ဩစတြေးလျ ကျောင်းသားဗီဇာ စည်းကမ်းချက် အပြောင်းအလဲ များရှိလာသည့် အတွက် မြန်မာ ကျောင်းသားများ ပိုမိုအဆင်ပြေလာနိုင်ကြောင်း ပညာရေးအေဂျင်စီ အသိုင်းအဝိုင်းမှ သိရသည်။
နိုင်ငံတကာ ကျောင်းသားများအတွက် ဩစတြေးလျ ကျောင်းသားဗီဇာ လျှောက်ထားရာတွင် စည်းမျဉ်းစည်းကမ်းများ တင်းကျပ် လေ့ရှိပြီး ယခုအခါတွင် လိုအပ်ချက် အနည်းငယ်ကို ဖြေလျှော့ ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ အစီအစဉ်အရ ဩစတြေးလျ ကျောင်းသား ဗီဇာလျှောက်ထားရာတွင် လိုအပ်ချက်အချို့ကို ပယ်ဖျက်ပေးသွား မည်ဖြစ်ပြီး နိုင်ငံတကာ ကျောင်းသားများ အတွက် ပိုမိုအဆင်ပြေစေမည့် အချက်များကို ထည့်သွင်းထုတ်ပြန် လိုက်သည့် အတွက် မြန်မာကျောင်းသားများ အဆင်ပြေလာနိုင် မည်ဖြစ်ကြောင်း Crown Education မှကိုအောင်ကျော်ဆန်းက ယင်းထုတ်ပြန်ချက်ကို ကိုးကား၍ ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ က ဩစတြေးလျကျောင်းလျှောက် မယ့် ကျောင်းသား၊ ကျောင်းသူတွေအတွက်တော့ သတင်းကောင်း တစ်ခုပါပဲ။ သတိထားရမယ့်အချက်က ဒီအပြောင်းအလဲဟာ ဩစတြေးလျမှာ ရှိတဲ့ တက္ကသိုလ်တွေကို အထူးသက်ရောက်မှာ ဖြစ်လို့ TAFE ကျောင်းတွေက ဒီထုတ်ပြန်ချက်အပေါ် ဝေဖန်မှုတွေရှိခဲ့တယ်။ နောက်ပြီး ဒီအပြောင်းအလဲတွေက ချက်ချင်း အကျိုးသက်ရောက် ဦးမှာ မဟုတ်ပါဘူး။ ၂၀၁၂ ဒုတိယ စာသင်နှစ်ကျမှ အကျုံးဝင်မှာပါ ဟု ကိုအောင်ကျော်ဆန်းက ပြောသည်။

