နိုင်ငံတကာတွင် နာမည်ကြီးဖက်ရှင် ဒီဇိုင်နာတစ်ဦး အဖြစ် ရပ်တည်နိုင်မည့် ဖက်ရှင်ဒီဇိုင်း အနုပညာဘွဲ့ ကို စင်ကာပူ နိုင်ငံရှိ MDIS တွင် တက်ရောက်နိုင်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါကျောင်းတွင် Fashion Marketing & Branding နှင့် Fashion Design ဟူ၍ မိမိနှစ်သက်ရာကို ရွေးချယ်တတ်ရောက်နိုင်မည်ဖြစ်သည်။ ထို့ပြင် စင်ကာပူတွင် သုံးနှစ်တက် ရောက်ပြီးပါကလည်း ယူကေရှိ Nottingham Trent University မှပေးအပ်မည့်ဘွဲ့ကို ရရှိမည် ဖြစ်ကြောင်း Study Abroad မှသိရသည်။
ဖက်ရှင်ဒီဇိုင်းဘွဲ့ကို သုံးနှစ်တက်ရောက်နိုင်ဖို့ လိုအပ်တဲ့ ဖောင်ဒေးရှင်းကို ပြည်တွင်းမှာပဲ ရှစ်လ တက်ရမယ်။ ကျောင်းပြီးသွားတဲ့သူတွေက နိုင်ငံတကာ ဖက်ရှင်ဒီဇိုင်းပြပွဲတွေမှာ ဝင်ပြီးပြသနိုင်မယ်။ အခု တစ်နှစ်၊ နှစ်နှစ် နောက်ပိုင်းမှာ ဖက်ရှင်ဒီဇိုင်းဘာသာရပ်ကို လူငယ်တွေ ခေတ်စားလာကြတယ်။ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ပြည်တွင်းမှာလဲ ဖက်ရှင်ရှိုးတွေ တော်တော်များလာလို့ ဖက်ရှင်ဒီဇိုင်းကို စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် အခွင့်အလမ်းတွေ များလာလိမ့်ဟု Study Abroad မှ မန်နေဂျင်းဒါရိုက်တာ ဒေါ်လွင်လွင်အောင်က ပြောသည်။
MDIS တွင် တက်ရောက်နိုင်ရန် တက္ကသိုလ်ဝင်တန်းအောင်မြင်ထားရန် လိုအပ်ပြီး အခြေခံဖြစ်သည့် ဒီပလိုမာ ၁၀လတွင် ဒီဇိုင်းကျွမ်းကျင်မှု၊ စျေးကွက်ချဲ့ ထွင်မှုဆိုင်ရာများ၊ ဖက်ရှင်ဒီဇိုင်းပညာများ နှင့် ဖက်ရှင်လုပ်ငန်းလောက အတွက် ပြောင်းလဲဆန်းသစ်လာသော တီထွင် ဖန်တီးမှုများကို သင်ကြားကြရမည် ဖြစ်သည်။

