောသည်။
ကိုကျော်မျိုး ကဲ့သို့ ကားပိုင်ရှင် တော်တော်များများ အခက်အခဲကြုံနေရသည်။ စီအိုင်အက်ဖ် တန်ဖိုးငွေ အကောင့်ဖွင့်ရန် အခက်အခဲများ၊ တင်သွင်းမည့်နိုင်ငံ၏ နေ့စဉ်နှင့်အမျှ ပြောင်းလဲနေသော ကားဈေးနှုန်းများ ကားတင်သွင်းမည့် ကုမ္ပဏီ ကြီးများ၏ ယုံကြည်ရမှု အခက်အခဲများ ၊ ကားတင်သွင်းပြီးရောက် ရှိလာလျှင် ကောက်ခံမည့် မမျှော်လင့်နိုင်သော အခွန်နှုန်းထားများ သည် ကားပိုင်ရှင်တော်တော် များများ စိုးရိမ်ပူပန် နေကြသည် ဟု သိရသည်။
ကားဈေးနှင့် CIF တန်ဖိုးမှာ ဒေါ်လာ ၅၀၀၀ ထက်မကျော်ရ
ပြည်ပနိုင်ငံများမှ ကားတင်သွင်းနိုင်မှု အစီအစဉ်တွင် ၁၉၉၅ မော်ဒယ် နှင့်အထက် ယဉ်အမျိုးအမည် စာရင်း၂၆ မျိုးအား ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သတ်မှတ်ခဲ့ကြောင်း၊ Normal Trade မှသာ တင်သွင်းရ မည်ဖြစ်ကြောင်း၊ Account Transfer များ ဖွင့်ပြီးမှ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ကားဈေးနှင့် CIF တန်ဖိုးမှာ ဒေါ်လာ ၅၀၀၀ ထက်မကျော်ရ၊ Normal Trade မှတင်သွင်းရမည် ဟု သတ်မှတ်ခဲ့သည်။
သိန်း ၁၀၀ နီးပါးလောက်ပေးကြပြီ
ဆီဒင့်ကားပိုင်ရှင် ကိုကျော်မျိုးက ‘‘အေးဂျင့် ပေါ်မှုတည်ပြီး ကျပ် ၁၃ သိန်းကနေ ၁၇ သိန်းအထိ ကား အေးဂျင့်ကိုပေးရတယ်။ တစ်ချို့ကျတော့ အေးဂျင့်ရော ကားသွင်းတဲ့ ကုမ္ပဏီပါ တစ်ခုတည်းရှိတယ်။ ဈေးကတော့ ဒီဈေးပါပဲ။ လုပ်ကြတာက ကား၀ယ်တဲ့ ကုမ္ပဏီ ကို စလစ်ပေးပြီး ဥပမာ-ဒေါ်လာ ၄၀၀၀ တန်ကားအတွက် စရန်ငွေ ရာခိုင်နှုန်း ၅၀၊ ကားဆိပ်ကမ်း အရောက်၂၅ ရာခိုင်နှုန်း၊ လက်ဝယ်အရောက် နံပါတ်ရောက်ပြီး ၂၅ ရာခိုင်နှုန်းဆိုပြီးပေးရတယ်။ အခုဆိုကားပိုင်ရှင်တိုင်း ကားတွေလည်း မရှိတော့ဘူး။အကျိုးဆောင်တွေ ၊ အေးဂျင့်တွေကိုပေးတဲ့ ငွေတွေကို မလိမ်မချင်း ယုံကြည်ရတယ်လို့ပဲ ပြောရတော့မှာ ဖြစ်တယ်။ လက်ထဲမှာ ကားရော၊ ငွေကျပ် သိန်းတစ်ရာ နီးပါးလောက် ပေးပြီးကြပြီ။’’ ဟု ပြောသည်။
နယ်စပ်ကလာရင် ဈေးသက်သာ
ဦးလှမောင်က ဆက်ပြောရာတွင် ‘‘တကယ်လို့ ဈေးကွက်စီးပွားရေး စနစ်ကို ပီပြင်စွာ ဆောင်ရွက်မယ် ဆိုရင် အကောက်ခွန်ကတော့ နယ်စပ်လမ်းကြောင်းမှာ သွားထိုင်ရမှာ ဖြစ်ပါတယ်။ ကာစတန်ဂျူတီ ကောက်ရမှာပေါ့။ FOB ဆိုတဲ့ Freight on board ဆိုတဲ့ သက်ဆိုင်ရာ ဟိုဘက်နိုင်ငံက သဘောပေါ်ရောက်တန်ဖိုး။ တကယ်လို့ ရန်ကုန်ဆိပ်ကမ်း အရောက်တန်ဖိုးဆိုတဲ့ CIF လို့ခေါ်တာပေါ့။ Freight on board တို့ Frieight on ray လို့ခေါ်တယ်။ FOT, FOR လို့ခေါ်တဲ့ စနစ်တွေနဲ့လည်းလုပ်ရင် ရနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ နယ်စပ်ကလာရင် ဈေးသက်သာပါတယ်။’’ ဟု အကြံပြုပြောသည်။
ကုမ္ပဏီ တိုင်းကိုလည်း ဝ ကွက်အပ်ပြီးမယုံသင့်
စီးပွားရေးပညာရှင် တစ်ဦးကလည်း ‘‘အစိုးရပိုင်းကတော့ Bank Account ဖွင့်တာ တစ်ရက်တည်းနဲ့ လုပ်ပေးတယ်လို့ကြားတယ်။ ဖွင့်ပြီးရင် ကားပါမစ်ကျဖို့ အတွက် ဒေါ်လာရှိတဲ့သူနဲ့ transfer လုပ်ဖို့လိုတယ်။ အေးဂျင့်နဲ့ လုပ်ရင်တော့ သူအများကြီးစားသွားမှာပဲ။ တစ်ဒေါ်လာကို ကျပ် ၈၃၀ ပေါက်ရင် Transfer က ကျပ် ၈၇၀ လောက်ဖြစ်သွားမယ်။ အလွန်ဆုံးကျပ် ၉၀၀ လောက်ထိ ဖြစ်လာနိုင်တယ်။ တစ်ဒေါ်လာကို ကျပ် ၅၀ လောက်ပိုပေးရတော့ ဒေါ်လာ ၅၀၀၀ ဆိုတော့ နှစ်သိန်းခွဲ လောက်ပိုပေးရ နိုင်တယ်။ ၁၃ သိန်းလောက်တော့ ပိုပေးရနိုင်စရာ မရှိပါဘူး။ ဒါကိုအေးဂျင့်က အများကြီးယူတဲ့ သဘောဖြစ်နိုင်ပါတယ်။ ကားကိုတင်သွင်းပေးမယ့် ကုမ္ပဏီတိုင်းကိုလည်း ဝ ကွက် အပ်ပြီး မယုံသင့်ပါဘူး’’ ဟု ပြေသည်။
ယင်းကဲ့သို့ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ယဉ်ပိုင်ရှင်များ အနေဖြင့် အခက်ခဲများစွာ ရှိသဖြင့် ပြည်တွင်း၌ ကုမ္ပဏီ ကြီးငယ် မရွေး ဈေးနှုန်းချိုသာစွာဖြင့် တင်သွင်းနိုင်ရန် ကားကုမ္ပဏီများ ဝန်ဆောင်မှု လုပ်ငန်းများလုပ်ကိုင် လာကြသည်။
လုပ်ထုံးလုပ်နည်းနဲ့အညီ စီစစ်ပေးသွားမည်
စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မူဝါဒရေးရာဌာန၊ လက်ထောက်ညွှန်ကြားရေးမှုး ဦးလှထွန်းက ‘‘ကားကုမ္ပဏီတွေပြုလုပ်ဖို့ ဆိုပြီး ကုမ္ပဏီတွေ လျောက်လွှာတွေတော့ တင်လာပါပြီ’’ ဌာနအနေနဲ့ကတော့ လုပ်ထုံးလုပ်နည်း တွေနဲ့ အညီ စီစစ်ပြီးတော့ ပေးသွားမှာ ဖြစ်ပါတယ်။ လူကြီးတွေကလည်း ပြုလုပ်ပေးဖို့ ပြောထားတာတွေလည်း ရှိပါတယ်။’’ ဟု ပြောသည်။
ကားတင်သွင်းရေး ဆိုင်ရာဝန်ဆောင်မှု ပေးရန် ကြော်ငြာထားသည့် Myanmar Automobile Dealer မှ ကိုအေးမင်းလင်းက ‘‘အခု law တွေကတော့ အပြီးသတ် မထုတ်ရသေးတော့ တင်သွင်းတဲ့ လုပ်ငန်းတွေတော့ မစရသေးပါဘူး။ အခုလဲ ကျွန်တော်တို့က ပို့ကုန်သွင်းကုန် ကုမ္ပဏီပါပဲ။ ကားမှတ်ပုံတင် ရရှိဖို့ ဆောင်ရွက်သွားမှာ ဖြစ်တဲ့အတွက် Law တွေကိုစောင့်နေပါတယ်။
‘‘ကားကို တင်သွင်းနေရတာက ကြားသတင်းနဲ့ လုပ်နေကြတဲ့သူတွေချဉ်းပဲ။
မသိလို့ ကုမ္ပဏီက Reject ထိတဲ့ ကားတင်သွင်းလာရင် အဲဒီကားကို တခြားကားနဲ့လဲပေးမှာလား၊ သိမ်းမှာလား။ ဒါတွေကို စီးပွား/ကူးသန်းဌာန အနေနဲ့ တိကျတဲ့ကားနဲ့ မိုဒယ်တွေကို သတ်မှတ်စေချင်တယ်’’
ပါမစ်အရောင်းအဝယ် မလုပ်စေချင်
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှုး ဦးတင်မောင်ဆွေက ‘‘ အခုလက်ရှိမှာ ကားတင်သွင်းခွင့်ကို ဘယ်ကုမ္ပဏီကိုမှ ကုန်းလမ်းပို့ဆောင်ရေးဌာနက ပေးထားတာမရှိဘူး’’။ သူတို့ဘာသာ သူတို့လုပ်နေကြတာ။အမှန်အကန် ရှိသလို မကောင်းတဲ့ သူတွေလည်း ရှိနိုင်ပါတယ်။ အခုပါပစ်တွေကို အပြင်မှာ ကျပ်သိန်း ၁၀၀ ကျော်နဲ့ ပြန်ရောင်းနေတယ် ဆိုတဲ့ အသံတွေတော့ ကြားနေရတယ်။ အဓိက ပြောချင်တာကတော့ အပြင်မှာ ပါမစ်တွေ အတုထွက်နေတယ်။ အဲဒါကြောင့် ပါမစ်တွေကို အရာင်းအဝယ် မလုပ်စေချင်ဘူး။ ရောင်းမယ်ဝယ်မယ် ဆိုရင်လည်း ကားတင်သွင်းပြီးတော့ ရောင်းဝယ် လုပ်စေချင်တယ်။’’ ဟု ပြောသည်။
၉၅ ခုနှစ်အထက် ယဉ်တွေကိုပဲ တင်သွင်းခွင့်ပြု
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှုး ဦးတင်မောင်ဆွေက ‘‘ နှစ်ပေါင်း ၄၀ကျော် ကားဟောင်းတွေ ဖြစ်တဲ့ စ၊ဆ၊ဇ အက္ခရာကားတွေကို စက်တင်ဘာ ၁၉ ရက်ကနေ စပြီး အပ်နှံခြင်းလုပ်ပေးနေပါတယ်။ နောက်ပိုင်း ဈ၊ည တွေကိုလုပ်သွားမယ် တိုင်းနဲ့ ပြည်နယ် ၁၄ ခုလုံးမှာလုပ်ပေး နေတယ်။ လားရှိုးနဲ့ ကျိုင်းတုံတွေမှာ လုပ်ပေးတယ်။ ကားတွေအပ်တဲ့ နေရာမှာ အမျိုးအစားသတ်မှတ်ထားတာ မရှ်ဘူး။ ပုဂ္ဂလိဂပိုင် ယဉ်တွေလည်း အပ်လို့ရတယ်၊ လက်ခံတယ်။ ကားမှတ်ပုံတင် စာအုပ်ရယ် ဝှီးတက် ရယ်စစ်တယ်။ မိသားစုဝင်တွေ လာလုပ်လို့ရတယ်။ ယဉ်ကို ဘောင်ခဲခြစ် နဲ့ပဲ စစ်တယ်။ ကားကို ဓာတ်ပုံရိုက်တယ်။ ကားပါမစ်ကတော့ အုပ်စု ၃ စုခွဲပြီးလုပ်ထားတယ်။ ကိုယ်ပိုင်ကား အုပ်စု၊ ခရီးတည်တင် ဘတ်စ်ကား အုပ်စုနဲ့ ကုန်တင် ထရပ်ကားအုပ်စု ဆိုပြီးတော့ သုံးပိုင်းခွဲထားတယ်။ ခရီးသည်တင် ဘတ်စ်ကားတွေကိုလည်း အနည်းဆုံး ၁၅ ယောက်စီး ကားတွေထိတင်သွင်း ခွင့်ပြုထားတယ်။ လူစီးကားတွေကို တော့ ဒေါ်လာ ၃၅၀၀၊ ကုန်တင်ကားတွေကိုတော့ ဒေါ်လာ ၁၀၀၀၀ နဲ့ ခရီးသည်တင် ဘတ်စ်ကားတွေကိုတော့ ဒေါ်လာ ၁၅၀၀၀ အထိ ခွင့်ပြုထားတယ်’’ ဟု ပြောသည်။

