တရုတ်ပြည်တွင် တန်မင်းဆက်လက်ထက်က ကဗျာစာဆို ဒူဖုသည် တရုတ်ပြည်၏ ဆောင်းဦးလများသည် ကောင်းကင် ကြည်လင် သန့်ရှင်းပြီး လေကောင်း လေသန့် ရှူရှိုက်ရန် အကောင်းဆုံးဖြစ်ကြောင်း ရေးခဲ့ဖူးသည်။ သို့သော် ယနေ့ခေတ် ပေကျင်းမြို့တော် အခြေအနေက ကဗျာစာဆို ရေးသားချက် မှားသွားကြောင်း သက်သေပြနေခဲ့သည်။
ပေကျင်းမြို့၏ ဆောင်းဦးလတွင် ပတ်ဝန်းကျင် မြင်ကွင်း၌ မှုန်ဝါးဝါးနှင့် မြင်နိုင်စွမ်းအား မကောင်းပေ။ လေထုထဲတွင်လည်း မီးခိုးနှင့် မြူနှင်းများ ရောယှက် ပျံ့နှံ့နေပြီး အသက်ရှူသည့် အလုပ်သည်ပင် ခက်ခဲမှုနှင့် ကြုံတွေ့နေရသည်။ လေထု အရည်အသွေးကို ပြသသည့် AQI သည် ပြီးခဲ့သည့်အပတ်က ၄၂၅မှတ် ရောက်နေခဲ့ကြောင်း ပေကျင်းရှိ အမေရိကန်သံရုံး မိုးလေဝသဌာန၏ ထုတ်ဖော်မှုအရ သိရသည်။
လေယာဉ်ခရီးစဉ် ၂၀၀ကျော် ဖျက်သိမ်းခဲ့ရပြီး အဝေးပြေးလမ်းမကြီး ငါးခုကိုလည်း ပိတ်ထားလိုက်ရကာ မီတာ၁၀၀ အကွာအဝေးတွင်းပင် မြင်နိုင်စွမ်း အားနည်းသွားရကြောင်း သိရသည်။ မော်တော်ယာဉ်များနှင့် ကျောက်မီးသွေး လောင်စာသုံး ဘွိုင်လာများကြောင့် လေထု ညစ်ညမ်းရခြင်းဖြစ်ကြောင်း အထည်ဆိုင်ရှင်တစ်ဦးက ပြောသည်။
အစိုးရအနေဖြင့် လေထုညစ်ညမ်းမှု တိုက်ဖျက်ရေးအတွက် သန့်ရှင်းသော စွမ်းအင်သုံး ကိရိယာများ တပ်ဆင်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး တရုတ်ပြည် မြောက်ပိုင်းတွင် ဆောင်းရာသီ အဝတ်အစား ရိုးရာ ဓလေ့ပွဲတော်ကို ကျင်းပတော့မည်ဖြစ်ရာ ပေကျင်းမြို့ လမ်းထောင့်များတွင် ရွေစက္ကူ၊ ငွေစက္ကူများ မီးရှို့ပွဲစတော့မည်ဖြစ်သည်။
အောက်တိုဘာ ၉ရက်က ပေကျင်းရှိ လေထု အရည်အသွေးအမှတ်သည် နှစ်နာရီခန့် ၅၀၀အထိ တက်သွားကြောင်းသိရသည်။ WHO ထုတ်ပြန်ထားသည့် စံနှုန်း သတ်မှတ်ချက်ထက် အဆ၂၀ပိုနေကြောင်း သိရသည်။ စက်ဘီးနှင့် ဆိုင်ကယ် စီးသူအများစုမှာ ခေါင်းကိုဖုံးပြီးမှ သွားလာ လှုပ်ရှား နေကြရကြောင်း သိရသည်။

